ခေါခွက်

ဝီကီပီးဒီးယား မှ

စုန်း၊ ကဝေ၊ တစ္ဆေတို့ကို ယုံသူများသည် မိမိတို့၏ သား သမီး အိမ်သူအိမ်သား တစ်စုံ တစ်ယောက် မမာမကျန်း ဖြစ် သည့်အခါ၊ သူရဲတစ္ဆေ စသည်တို့ ဖမ်းစားသည်ဟု ယူဆကြ သည်။ ဤသို့ ဖမ်းစားခြင်းကို ကုသရန် ပယောဂဆရာများကို မေးမြန်းလေ့ရှိကြသည်။ ထိုအခါ ပယောဂဆရာတို့က တစ္ဆေ သူရဲတို့ကို ကျွေးမွေးရမည်ဟု ညွှန်ကြားလျှင်၊ အစာကို ခေါ ခွက်တွင် ထည့်၍ ကျွေးသည်။ ခေါစာထည့်၍ ကျွေးသောခွက် ကို ခေါခွက်ဟု ခေါ်သည်။

ခေါမှာ မွန်စကားဖြစ်သည်။ ခွက်ဟု အဓိပ္ပာယ်ရသည်။ ခေါခွက်ကို နှီးဖြင့် ရက်လုပ်သည်။ ခေါခွက် နှစ်မျိုး ရှိလေ သည်။ တစ်မျိုးမှာ ခေါပက်လက်ဖြစ်၍၊ ကျန်တစ်မျိုးမှာ ခေါပန်းတောင်းခေါ် အောက်ခြေပါသော ခေါခွက်ဖြစ်သည်။ ပယောဂဆရာများ ညွှန်ကြားချက်အရ ခေါခွက်ထဲတွင် မကျန်းမာသူ၏ အဝတ်အစား၊ ခြေသည်း လက်သည်း အနည်း ငယ်စီနှင့် ထမင်းဆုပ်များ၊ ငါး သို့မဟုတ် အမဲသားနှင့် ခေါင် ရမ်းပန်း အစရှိသော ပန်းနီမျိုးများကို ထည့်၍ နေဝင်ဆည်းဆာ အချိန်၌ ရွာပြင်သို့ သွားပြီးလျှင် ချထားရသည်။ အမဲသား ငါးနှင့် ထမင်းဆုပ်များ အရေအတွက်မှာ ပယောဂဆာများ၏ ညွှန်ကြားချက်အတိုင်းပင် ဖြစ်ရသည်။ ခေါခွက်ကို ချထားသူ သည် ခေါခွက်ကို ချထားခဲ့ပြီးနောက်၊ နောက်ဖက်သို့ ပြန် မကြည့်ဘဲ အိမ်သို့ပြန်လာရလေသည်။ အိမ်သို့ ရောက်လျှင် လှေခါးရင်းမှနေ၍ မမာသူ၏မွေးနေ့ကို ဖော်ထုတ်ကာ မာပြီ လား'ဟု မေးရသည်။ ထိုအခါ အိမ်သူအိမ်သားများက 'မာပြီ ချာပြီ။ လွတ်ပြီ ကျွတ်ပြီ'ဟု ယူဆကြသည်။

ဤအကြောင်းကို ရည်ရွယ်၍ ကလေးသူငယ်များ အစဉ် အလာ သီဆိုလေ့ရှိသည်မှာ 'ခေါခွက်ထဲက၊ အမဲ ဒူးရိုး၊ ပန်း ပုဆိုးနှင့် ဂျွမ်းထိုးလို့နေ၊ ခွေးမပိန်တာ၊ လက်ျာဖက်က၊ သိုင်း ကွက်ကျနင်း'ဟူသည်ကို အမှတ်အသား တွေ့ရသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)