ခေါသရပ်ပွဲ

ဝီကီပီးဒီးယား မှ

မြိတ်မြို့တွင် တော်သလင်းလပြည့်ကျော် ၄ ရက်နေ့ကို ခေါသရပ်နေ့ဟု သတ်မှတ်ပြီး၊ တော်သလင်းလဆုတ် ၃ ရက်နေ့ညတွင် ခေါသရပ်မုန့်များ ရောင်းချကြသည်။ တနည်းအားဖြင့် အာရုဏ်ဆွမ်းလောင်းပွဲ ဖြစ်သည်။

မုန့်ကို အချို့အိမ်များက ကိုယ်တိုင်လုပ်၍ အာရုဏ်တက် ဝေလီဝေလင်း သံဃာတော်များ ကြွလာသော်၊ မုန့်အမျိုးမျိုးနှင့် စားစရာအမျိုးမျိုးကိုလည်း လောင်းလှူသည်။ ထိုအခါ သံဃာတော်အချို့က လမ်းဆုံရောက်လျှင် ဆွမ်းခံထားသော ဆွမ်းထမင်းနှင့် မုန့်အချို့ကို လမ်းဆုံနံဘေးတွင် လောင်းချထားခဲ့ကြပြီး တဖန် ဆွမ်းထပ်ခံသည်။ လင်းအားကြီးချိန် ကျောင်းပြန်ရောက်သောအခါ ဆွမ်းများ ကပ်ပြီး ရေစက်ချ အမျှပေးဝေသည်။

ဆွမ်းခံကြွစဉ်၊ ဘုန်းကြီးကျောင်းသားများက တစ္ဆေစနောက်သည့် သဏ္ဌာန်ဖြင့် ရင်းနှီးသော အိမ်များ၏ ဆိုင်းဘုတ်၊ ကွပ်ပျစ်၊ ပန်းအိုး စသည့် အသုံးအဆောင်ပစ္စည်းများကို နေရာရွှေ့ခြင်း ပျော်စေ‌ပျက်စေ ကစားကြသည်။

ရှေးလူကြီးများ အဆိုအရ၊ မကျွတ်မလွတ်သူများ၊ စားချင်သောက်ချင်သော နာနာဘာဝများကို ကျွေးမွေးခြင်း၊ အမျှပေးခြင်း သဘောဟု ဆိုသည်။ တစ္ဆေများ ကျွတ်လွတ်နိုင်သော နေ့၊ အမျှပေးဝေပါက ရရှိနိုင်သော နေ့ဖြစ်ပြီး၊ မည်သို့ ဖြစ်ပေါ်လာသည်ကို မသိရပေ။

မြန်မာအဘိဓာန်၌ "ခေါခွက်"ကို မကောင်းဆိုးဝါးအား ထည့်ကျွေးရသော မျက်ကွတ်ခြင်းငယ်ဟု ဆိုပြီး၊ ‌"ခေါစာပစ်"ကို မကောင်းဆိုးဝါး နှောင့်ယှက်ခြင်းမှ ကင်းစေရန် ရည်ရွယ်၍ ၎င်းတို့အား အစာကျွေးသည်ဟု ဆိုရာ၊ ယင်းစကားရပ်မှ ခေါသရပ်ဟု ဆင်းသက်လာဟန် ရှိသည်။ ယနေ့တိုင် ခေါသရပ်နေ့ဟု သတ်မှတ်ကာ၊ ဆွမ်းများ လောင်းလှူပွဲ အစဉ်မလာမပျက်သေးချေ။ တနင်္သာရီမြို့နယ်ရှိ ရွာများတွင်လည်း အစဉ်အလာမပျက် ပြုလုပ်သော "ခေါသရပ်နေ့" ရှိသည်။ ၎င်းရွာများတွင်မူ "ခေါသရပ်နေ့" အကြိုညနေမှစ၍ မိမိခြံ သို့ တံစက်မြိတ် အလွန် မြေကွက်လပ်၌ ဖက်အိမ်ကလေးများ ဆောက်လုပ်ပေးထားပြီး၊ ညရီတရောတွင် မုန့်များ၊ စားစရာများ ထားပေးသည်။ ဖယောင်းတိုင်ထွန်း၍ ဖိတ်မံကြသည်။

နံနက်အာရုဏ်တက် ဆွမ်းခံထွက်ချိန်တွင် ဆွမ်းလောင်းပြီး၊ သူတို့အတွက်လည်း ကျွေးရန်ညမှ အစာများကို စွန့်ပစ်ပြီး အသစ်လဲထားပေးသည်။ တရွာလုံးလိုလိုပင် မိမိ လုပ်ထားသော မုန့်များကို ဆွမ်းလောင်း၍ ကျန်သည်ကို ရွာရှိ ဘုန်းတော်ကြီးကျောင်းသို့ ပို့သည်။ တရားနာပြီးသော်၊ အားလုံး အမျှဝေ၍ စားသောက်ကြသည်။ တဦးနှင့် တဦး မုန့်များ ဖလှယ်၍ ဧည့်ခံကြရာ ပျော်စရာ အလှူပွဲကလေး တခု ဖြစ်သည်။ ယနေ့ထိ ယင်းအစဉ်အလာသည် မြိတ်မြို့နယ် တဝိုက်တွင် တည်မြဲနေသော ဓလေ့ထုံးတမ်း ဖြစ်လျက် ရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဒေါ်မို့မို့ခင်။ မြိတ်မြို့နယ်အသင်း(ရန်ကုန်)နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်မဂ္ဂဇင်း။ ဦးဌေးမြင့်။ p. ၂၁၇။