ခံတက်ပင်

ဝီကီပီးဒီးယား မှ

ခံတက်ပင်ကို ကုန်းခံတက်ပင်ဟူ၍လည်း ခေါ်ကြသည်။ မြန်မာနိုင်ငံတွင် ခံတက်ပင်များကို မြေပြင်အမြင့် ပေပေါင်း ၃၅ဝဝ မြင့်သည့်နေရာအထိ တွေ့ရှိနိုင်သည်။ ခံတက်ပင်သည် အမြင့်မှာ ပေ ၃ဝ ခန့်အထိ ရှိတတ်၍ ပင်စည်လုံးပတ်မှာ ၃ ပေမှ ၅ ပေအထိ ရှိတတ်သော ပင်လတ်မျိုးဖြစ်သည်။ ယင်းကို အများအားဖြင့် စိုက်ပျိုးယူတတ်ကြသည်။ ခံတက်ပင်သည် နွေ ရာသီတွင် အရွက်ကြွေ၍ ဆင်စွယ်ရောင်အပွင့်များ ပွင့်သည်။ အသီးမှာ ဝမ်းဘဲဥအကြီးစားခန့်ရှိ၍ အခွံတွင် အပြောက်အပိမ့် များ ရှိသည်။ ခံတက်ပင်သည် သဘာဝအလျောက် ပေါက်ရောက်သော အပင်ဖြစ်သည်။

ပုံသဏ္ဌာန်[ပြင်ဆင်ရန်]

အပင် ရွက်ကြွေပင်လတ်မျိုးဖြစ်၍ ပေ ၃၀ ကျော်အထိ မြင့်၏။ အကိုင်းအညွန့်များပေါ်တွင် အဖြူစင်းများ ရှိ၍ အပင်စည် အခေါက် မီးခိုးရောင်ရှိသည်။ အတွင်း သားမာဆတ်ပြီး အဝါရောင်ရှိ၏။ ရင့်ကအညိုရောင် သို့ပြောင်းသွား၏။ အရွက် ၃ ရွက်မြွှာပေါင်းဖြစ်၍ ရွက်လွှဲထွက်သည်။ ရွက်ညှာ ရှည်သည်။ ရွက်မြွှာများ ၃-၆ လက်မအထိရှည်သည်။ ရွက်ပြား၏ ကျောဘက်တွင် ရွက်ကြောများထင်ရှား စွာရှိသည်။ ရွက်ထိပ်ချွန်သည်။ ရွက်ရင်းသွယ်သည်။ ရွက်နားညီ၍ ရွက်ပြားချောသည်။ အပွင့် အချင်း ၂-၃ လက်မအထိရှိသည်။ အပွင့်ကြီးမား သည်။ အဝါနုရောင်ရှိ၍ မြောက်မြားစွာပွင့်၏။ အသီး အဝါရောင်ရှိသည်။ အချင်း ၁-၂ လက်မရှိ၍ ဘဲဥပုံ သို့မဟုတ် လုံးဝိုင်းသည်။ အသားထူသည်။ အခွံမာ ၍ကြမ်းသည်။ ကျောက်ကပ်ပုံ အစေ့များစွာပါသည်။

အသုံးပြုခြင်း[ပြင်ဆင်ရန်]

ခံတက်သား၏အရောင်မှာ ဝါကြန့်ကြန့်ဖြစ်၍ အသင့် အတင့်မာကာ အသားညီသည်။ ထိုအသားကို အိမ်အသုံး အဆောင်များ၊ ဗုံများနှင့် ခေါင်းဖြီးရန်ဘီးများ ပြုလုပ်ကြသည်။ သေတ္တာများလည်း ပြုလုပ်နိုင်သည်။

ခံတက်ရွက်

ခံတက်ရွက်နုများကို အချဉ်တည်ကာ တို့စရာအဖြစ်၊ လက်သုတ်အဖြစ် စားလေ့ရှိကြသည်။ ခံတက်ပင်၏ ဆေးဖက်ဝင်ပုံကား၊ အခေါက်ကို အနာရောဂါ သက်သာစေသော ဆေးအဖြစ်ဖြင့်လည်းကောင်း၊ အရွက်နှင့် အမြစ်၏အခေါက်တို့ကို အရေပေါ်၌ နဂိုရောင်ဖြစ်လာအောင် အုံပေးလိမ်းပေးသော ဆေးအဖြစ်ဖြင့်လည်းကောင်း၊ အသုံးပြုနိုင်ပေသည်။ ရေခံတက်ပင်သည်လည်း ခံတက်မျိုးဝင် အပင် ဖြစ်သည်။ သို့သော် ရေခံတက်ပင်သည် ချုံယောင်၊ ပင်ယောင် အပင်ငယ်ဖြစ်၍၊ ယင်းတို့ကို မြန်မာနိုင်ငံအောက်ပိုင်းတွင် တွေ့ရလေသည်။ [၂]

ဆေးဖက်ဝင် အသုံးပြုခြင်း[ပြင်ဆင်ရန်]

မြန်မာဆေးကျမ်းများ အလိုအရ ခံတက်သည် ခါးသက်သက်ရှိ၏၊ ပူသောဂုဏ်သတ္တိ ရှိ၏၊ ဝမ်းမီး ကိုတောက်စေ၏၊ ဝမ်းကိုအနည်းငယ် သက်စေ၏၊ လေနှင့်သလိပ်ကို ကြေစေ၍ ဆီးအောင့်ရောဂါ၊ ကျောက်တည်ရောဂါနှင့် သွေးဖောက်ပြန်ခြင်းကို ပျောက်ကင်းစေနိုင်စေ၏။

အခေါက်[ပြင်ဆင်ရန်]

သက်တန့်နှင့် အနာပေါက်နာတို့၌ အခေါက်ကို ပရန္နဝါ မြစ်နှင့် သွေးသောက်သော် လျင်မြန်စွာ ပျောက်၏။

အရွက်[ပြင်ဆင်ရန်]

အရွက်ကိုကြိတ်၍ ရေနှင့်ဖျော်ပြီး မီးဖြင့် နွေးအောင်ပြု၍ ကိုက်ခဲနာကျင်ရာ၌ လိမ်းသော် အကိုက်အခဲများ ပျောက်၏။ ရွက်ကြိတ်ညှစ်ရေနှင့် ကွမ်းရွက်ကြိတ်ညှစ်ရေ ဆတူယူ၍ ထောပတ်နှင့်ရောသောက်သော် အဆစ်ရောင်ရောဂါ ပျောက်၏။ ခံတက်ချဉ်ထည့်စားခြင်း ၊ သုပ်စားခြင်းဖြင့် လေထိုးလေအောင့် ရောဂါပျောက်၏။

အမြစ်[ပြင်ဆင်ရန်]

အမြစ်ခေါက်ကို ၄ ခွက် တစ်ခွက်တင် ပြုတ်သောက်သော် ဆီးချို ၊ ကျောက်တည်ရောဂါ ပျောက်၏။ ယင်းပြုတ်ရည်တွင် ကြံသကာ ရောသောက်သော် ဆီးအိမ်ရောင်ရောဂါနှင့် ကျောက်တည်ရောဂါ ပျောက်၏။ အမြစ်ကို အပြင်းဖျား ရောဂါကုဆေး၌လည်း ထည့်သွင်းအသုံးပြု၏။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. Botanic Gardens Conservation International (BGCI). (2019). "Crateva religiosa". IUCN Red List of Threatened Species 2019. IUCN. doi:10.2305/IUCN.UK.2019-2.RLTS.T32627A145369995.en. 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
  3. http://arogyamonline.com/commodity/materials/?raw=136[လင့်ခ်သေ]