ခဝါလုပ်ငန်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ခဝါလုပ်ငန်းတွင် အရင်းခံသဘောအားဖြင့် အဝတ်များကို ဖွတ်လျှော်ခြင်း၊ အခြောက်လှန်းခြင်း၊ ပြန့်၍နေစေရန် မီးပူ တိုက်ခြင်းဟူ၍ လုပ်ဆောင်ဖွယ်ကိစ္စ သုံးမျိုးပါဝင်သည်။


ခဝါလုပ်ငန်းကို ယခုခေတ်တိုင်အောင် အတိုင်းတိုင်းအပြည်ပြည်၌ လက်ဖြင့် ပြုလုပ်လျက်ပင် ရှိသေးသည်မှန်သော်လည်း၊ စက်မှု ထွန်းကား တိုးတက်နေသော တိုင်းနိုင်ငံကြီးများတွင်မူ စက်များ ဖြင့် ပြုလုပ်လျက်ရှိကြပေပြီ။ အဝတ်လျှော်စက်များကို သုံးခြင်း ဖြင့် လက်နှင့် လျှော်ဖွပ်သည်ထက် ပို၍ သေသပ် ကောင်းမွန် သဖြင့် အချိန်ကုန်လည်း သက်သာသည်။


အဝတ်လျှော်စက်များနှင့် လျှော်ဖွတ်နည်းမှာ ဤသို့ဖြစ် သည်။ ခဝါသည်တို့သည် အဝတ်ဟောင်းများကို မဖွပ်လျှော်မီ ရှေးဦးစွာ အဝတ်ချင်းမမှားစေရန် ရေလျှော်ခံမင်နှင့်ဖြစ်စေ၊ အခြားတစ်နည်းနည်းနှင့် ဖြစ်စေ၊ မှတ်သားလေ့ရှိကြသည်။ ထို့နောက်မှ ဖွပ်လျှော်မည့်အဝတ်များကို အဝတ်လျှော်ဒလိမ့်တုံး ကြီးများ တပ်ထားသည့် စည်ကြီးထဲသို့ ထည့်သည်။ ထိုဒလိမ့် တုံးကို သစ်သား သို့မဟုတ် အစွန်ခံသံမဏိဖြင့် ပြုလုပ်ထား သည်။ ဒလိမ့်တုံးသည် ဆပ်ပြာမြှုပ်များ ထည့်ထားသော ထိုစည်အတွင်း၌ လည်လျက်ရှိ၍၊ အဝတ်များကို ဆပ်ပြာရေ ထဲတွင် အကြိမ်တစ်ရာမက မွှေပေးသည်။ လက်ဖြင့် ဖွပ်လျှော် ရာမှာကဲ့သို့ အဝတ်များကို ပွတ်တိုက်ပေးခြင်း၊ ထုရိုက်ပေးခြင်း မျိုးကား မရှိပေ။ အဝတ်လျှော်စက်တွင် အဝတ်များကို ဆပ်ပြာ ရေထဲ၌ မွှေပေးခြင်း၊ ထို့နောက် ရေသန့်ဖြင့် ကျင်းပေးခြင်း၊ ထို့နောက်တဖန် မဲနယ်ဆိုးခြင်း စသည့် အလုပ်သုံးမျိုးကို ဆယ်ကြိမ်၊ ဆယ့်နှစ်ကြိမ်မျှ ပြုလုပ်ပေးသည်။

ထိုကဲ့သို့ ဖွပ်လျှော်ပြီးသောအခါ အဝတ်များကို ရေညှစ် စက်သို့ ထည့်ပေးရပြန်သည်။ ရေညှစ်စက်ဟု ဆိုသော်လည်း အဝတ်များကို လိမ်၍ ညှစ်ပစ်ခြင်း မဟုတ်ပေ။ ရေညှစ်စက် တွင် သတ္တုဖြင့် ပြုလုပ်ထားသော တောင်းရှိ၏။ ထိုတောင်းကို ပတ်ချာလည်စေခြင်းဖြင့် အဝတ်များမှ ရေကို စစ်ထွက်စေ သည်။ ဤကဲ့သို့ ရေညှစ်ပြီးသောအခါ လေပူဖြင့် အဝတ်များကို ခြောက်သွေ့စေသည်။ ကော်တင်ရမည့် အထည်များဖြစ်က ကော် တင်ပြီးနောက် အသားပြန့်စေရန်အတွက် မီးပူတိုက်ရာဌာနသို့ ပို့ပေးရပြန်သည်။ မီးပူတိုက်ရာတွင် နည်းနှစ်မျိုးကို အသုံးပြုကြ သည်။ စားပွဲခင်း၊ မျက်နှာသုတ်ပုဝါ စသည့် ရိုးရိုးအထည် များကို ရေနွေးငွေ့ဖြင့် အပူ ဓာတ်ပေးထားသော သံဒလိမ့်တုံး များအကြားသို့ ထည့်၍ ဖိပေးရုံနှင့် ကိစ္စပြီးသည်။ အင်္ကျီ စသည့် အဝတ် အထည်များကိုမူ ရေနွေးငွေ့ဖြင့် အပူဓာတ်ပေး ထားသော ဖိစက်နှင့် ပထမဖိပေးပြီးနောက် ခေါက်ရိုးခေါက် သားများ ကျနသေသပ်စေရန် လူကိုယ်တိုင် ဓာတ်မီးပူနှင့် ထပ်မံတိုက်ပေးရသည်။ အဝတ်အထည်များပေါ်၌ အစွန်း အကွက်များ ပေကျံနေခဲ့လျှင် ထိုအစွန်းအကွက်များကို မလျှော် မဖွပ်ခင် ချွတ်ပစ်ရန်လို၏။ သို့သော် အဝတ်ကို မနာစေရန် အရေးကြီးသည့်အတွက် ထိုကိစ္စတွင် ကျွမ်းကျင် နားလည်သူ များ ကိုယ်တိုင် ဂရုတစိုက် ပြုလုပ်ပေးရန် လိုပေသည်။ ပိုး၊ ဖဲ၊ ကတ္တီပါ၊ သက္ကလတ်၊ သားမွေး၊ သိုးမွေး စသည့် အဖိုးတန်အထည်များဖြစ်မူ ခြည်ထည်များကို ဖွပ်လျော်သကဲ့သို့ မဖွပ်လျော်ရပေ။ ထိုအနုထည်များကို အခြောက်လျှော်ခြင်းဖြင့် ခဝါချပေးရ၏။ အခြောက် လျှော်နည်းတွင် ပိုး၊ ဖဲ၊ သက္ကလတ်၊ သိုးမွေး စသည့် အနုထည်များကို ဗင်ဇင်း သို့မဟုတ် ထိုအရည်တစ်ခုခု ဆွတ်ထားသော အဝတ်ဖြင့် ပွတ်သပ်ခြင်းဖြင့် အထည်တွင်ရှိသော ချေးနှင့် ဆီ စသည့်အညစ်အကြေးများကို ကျွတ်စေသည်။ သွေ့ခြောက်သွားသောအခါ အထည်ကို ဝက်မှင် ဘီးအနုစားဖြင့် ပွတ်တိုက်ပြီးနောက် သံဒလိမ့်တုံးများဖြင့် ပြန့် အောင် ဖိပေးသည်။ ယခုအခါ ဗင်ဇင်းနှင့် ဓာတ်ဆီတို့အစား များသောအားဖြင့် ပက်ထရိုလီ ယမ်နက်ဖသားဟု ခေါ်သော အဖျော်ပစ္စည်းကို အသုံးများကြသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)