ခရေပင်

ဝီကီပီးဒီးယား မှ

Mimusops elengi
မျိုးရိုးခွဲခြားခြင်း
လောက:
Plantae
(unranked):
Angiosperms
(unranked):
Eudicots
(unranked):
Asterids
မျိုးစဉ်:
Ericales
မျိုးရင်း:
Sapotaceae
မျိုးစု:
Mimusops
မျိုးစိတ်:
M. elengi L.
ဒွိနာမ
Mimusops elengi L.

ခရေပင်ကို ခယားပင်ဟုလည်း ခေါ်၍ ချယားပင်ဟုလည်း လူသိများသည်။ ခရေပင်သည် မြန်မာနိုင်ငံတွင် တနင်္သာရီတိုင်း နှင့် ဗန်းမော်ခရိုင်တို့၌ အလေ့ကျပေါက်တတ်၍၊ အခြားဒေသ များ၌လည်း စိုက်ပျိုးထားသည်ကို တွေ့ရသည်။ ခရေပင်သည် ပေ ၅ဝ ခန့်အထိ မြင့်နိုင်၍၊ အမြဲစိမ်းအရွက်များ ထူထပ်စွာ ရှိသဖြင့် အရိပ်ကောင်းကို ပေးနိုင်သည်။ ကြီးခဲသောအပင်မျိုး ဖြစ်သော်လည်း ရနံ့သင်းသောအပွင့်များနှင့် အရိပ်ကောင်းရ သည့်အတွက် ဥယျာဉ်ခြံမြေများတွင် စိုက်ပျိုးလေ့ရှိကြသည်။ မျိုးပွားလိုသော် အစေ့ကို စိုက်ပျိုးရလေသည်။

အခေါက်၏အရောင်မှာ အနက်ရောင် မွဲပြာဖြစ်၍ ကြမ်း သည်။ အရွက်များမှာ ၃၊ ၄ လက်မရှည်၍ ချောမွတ်ပြောင် လက်သည်။ ခရေပင်နှင့်စပ်လျဉ်း၍ လူသိအများဆုံး အထူး သဖြင့် အမျိုးသမီးများ အသိအများ ဆုံးကား လှပ၍ ရနံ့သင်း သော အပွင့်များပင်ဖြစ်လေသည်။ ခရေပွင့်သည် ဖြူ၍ အချင်း ငွေမတ်စေ့ခန့် ရှိသည်။ ကြယ်ပွင့်ကလေးများနှင့် သဏ္ဌာန်တူ၍ နွေဦးပေါက်မှ မိုးကျသည်အထိ ပွင့်ကြသည်။ ကလေးသူငယ် တို့သည် နံနက်အစောကြီးထကာ ခရေပင်အောက်၌ ဖွေးဖွေးဖြူ ကြွေကျနေသော ခရေပွင့်များကို အလုအယက် ကောက်ပြီးသော် တုတ်တံကလေးများဖြင့် သီ၍ ဘုရားတင်လေ့ရှိကြသည်။ အမျိုး သမီးများက ကြိုးဖြင့် သီကုံး၍ ဦးခေါင်း၌ ပန်ဆင်လေ့ရှိကြ သည်။

အသီးများမှာ တစ်လက်မခန့်ရှည်၍ မှည့်လျှင် အရောင်ဝါ လာသည်။ ခရေစေ့များကို ကလေးသူငယ်တို့သည် တွင်းထဲကျ အောင် လက်ဖြင့်တောက်တမ်း ကစားလေ့ရှိကြရာ ခရေစေ့တွင်းကျ ဟူသောစကားမှာ ထိုကစားနည်းမှ စတင်ပေါ်ပေါက်လာကြသည်။

ခရေသား၏အရောင်မှာ နီညစ်ညစ်ဖြစ်၍၊ အသားကျစ်ခြင်း၊ မာကျောခြင်း၊ ခိုင်ခံ့ခြင်း၊ ကြာရှည်ခံခြင်း၊ ပြောင်လက်လာ အောင် အရောင်တင်နိုင်ခြင်းများကြောင့် ယင်းအသားဖြင့် အဆောက်အုံ၊ ဘီရို၊ တံတား၊ လှည်း၊ လှေနှင့် ဆန်ထောင်း ကျည်ပွေ့များ ပြုလုပ်ကြသည်။

ခရေပင်၏ ဆေးဖက်ဝင်သော အကျိုးကား အသီးနှင့် အခေါက်တို့၌ ချုပ်စေတတ်သည့် သတ္တိရှိသည်။ အစေ့များကို ရေ၌နူးအောင် စိမ်ပြီးနောက် ကျိုချက်လျှင်လည်း အကြော အဆစ် ရောင်နာများတွင် လိမ်းရသော ဆီတစ်မျိုး ရနိုင်သည် ဟု ဆိုလေသည်။ [၁]

Star-Flower (ခရေပင် (ချရားပင်)[ပြင်ဆင်ရန်]

  • Botany Term : Mimusops elengi Roxb
  • Species/Family : Sapotaceae
ခရေပန်း

ပုံသဏ္ဌာန် : အပင် -ပင်စည်ဖြောင့်မတ်သော အပင်ကြီးမျိုးဖြစ်၍ ပေ ၄၀ခန့်မြင့်၏။ အဖို အမ နှစ်မျိုးရှိသည်။ အသီးအပွင့် နှစ်မျိုးရှိသော် အမမျိုးဖြစ်၍ အပွင့်သက်သက်ပွင့်လျှင် အဖိုမျိုးဖြစ်သည်။ အကိုင်းအခက် လွန်စွာဖြာ၏။ အခေါက်ထူ၍ ကြမ်းပြီး ညိုမည်းရောင်ရှိ၏။ အရွက် - ပြောင်ချော၍ တောက်ပသည်။ ဘဲဥပုံရှိ၍ ရွက်ထိပ်ချွန်ပြီး ရွက်ရင်းဝိုင်း၊ သို့မဟုတ် အနည်းငယ် သွယ်သည်။ ရွက်နားလှိုင်းတွန့်သည်။ သပြေရွက်နှင့် တူ၏။ အပွင့် - အဖိုပွင့် အမပွင့် ၂ မျိုးရှိ၍ အမပွင့်ထက် အဖိုပွင့်သည် အနည်းငယ်ကြီးပြီးဖြူ၏။ အမပွင့်သည် အနည်းငယ် နီကြန်ကြန်ရှိ၏။ အပွင့်များမှာ မွှေးကြိုင်သောရနံ့ရှိသည်။ ကဆုန်၊ နယုန် လတွင်ပွင့်သည်။ အသီး - ဘဲဥပုံ ရှိ၏။ ပထမတွင် အစိမ်းရောင်ရှိပြီး နောက်ပိုင်း ရင့်မှည့်သောအခါ လိမ္မော်နီရောင် ဖြစ်သွားသည်။ အသားထူ၏။ အသားအဝါရောင် ရှိပြီး ဖန်၍ ချိုသည်။ စား၍ရသည်။ အစေ့မှာ မာကျော ပြီး အညိရင့်ရောင်ရှိသည်။ ဝါခေါင် ၊ တော်သလင်းလတွင် သီးသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အပွင့် ၊ အခေါက် ၊ အစေ့။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံတစ်ဝန်း မြေပြန့်ဒေသ များတွင် အများအပြားတွေ့ရသည်။ သဘာ၀အလျောက် ပေါက်ရောက်သည်။ အသုံးဝင်ပုံ : အာနိသင် -မြန်မာ့ဆေးကျမ်းများအလိုအရ အခေါက်သည်ချို၏။ ခါး၏။ အေး၏။ နှလုံးကို အားရှိစေ၏။ ဝမ်းမီးကိုပွားစေ၏။ ရောဂါပိုးတို့ကို နိုင်၏။ သွားဖုံးရောဂါများ၌ အကျိုးပြု၏။ သည်းခြေဖောက်ပြန်ခြင်းကို ပျောက်ကင်းစေ၏။ အသီးသည် အူကို တွန့်ရှုံ့စေ၏။ နှုတ်ကိုမြိန်စေ၏။ သွားတို့ကို ခိုင်စေ၏။ ချုပ်၏။ သလိပ် သည်းခြေကိုနိုင်၏။ အစေ့သည် လှုပ်နေသော သွားတို့ကို ခိုင်စေ၏။ ရှူသော် ခေါင်းကိုက်ခြင်းကို ပျောက်ကင်းစေ၏။

အသုံးပြုပုံ- အပွင့် ၁။ ခရေပွင့်ကို တစ်ညလုံးရေစိမ်၍ နံနက်တွင်ထို စိမ်ရည်ကိုစစ်ပြီး ကလေးအားတိုက်လျှင်ချောင်းဆိုးရောဂါပျောက်၏။ ၂။ ခရေပွင့်အစိုကို မီးယပ်ဖြူရောဂါနှင့် သွားရောဂါ အတွက် အသုံးပြု၏။ ၃။ ခရေပွင့်အခြောက်ကို သနပ်ခါးဖြင့် ရောသွေးလိမ်းက အပူကြောင့်ဖြစ်သောမိတ်နာ၊ ယားနာများ အမြန်ပျောက်ကင်း၏။ အခေါက် ၁။ အခေါက်ပြုတ်ရည်ကို သောက်ခြင်းဖြင့် လည်းကောင်း၊ အပွင့်ကိုရှူခြင်းဖြင့်လည်းကောင်း၊ အသီးကိုစားခြင်းဖြင့်လည်းကောင်း နှလုံးရောဂါကို ပျောက်စေ၏။ ၂။ ခရေခေါက်၊ဆီးဖြူခေါက်၊ရှားခေါက် ၃ မျိုးပြုတ်၍ငုံပေးခြင်းဖြင့် ပါးစပ်၌ မက်ခရုပေါက်ခြင်း၊ သွားဖုံး ရောင်ခြင်း၊ ပါးစပ်၌အပူလောင်ခြင်း၊ ရေစီးကမ်းပြို ဖြစ်ခြင်းစသော ခံတွင်းနာအားလုံး ပျောက်ကင်း စေသည်။ ၃။ အခေါက်ကိုပြုတ်၍ ဖန်ဆေးရည်အဖြစ် အသုံးပြုနိုင်သည်။ အစေ့ ၁။ အဆက်မပြတ်သွားသော ဝမ်းရောဂါအတွက် အစေ့ကို ရေအေးနှင့် သွေးသောက်ခြင်း၊ ခရေသီးအမှည့်၏ အသားကိုစားပေးခြင်းဖြင့် ပျောက်ကင်း စေနိုင်သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
  2. http://arogyamonline.com/commodity/materials/?raw=143[လင့်ခ်သေ]