မာတိကာသို့ ခုန်သွားရန်

ခူကောင်

ဝီကီပီးဒီးယား မှ

လိပ်ပြာ၏ဘဝဖြစ်စဉ်၌၊ လိပ်ပြာသည် ဥမှပေါက်လျှင်ပေါက်ခြင်း လိပ်ပြာဟူ၍ ဖြစ်မလာချေ။ ပိုးလောင်းကောင် ဘဝမှတစ်ဆင့် လိပ်ပြာဘဝသို့ အသွင်ပြောင်း ရသေးသည်။ ထိုလိပ်ပြာဖြစ်ရမည့် ပိုးလောင်း ကောင်ကို ခူဟူ၍လည်းကောင်း၊ ပေါက်ဖတ်ဟူ၍လည်းကောင်း ခေါ်ကြသည်။ ခူနှင့် ပေါက်ဖတ်ခြားနားချက်မှာ ခူ၌အမွေးရှိ၍ ပေါက်ဖတ်၌ အမွေးမရှိခြင်း ပင်တည်း။ လိပ်ပြာဥမှ ပေါက်ဖွားလာပုံမှာ ဤသို့ ဖြစ်သည်။

ပေါက်ဖွားလာပုံ

[ပြင်ဆင်ရန်]

ပထမတွင် လိပ်ပြာများသည် မိမိတို့၏ ဥများကို သစ်ရွက်များပေါ်တွင် ဥကြ၏။ လိပ်ပြာမတစ်ကောင်သည် တစ်ကြိမ်လျှင် ဥပေါင်း ၁၀၀၀ မှ ၁၂၀၀ ခန့်အထိ ဥ၏။ လိပ်ပြာဥတို့သည် ပုလဲလုံးကလေးများနှင့် တူ၍ တစ်ခုနှင့် တစ်ခုစပ်ကာ သစ်ရွက်များပေါ်တွင် အထပ်လိုက် ကပ်လျက်ရှိကြ၏။ ဥများဥပြီးနောက် ၄၊ ၅ ရက်အကြာတွင် ဥများမှ ခူကောင်ကလေးများ ပေါက်လာသည်နှင့်တစ်ပြိုင်နက် အစာကို လောဘတကြီး စတင်စားသောက်တတ်ကြလေသည်။ ထိုခူ ကောင်ကလေးများ ပေါက်ခါစ၌ ရက်အတော်ကြာမျှ သစ်ရွက်ပေါ်တွင် တစ်စုတစ်ဝေးတည်းနေ၍ သစ်ရွက်မှ အစိမ်းရောင် တစ်ရှူးများကို ဝိုင်း၍စားကြသည်။ အရွက်အားလုံးကိုကား မစားကြချေ။ ထို့ကြောင့် ခူကောင်ကျသောအပင်၏ အရွက်ကိုကြည့်လျှင် အဖြူရောင်ရှိ၍ ဆန်ခါကဲ့သို့ ထုတ်ချင်းပေါက် မြင်နိုင်သည်။ ယင်းတို့သည် အနည်းငယ်ကြီးထွားလာမှပင် အုပ်စုခွဲ၍ အရွက်များကို အားလုံးစားကြသည်။


ခူကောင်သည် အပင်များကို ဖျက်ဆီးတတ်သည်။ ယင်းတို့၏ရန်ကို ကာကွယ်ရန်မှာ ဥများနှင့် ပိုးကောင်ကလေးများရှိသော အရွက်တို့ကို သုတ်သင်ပစ် ရသည်။ ဤကဲ့သို့ ကြိုတင်ကာကွယ်ခြင်း မပြုလုပ်လျှင် ထိုဥများနှင့် ပိုးကောင်ကလေးများသည် အသီးအနှံ စိုက်ခင်းများကို အကြီးအကျယ် ဖျက်ဆီးနိုင်ကြသည်။ ခူကောင်များသည် တဖြည်းဖြည်း ကြီးထွားလာသောအခါ အပေါ်ယံအရေပြားသည် အခြားတိရစ္ဆာန် များကဲ့သို့ မကြီးဘဲ အလွန်တင်းကျပ်၍လာ၏။ ထိုအခါ မိမိတို့ကိုယ်တွင်ရှိသော အရေပြားကို ခွာထုတ်ပစ်ရန် ကြိုးစားကြ၏။ မကြာမီအတွင်း ဦးခေါင်းအရင်းနားမှစ၍ အရေပြားသည် ကွဲထွက်သွား၏။ ထိုအခါ ကိုယ်ကို တွန့်လိမ်၍ အရေပြားအတွင်းမှ ထွက်လာကြ၏။ ထိုနောက် ခူကောင်၏ကိုယ်ပေါ်တွင် နူးညံ့သောအရေပြား အသစ်တစ်ထပ် ဖုံးလွှမ်းလာပြန်သည်။ ထိုအရေပြားသည် ခွာထုတ်လိုက်သော အရေးပြားဟောင်းအောက်တွင် ရှိနေသော အရေပြားတစ်ထပ်ပင် ဖြစ်သည်။ နောက်ရက်အနည်းငယ်အတွင်း ထိုအရေပြားသည်လည်း ကနဦး စွန့်ပစ်လိုက်သော အရေပြားကဲ့သို့ပင် ကိုယ်မှ ကျွတ်ထွက်သွားပြန်သည်။ ခူကောင်သည် ကောင်းစွာမကြီး ထွားမီ ၄၊ ၅ ကြိမ်မျှ အရေလဲ၏။ သမပိုင်းဇုန်ဒေသများ၌ ခူကောင်ဘဝသည် ၂ လ၊ ၂ လမျှ ကြာ၏။ အလွန်အေးသော ဒေသများ၌ ခူကောင်ဘဝမှ လိပ်ပြာဘဝသို့ ပြောင်းလဲရန် ၂ နှစ် ၃ နှစ်မျှပင် ကြာ၏။


မြန်မာနိုင်ငံကဲ့သို့ နိုင်ငံများ၌မူ ရက်ပေါင်း ၂၀ မှ တစ်လကျော်မျှကြာသည်။ ခူကောင်၌ အများအားဖြင့် ဦးခေါင်းမှအပ အပိုင်း ၁၂ ခု ရှိ၏။ ဦးခေါင်းပိုင်းမှစ၍ ရေတွက်သော် ပထမအပိုင်း ၃ ခုတွင် တစ်ခုစီ၌ အဆစ် ၅ ခုစီရှိသော ခြေထောက်များရှိ၏။ ယင်းတို့သည် နောင်အခါတွင် ကိုယ်လက်အင်္ဂါ ပြည့်စုံသော အင်းဆက်ပိုး၏ ခြေထောက်များ ဖြစ်လာကြ၏။ ရင်ပိုင်းတွင်လည်း ခြေထောက်ငုတ်တိုကလေးများ ရှိသေး၏။ သို့သော် ယင်းတို့သည် မှန်အားဖြင့် ခြေထောက်များ မဟုတ်ကြဘဲ နောက်ဆုံးခွာထုတ်လိုက်သော ခူကောင်၏ ကိုယ်မှ အရေပြား နှင့် ကပ်၍ ပါသွားကြလေသည်။ ဦးခေါင်းတစ်ဖက်တစ်ချက်၌ မျက်စိနှင့်တူသော အကွက် ကလေး ၆ ခု ရှိ၏။ ထိုအကွက်တို့သည် မျက်စိအတုများ ဖြစ်သည်။ ထိုမျက်စိအတုများဖြင့် မမြင်ကြချေ။ ခူကောင်သည် မိမိကိုယ်ကို တစ်နေရာမှ တစ်နေရာသို့ ရွေ့လျားရာ၌ ဦးခေါင်းတွင်ရှိသော အဆစ်များရှိသည့် ဦးမှင် ၂ ခုဖြင့် စမ်း၍သွား၏။ ခူကောင်၏ ကိုက်နိုင်သော ပါးစပ်သည် အရည်ကို စုတ်ယူနိုင်သော လိပ်ပြာ၏ပါးစပ်နှင့် အလွန်ပင် ကွာခြားသည်။ ခူကောင်၏ ကိုယ်သည် ပြောင်ချော၍သော်လည်း ဖုံးလွှမ်းလျက်ရှိသည်။ ခူကောင်၏ အမွေးတွင် တောက်ပြောင်သော အရောင်များ ရှိတတ်သည်။


တိရစ္ဆာန်တို့သည် မိမိတို့၏ ခန္ဓာကိုယ်ကို အပူအအေးနှင့် ရန်သူဘေးရန်မှ ကာကွယ်နိုင်ရန်အလို့ငှာ သဘာဝက ဖန်တီးပေးသည်။ ယင်းသို့ဖြစ်ရာ ခူကောင်များသည်လည်း မိမိတို့ကိုယ်ကို ကာကွယ်နိုင်သော အရည်အချင်းနှင့် ပြည့်စုံ၏။ အချို့ခူကောင်များသည် အပင်များပေါ်၌ နေစဉ် ယင်းတို့ကို လွယ်ကူစွာ မမြင်နိုင်အောင် ပတ်ဝန်းကျင်ရှိ အရောင်များကို ဆင်ထားတတ်ကြ၏။ အချို့၌ ဆိုးရွား သောအနံ့ရှိသည့် အရည်တစ်မျိုးကို ထုတ်နိုင်သော ဂလင်းများပါရှိ၏။ ထို့ကြောင့် ခူကောင်များကို ငှက်နှင့် အခြားတိရစ္ဆာန်ငယ်များသည် မနှစ်သက်ကြချေ။ အာဖရိကတိုက်ရှိ ခူကောင် တစ်မျိုး၏အမွေးများသည် အဆိပ်ဖြစ်စေသဖြင့် ထိုအမွေးများကို မြားဆိပ်အဖြစ် အသုံးပြုကြသည်။ ခူကောင်များသည် မျက်စိအတုများဖြင့် မိမိတို့၏ ရန်သူကို ခြောက်လှန့်ကြ၏။ ထို့ပြင် ခူကောင်တို့၏ ကျောတွင်ရှည်၍ ကြာပွတ်နှင့်တူသော အမျှင်များ ပါရှိသည်။ ထိုအမျှင်များကို မွှေ့ရမ်းခြင်းဖြင့် မိမိတို့ ကိုယ်ကို ကာကွယ်နိုင်ကြလေသည်။

ဤကဲ့သို့ မိမိတို့ကိုယ်ကို ကာကွယ်နိုင်ကြသော်လည်း အစဉ်မပြတ် ပေါက်ဖွားလျက်ရှိသော ခူကောင်များသည် အနည်းငယ်မျှလောက်သာ လိပ်ပြာဘဝသို့ ရောက်နိုင်ကြလေသည်။ အဘယ်ကြောင့်ဆိုသော် မိမိတို့ထက်ကြီးသော တိရစ္ဆာန်များ၏ အစားကို ခံကြရသည့်ပြင် အလွန်ငယ်သော ပါရာဆိုက် ပိုးကောင်ကလေးများကလည်း ယင်းတို့ကို ပြန်၍ ရန်မူသောကြောင့် ဖြစ်သည်။

[]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)