ခံဝန်ချုပ်

ဝီကီပီးဒီးယား မှ

ခံဝန်ချုပ်[ပြင်ဆင်ရန်]

ခံဝန်ချုပ်ဆိုသည်မှာ ငွေကြေးကိစ္စနှင့် စပ်လျဉ်းသော ကတိတစ်ခုခုကို ဝန်ခံသက်သေပြုသော စာချုပ်စာတမ်းဖြစ်၍ အင်္ဂလိပ်ဘာသာအားဖြင့် ဗွန်းဟု ခေါ်သည်။ ဗွန်း၏ အဓိပ္ပာယ် မှာ ချည်ရန်၊တုပ်ရန် ဖြစ်သည်။ အစိုးရ သို့မဟုတ် ကော်ပိုရှင်း အဖွဲ့တစ်ခုခုက ငွေလိုသဖြင့် လူထုံထံမှ ချေးသောအခါ ငွေကို သတ်မှတ်ထားသောနေ့ရက်တွင် အတိုးနှင့်တကွ ပြန်လည် ပေးဆပ်ပါမည်ဟူ၍ ကတိပြုစာရွက်စာတမ်းများကို ထုတ်ပေး သည်။ ထိုစာရွက်စာတမ်းသည် ငွေချေးယူသူကို တုပ်နှောင် ထားသည့် စာချုပ်သဖွယ်ဖြစ်ပေသည်။

ငွေကိုင်စာရေးကဲ့သို့ ငွေကြေးလက်ခံထိန်းသိမ်းရသောသူ များသည် ငွေရေးကြေးရေးကိစ္စများ၌ ရိုးသားဖြောင့်မတ်စွာ လုပ်ကိုင်ပါမည်ဟူ၍ အလုပ်ရှင်နှင့် ချုပ်ဆိုသော ကတိစာချုပ် များ၊ အဆောက်အအုံတစ်ခုခုကို ဆောက်လုပ်ရာ၌ သတ်မှတ် ထားသော ရက်အတွင်း ပြီးစီးစေပါမည်ဟူ၍ အာမခံငွေတင်ကာ ပစ္စည်းရှင်နှင့် ကန်ထရိုက်တာတို့ ချုပ်ဆိုသော ကတိစာချုပ်များ သည်လည်း ဗွန်းခေါ် ခံဝန်ချုပ်များပင် ဖြစ်ကြသည်။ နိုင်ငံခြား မှလာသော အရက်၊ စီးကရက် စသည့် သွင်းကုန်များကို အကောက်ဖက်ဆိုင်ရာ ကုန်လှောင်ရုံတွင် ထားရှိကာ ထိုကုန် များအပေါ်တွင် ကျသင့်သော အကောက်တော်ခွန်ကို မှာယူ သူက ပေးဆောင်ပါမည်ဟု ကတိစာချုပ် ချုပ်ဆိုသည်ကိုလည်း ခံဝန်ချုပ်ဟူ၍ပင် ခေါ်သည်။

ထို့ပြင် သွင်းကုန်တစ်ခုခုကို နိုင်ငံအစိုးရက သတ်မှတ် ထားသော စည်းကမ်းအတိုင်းသာ ရွေးယူပါမည်ဟူသော ကတိဖြင့် အကောက်ဘက်ကုန်လှောင်ရုံတွင် ဥပဒေအတိုင်း အပ်နှံထားခြင်းကိုလည်း ခံဝန်ချုပ်အရ အပ်နှံခြင်းဟု ခေါ်ဆို သည်။ အစိုးရပညာတော်သင်များသည် အစိုးရ၏ စည်းကမ်း များကို လိုက်နာပါမည်ဟု ခံဝန်ချုပ်များကို လက်မှတ်ထိုးကြ ရသည်။ ရာဇဝတ်မှုများတွင် တရားခံအား အချုပ်မှ အာမခံဖြင့် ထုတ်ယူရာ၌လည်း ခံဝန်ချုပ် ချုပ်ဆိုရသည်။ သို့သော် ငွေချေး ငွေယူနှင့် သက်ဆိုင်သောစာချုပ်များကိုသာ အများအားဖြင့် ခံဝန်ချုပ်ဟူ၍ နားလည်ကြသည်။ ကုမ္ပဏီများသည် ငွေချေး ခံဝန်ချုပ်များကို လူအများကဝယ်ယူမှသာ မိမိတို့ လိုသလောက် ငွေ ကို ရမည်ဖြစ်၍ ခံဝန်ချုပ်များကို ၁ဝဝိ တန်၊ ၅ဝဝိ တန်၊ ၁၀၀ဝိ တန်ဟူ၍ တန်ဖိုးအမျိုးမျိုးထားကာ ရောင်းချကြသည်။

ငွေချေး ခံဝန်ချုပ်များသည် ပြန်လည်ရောင်းချရန် လွယ်ကူ သည့်ပြင် အရင်းမဆုံးနိုင်ရုံမက ကုမ္ပဏီငွေစာရင်းရှင်းတမ်းများ တွင် ယင်းကို ဦးစားပေး၍ စာရင်းရှင်ရသောကြောင့် ငွေချေး ခံဝန်ချုပ်များကို လူကြိုက်များသည်။ ငွေချေး ခံဝန်ချုပ်များတွင် အပေါင်ခံ ခံဝန်ချုပ်နှင့် ဒီဗင်ချာခေါ် နှုန်းသေခံဝန်ချုပ်များ ပါဝင်သည်။

အပေါင်ခံ ခံဝန်ချုပ်ဆိုသည်မှာ ငွေလိုသည့်အစိုးရ သို့မဟုတ် ကုမ္ပဏီက ငွေထုတ်ချေးမည့်သူကို မိမိ ပစ္စည်း များကို အပေါင်ပေး၍ ငွေချေးယူခြင်း ဖြစ်သည်။ ချေးငွေကို သတ်မှတ်ထားသော အချိန်အတွင်း၌ ပေးဆပ်ရန် ပျက်ကွက် ခဲ့သော် ဆိုင်ရာအစိုးရ သို့မဟုတ် ကုမ္ပဏီအား ခံဝန်ချုပ် ပိုင်ရှင်က တရားစွဲဆိုကာ အပေါင်ပစ္စည်းများကို ထုခွဲရောင်းချ ပိုင်ဆိုင်ခွင့် ရှိသည်။ ခံဝန်ချုပ်၏ သက်တမ်းမှာ အနှစ် ၂ဝ မှ ၉၉ နှစ် အထိ ကြာမြင့်တတ်သည်။ အပေါင်ပေးထားရသဖြင့် လည်း အတိုးနှုန်းအရ နည်းလေသည်။

ဒီဗင်ချာ ခေါ် နှုန်းသေခံဝန်ချုပ်မှာ ချေးယူထားသောငွေ ကို နှုန်းသေအတိုးနှင့်တကွ သတ်မှတ်ထားသော နေ့၌ ပြန်ဆပ် ပါမည်ဟူ၍ သက်ဆိုင်ရာတံဆိပ် ခပ်နှိပ်ကာ ထုတ်ပေးသော ကတိစာချုပ်ဖြစ်သည်။ ကတိကို ဖောက်ဖျက်ခဲ့သော် သက်ဆိုင် ရာ ကုမ္ပဏီ၏ ပစ္စည်းအရပ်ရပ်ကို ခံဝန်ချုပ်ပိုင်ရှင်များက အညီ အမျှ ခွဲဝေယူနိုင်သည်။ ဒီဗင်ချာ ခံဝန်ချုပ်၏ သက်တမ်းမှာ တိုတောင်းသည်။ ထို့ပြင် ကတိဝန်ခံစာသာ ဖြစ်သဖြင့် တရားစွဲ ပိုင်ခွင့် နည်းသောကြောင့် အတိုးနှုန်းထား ကြီးလေသည်။

ခံဝန်ချုပ်ချုပ်ဆိုရာ၌ မှတ်ပုံတင်ခံဝန်ချုပ်နှင့် ကူပွန်ခံဝန် ချုပ် ဟူ၍ ချုပ်ဆိုနည်း ၂ မျိုးရှိသည်။ မှတ်ပုံတင် ခံဝန်ချုပ်၌ ပိုင်ရှင်၏အမည်နှင့် ထုတ်ချေးငွေများကို ဆိုင်ရာကုမ္ပဏီ၌ မှတ်ပုံတင်ခွင့် ရရှိသဖြင့် ထို ခံဝန်ချုပ်ပိုင်ရှင်သာလျှင် တရား ဝင် မြီရှင်အစြဖ် အသိအမှတ်ပြုခြင်းခံရသည်။ ကူပွန်ခံဝန်ချုပ် ၌မူ အခါအားလျော်စွာ ရရှိမည့် အတိုးနှင့် အတိုးငွေထုတ်ပေး မည့် နေ့ရက်များကို လက်မှတ်ငယ်များတွင် ဖော်ပြထားရသည်။ ထိုလက်မှတ်ငယ်များကို ခံဝန်ချုပ်နှင့်အတူ ပူးတွဲပေးလေ့ရှိရ ကား သတ်မှတ်ထားသော နေ့ရက်၌ ဆိုင်ရာ ငွေတိုးလက်မှတ် ငယ်များကို ခံဝန်ချုပ်နှင့်အတူ ပူးတွဲပေးလေ့ရှိရကား သတ်မှတ် ထားသော နေ့ရက်၌ ဆိုင်ရာငွေတိုးလက်မှတ်ကိုပြ၍ ငွေထုတ် ယူနိုင်လေသည်။

နိုင်ငံတစ်နိုင်ငံ၏ အစိုးရသည် ကိစ္စတစ်ခုခုအတွက် သတ်မှတ်၍ ခံဝန်ချုပ်များကို ပြည်သူများအား ရောင်းချတတ် ၏။ စစ်စရိတ်ခံဝန်ချုပ်များ၊ ငွေစုခံဝန်ချုပ်များမှာ အစိုးရက တစ်နည်းအားဖြင့် ပြည်သူထံမှ ငွေချေးခြင်း ဖြစ်၏။ ဗဟိုငွေ တိုက် ခံဝန်ချုပ်များမှာ ၃ လအတွင်း ငွေပြန်ရနိုင်ခွင့်ရှိသော အစိုးရခံဝန်ချုပ်များ ဖြစ်သည်။

ငွေချေး ခံဝန်ချုပ်များကို ကုမ္ပဏီအသီးအသီးမှ ထုတ်ဝေ လေ့ရှိသော်လည်း အစိုးရထုတ် ငွေချေးခံဝန်ချုပ်များလောက် လူကြိုက်မများချေ။ ငွေချေးခံဝန်ချုပ်များ ဝယ်ယူရာတွင် အပေါင်ပါခဲ့သော် အပေါင်ပစ္စည်း၏ တန်ဖိုးသည် ငွေချေး ခံဝန်ချုပ် တန်ဖိုးထက် မြင့်ရမည်။ ငွေချေး ခံဝန်ချုပ် ထုတ် သော ကုမ္ပဏီသည်လည်း လူကြိုက်များ၍ ဝင်ငွေကောင်း ရပေမည်။ ထိုအချက်များကို ငွေချေးခံဝန်ချုပ် ဝယ်ယူရာ၌ သတိထားသင့်ပေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)