ခရီးထွက်စူးစမ်းခြင်း
ခရီးထွက်စူးစမ်းခြင်း (Adventure) ဟူသည်မှာ သာမန်အားဖြင့် လူသူမရောက်ပေါက်သေးသော ဒေသသစ်များကို စူစမ်းရှာဖွေ လေ့လာခြင်းပင်ဖြစ်သည်။ သို့သော် စူးစမ်းရှာဖွေမှုနယ်သည် အလွန်ကျယ်ဝန်းသည်။ ဒေသတစ်ခု၌ မှီတင်းနေထိုင်သောလူ၊ တိရစ္ဆာန်၊ သစ်ပင်တို့နှင့်တကွ ယင်းတို့နှင့် မကင်းရာမကင်းကြောင်းဖြစ်သော စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ကိစ္စဟူသမျှတို့သည် သူတေသီပုဂ္ဂိုလ်တို့အတွက် လေ့လာဖွယ်ရာချည်းပင် ဖြစ်ပေသည်။ ထို့ကြောင့် စံနစ်တကျ စူးစမ်းလေ့လာကြသည့်အခါ စူးစမ်းရေးအဖွဲ့သည် ရည်ရွယ်ချက်တစ်ခုခုကို သတ်မှတ်ကာ ကျွမ်းကျင်သူ ပုဂ္ဂိုလ်များနှင့် စုပေါင်း၍ ခရီးထွက်ပြီးလျှင်၊ အများမသိသေးသော ကိစ္စရပ်တို့ကို သိအောင် ရှာဖွေကြလေသည်။
ထို့ကြောင့် စူးစမ်းရှာဖွေမှုနယ် ကျယ်လာသော ဤခေတ်၌ လူမရောက်သော ဒေသကိုသာ စူးစမ်းရှာဖွေသည် မဟုတ်ဘဲ ဤကမ္ဘာမြေအတွင်း၌ လူတို့မသိသေးသော အကြောင်းခြင်းရာတို့ကို သိရှိရအောင် စူးစမ်းရှာဖွေကြသည့်အပြင် နက္ခတ္တဗေဒ သုတေသနလုပ်ငန်းအတွက် ဤကမ္ဘာမြေကိုကျော်၍ ကမ္ဘာနှင့်နီးသော ဂြိုဟ်ကြီးဂြိုဟ်ငယ်တို့ထံ အရောက်ခရီးထွက်ကြ၍ ရှာဖွေစူးစမ်းမှုများကို ပြုလုပ်ကြလေသည်။
ဂရိတို့၏ ရှေးကျသော ခေတ်က ဥရောပတိုက်ဆုံးလျှင် ကမ္ဘာမြေ၏ အဆုံးသို့ ရောက်ပြီဟု ယူဆခဲ့ကြသည်။ ထိုခေတ်နှင့် ကမ္ဘာမြေကြီးသည် လုံးသည်ဟု အတိအကျပြောနိုင်သော ယနေ့ခတ်ကို နှိုင်းယှဉ်ဆင်ခြင်သော် လူအတွေ့အခေါ်များ၊ စွန့်စားမှုများသည် မည်မျှအထိ ကြီးကျယ်ကြောင်းကို သိနိုင်လေသည်။ ယင်းသို့ အတွေးအခေါ် ကျယ်ဝန်းလာ၍ ယဉ်ကျေးမှု အဆောက်အဦးကြီးမားလာရသည်မှာ ခရီးထွက် စူးစမ်းသူများကြောင့် ဖြစ်၏။
ဥရောပသမိုင်း၌ ဉာဏ်သစ်အရေးပုံခေါ်သော ခေတ်ဆန်းချိန်(ရီနေဆွန်း) ခေတ်တစ်ခေတ်တွင်ခဲ့သည်။ ထိုခေတ်၌ သစ်ဆန်းသော အတွေးအခေါ်နှင့် အမြော်အမြင်တို့က စေ့ဆော်ခြင်းကြောင့် ကိုလံဗပ်စသော ခရီးသည်တို့သည် ရေကြောင်းခရီးဖြင့် စွန့်စားသွားလာခဲ့ကြသည်မှာ ခရီးထွက်စူးစမ်းခြင်း၏ အစဟု ဆိုလောက်ပေသည်။ သို့သော် သူတို့ထက်စော၍ ရေသစ်မြေသစ်တို့ကို ရှာဖွေကာ ယဉ်ကျေးမှုကို ပျံ့နှံ့အောင် ဖြန်ချီခဲ့သော ခရီးသည်တို့ကား ရှေးနှစ်ပေါင်း ၂၀၀၀ ကျော်က ပေါ်ပေါက်ခဲ့သည် ဖီနီရှန်လူမျိုး ကုန်သည်များပင်တည်း။
သို့သော် ဖီနီရှန်ကုန်သည်များနှင့် ကိုလံဗပ်ကဲ့သို့သော ရေမြေသစ်ရှာသမားများသည် ယဉ်ကျေးမှု ပျံ့နှံ့ရေးအတွက် ရှေ့ဆောင်လမ်းပြများသာ ဖြစ်သည်။ ကမ္ဘာရေမြေ တစ်ဝှန်းလုံးကို ယဉ်ကျေးမှု ရောင်ခြည်လွှမ်းခြုံနိုင်သည်ကား သိပ္ပံပညာရ၏ထွန်းကားသော ခေတ်တွင် အစောဆုံးနှင့် အကျော်ကြားဆုံး ခရီးထွက် စူးစမ်းသူများမှာ ဗြိတိသျှ ရေကြောင်းဌာနမှ စေလွှတ်သော "ချဲလင်းဂျား" ခေါ် ဘုရင့်သင်္ဘောဖြင့် တောင်ပင်လယ်တစ်ကြောသို့ ထွက်ခဲ့သည့် အဖွဲဝင်များပင်တည်း။ ချဲလင်းဂျားသင်္ဘောသည် ထိုခရီးအတွက် ကိရိယာ၊ ရိက္ခာတို့ကို အထူးတလည် စီစဉ်ပြင်ဆင်၍ ၁၈၇၂ ခုနှစ် ဒီဇင်ဘာလမှ ၁၈၇၄ ခုနှစ် မေလအထိ တစ်နှစ်ခွဲခန့် တောင်ပင်လယ်များကို အစုန်အဆန် ကူးသန်းခဲ့သဖြင့် မရောက်မပေါက်ဖူးသေးသော မြေသစ်ရေသစ်တို့ကို ရှာဖွေတွေ့ရှိခဲ့ရုံမျှမက ရေနေသတ္တဝါဆိုင်ရာ ဗဟုသုတများကိုလည်း ဆည်းပူးနိုင်ခဲ့ပေသည်။ ချဲလင်းဂျားသင်္ဘောဖြင့် ခရီးထွက်ခဲ့သော သိပ္ပံပညာသည်အဖွဲ့၏ မှတ်သားဖွယ်ကောင်းလှသော အစီရင်ခံစာကြီးမှာ အုပ်တွဲပေါင်း ၅၀ ရှိသဖြင့် မည်မျှခရီးရောက်ခဲ့သည်ကို ခန့်မှန်းနိုင်လေသည်။
ထိုစူးစမ်းရှာဖွေမှုတို့တွင် တိရစ္ဆာန်၊ သစ်ပင်ပန်းမာလ်၊ အရာဝတ္ထုများကို ရုပ်ရှင်ရိုက်ကူး၍ ဗဟုသုတအလို့ငှာ မှတ်တမ်းတင်ရန် ရည်ရွယ်ချက်ဖြင့် ခရီးထွက်ခြင်းလည်း ရှိသည်။ ထိုမှတစ်ပါး သိပ္ပံပညာဆိုင်ရာ စူးစမ်းရှာဖွေမှုအတွက်လည်း အဖွဲ့လိုက် ခရီးထွက်ကြသည်။ မြင့်မားလွန်း၍ လူသာမန်တို့ တက်ရောက်ခြင်းငှာ မစွမ်းနိုင်သော တောင်ထိပ်များသို့ ရောက်အောင်တက်ခြင်း၊ နေကြတ်ခြင်း၊ လကြတ်ခြင်း စသည်တို့ကို ဓာတ်ပုံရိုက်ယူနိုင်ရန် အမြင်နိုင်ဆုံး နေရာများကို ရှာဖွေသွားရောက်ခြင်း၊ တောင်နှင့်မြောက်ဝင်ရိုးစွန်းဒေသများကို ကုန်စည်ဖောက်ကား ရောင်းဝယ်မှုဖြင့် သွားရန်ဖြစ်နိုင် မဖြစ်နိုင်စသည်တို့ကို စုံစမ်းခြင်း၊ သေနင်္ဂဗျူဟာအတွက် စစ်တက်စစ်ချီစခန်း ကောင်းမကောင်းစုံစမ်းခြင်း စသည်တို့ကိုလည်း ခရီးထွက် အဖွဲ့များဖွဲ့၍ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ထို့ပြင် လူမျိုးတစ်မျိုး၏ လူမှုရေးနှင့် ယဉ်ကျေးမှုတို့ကို စူးစမ်းလေ့လာရန် ခရီးထွက်သည်လည်း ရှိသေးသည်။ ဘာသာ၊ အယူဝါဒ၊ ဓလေ့ထုံးစသည်တို့ကို စူးစမ်းလေ့လာရန် ခရီးထွက်ကြသောကြောင့် ကမ္ဘာပေါ်ရှိ လူမျိုးတို့သည် တစ်ဦးနှင့်တစ်ဦး မည်သို့နွယ်ကြသည်။ ကွဲပြားခြားနားကြသည်ဟူသော အချက်တို့ကို လူမှုရေးသမိုင်းအတွက် ကျွန်ုပ်တို့ သိကြရပေသည်။
ကမ္ဘာပေါ်တွင် လူသူမရောက်နိုင်သေးသည့် ဒေသများ အများအပြားပင် ရှိသေးရာ တိုးတက်လျက် ရှိသော သိပ္ပံပညာရပ်များ၏ အစွမ်းဖြင့် ရှာဖွေလျှင် ထိုဒေသများတွင် လူတို့အဖို့ အကျိုးထူးစေမည့် အရာဝတ္ထု အချက်အလက်မရှိဟု မည်သူပြောနိုင်ပါအံ့နည်း။ လူတို့၏ အကျိုးစီးပွားသည် မြေ၌လည်းကောင်း၊ ရေ၌လည်းကောင်း၊ လေ၌လည်းကောင်း ရှိသည်သာဖြစ်၏။ ရှာနိုင်လျှင်တွေ့သည်ဟု ယုံကြည်သော လက်တွေ့သမားများကလည်း ငွေကုန်ကြေးကျခံကာ စူးစမ်းရှာဖွေကြသည်သာ ဖြစ်လေသည်။ ထို့ကြောင့်ပင် ကမ္ဘာမြေကြီးမှ ရွှေငွေ၊ ကျောက်သံပတ္တမြားနှင့်တကွ ရွှေရည်ဟုခေါ်ရလောက်အောင် အဖိုးတန်သော ရေနံ၊ ဓာတ်ဆီများကို နေရာအနှံ့အပြား တူးဖော်ရရှိခဲ့ပြီး ဖြစ်သည်။ ပင်လယ်ရေ၏ အောက်ခြေမှလည်း အဖိုးတန်ပစ္စည်းအမျိုးမျိုးရအောင် ယူဆောင်နိုင်ခဲ့ကြသည်။ ထိုကဲ့သို့သော အကျိုးထူးများကို ခံစားရသည်မှာ မျက်မြင် လက်တွေ့ဖြစ်ရကား စီးပွားရေအမြင်ကျယ်သူ လုပ်ငန်းရှင်ကြီးများ၊ အစည်းအရုံးအသင်းအပင်းများ၊ အစို:ရအဖွဲ့များက ငွေကုန်ကြေးကျခံကာ မိမိတို့ ရည်ရွယ်ချက်ရှိသည့်လုပ်ငန်း၌ ကျွမ်းကျင်သူများကို ရွေးချယ်ဖွဲ့စည်း၍ လူအများ လမ်းမထွင်ရသေးသော ရေမြေဒေသများသို့ စေလွှတ်ခဲ့ကြလေသည်။ ယင်းသို့ ခရီးထွက် စူးစမ်းရာတွင် ဝင်ရိုးစွန်းဒေသများသို့ သွားရသော ခရီးမှာ အခက်ခဲဆုံးနှင့် အစွန့်စားရဆုံး ဖြစ်သည်။ ထို့ပြင် ထိုသို့ ခရီးထွက် စူးစမ်းခဲ့သည်တွင် ရေသစ်မြေသစ်များကို တွေ့ရှိခဲ့ရခြင်းမှာ အမှတ်မထင် တွေ့ရှိခဲ့ရခြင်းဖြစ်၍ အများအားဖြင့်သော်ကား စီးပွားရေးအတွက် ရှာဖွေထောက်လှမ်းရေး ကိစ္စများသာ ဖြစ်ခဲ့ပေသည်။
ကမ္ဘာပေါ်တွင် မြေသစ်ရေသစ် နောက်ထပ်ရှာဖွေရန် မရှိတော့သည့်တိုင်၊ အနည်းနှင့်အများ ဆိုသလို လူသူအရောက်အပေါက်ခက်ခဲသေးသော ဒေသများကို အသေးစိတ်ရှာဖွေလေ့လာရန် ကျန်ရှိသေးသည်။ ကမ္ဘာပေါ်တွင် အမြင့်ဆုံးဖြစ်သည့် ပေ၂၉၀၀၀ ကျော်မြင့်သော ဧဝရတ်တောင်ထိပ်သို့ တက်ရောက်နိုင်ရန် ကြိုးပမ်းချက်သည်ပင် အောင်မြင်ခဲ့ပြီး ဖြစ်၏။ ၁၉၅၃ ခုနှစ်၊မေလ ၂၉ ရက်၊ နံနက် ၁၁ နာရီခန့်တွင် ကာနယ်ဟန့်ခေါင်ဆောင်သည့် တောင်တက်အဖွဲ့မှ နီပေါလူမျိုး တင်ဆင်ဆိုသူနှင့် နယူးဇီလန်းကျွန်းသား အက်ဒမန်ဟီလာရီ ဆိုသူတို့သည် အဆိုပါတောင်ထွတ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပြီး ဖြစ်သည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အပိုင်း-ခ၊ အတွဲ-၂၊ နှာ-၂၅၅
ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |