ခမည်းပေးခြင်း

ဝီကီပီးဒီးယား မှ

ခမည်းဆိုသော ဝေါဟာရ၏ မူလအဓိပ္ပာယ်မှာ ချစ်ခင်မြတ်နိုးအပ်သူ ဖြစ်သည်။ ပုဂံကျော်စာများနှင့် အင်းဝခေတ်မှ စ၍ ပျို့၊ ကဗျာ၊ လင်္ကာများတွင် ဖခင်ကိုသော်လည်းကောင်း၊ သားကိုသော် လည်းကောင်း "ခမည်း"ဟူသော ဝေါဟာရဖြင့် သုံးစွဲခဲ့ကြကြောင်းကို တွေ့ရသည်။ ယခုခေတ်တိုင် မင်းမျိုးမင်းနွယ်နှင့် ရဟန်းသံဃာများတွင် ဖခင်ကို "ခမည်းတော်" ဟု ခေါ်ဝေါ်သုံးစွဲချက်ရှိသေးသည်။ ထို"ခမည်း" အဓိပ္ပာယ်နှင့် ဆက်သွယ်၍ နောက်နောင်အခါတွင် ပုဂ္ဂိုလ်တစ်ဦးက မိမိ ချစ်ခင်မြတ်နိုင်းသည့် ပုဂ္ဂိုလ်အထူးသဖြင့် သွေးသားတော်စပ်သော ငယ်ရွယ်သူများအား ပေးကမ်းချီးမြှင့်သည့် မေတ္တာလက်ဆောင် ပေးခြင်းမျိုးကို ခမည်းပေးသည်ဟု ခေါ်တွင်လာခဲ့သည်။ မိဘတို့သည် သားသမီးတို့ကို ပုခတ်တင်သောအခါ၌လည်းကောင်း၊ ခေါင်းဆေးမင်္ဂလာ ပြုသောအခါတွင်လည်းကောင်း၊ နားထွင်းသောအခါတွင်လည်းကောင်း၊ ချစ်မြတ်နိုး၍ မေတ္တာလက်ဆောင် ပေးသည်ကို ခမည်းပေးသည်၊ ခမည်းဖွဲ့သည် ဟု ပြောဆို သုံးနှုန်းကြလေသည်။ အမွေမှု ဓမ္မသတ်ကျမ်းတွင် "ပုတ္တာနံ၊ သားသမီးတို့အား၊ ပရိယာယေနဒေသိ၊ ပရိယာယ် ခမည်းပေး၏" ဟု ရေးသား ပါရှိသည်။ ခမည်းကို စကားပြောသံအတိုင်း လိုက်၍ ခမဲဟု လည်း ရေးသားကြသည်။ ခမည်းပေးခြင်းအမှုကို ရှေးအခါက မင်္ဂလာအခါ ကိစ္စများနှင့် နာဖျားမကျန်းသည့်အခါ ယတြာပရိယာယ်အဖြစ် ပြုလုက်ဆောင်ရွက်ခဲ့ကြသော်လည်း ယခုခေတ်၌ မူ ခမည်း ပေးသည်ဟု ဆိုလျှင် မမာကျန်းသဖြင့် ခမည်းလို၍ ခမည်းပေးသည်ဟု နားလည်ကြသည်။ ဗေဒင်ယတြာများကို ယုံကြည်သူတို့သည် မိမိတို့ သားမြေးများ မမာကျန်းဖြစ်လျှင် ဗေဒင်မေးမြန်းလေ့ရှိသည်။ အချို့ပုဂ္ဂိုလ်များသည် စုတ်လာဘ်ကြီးမားလှသဖြင့် ဝင်ကိန်းရှိသော စုတ်လာဘ်များ မဝင်သောကြောင့် မကျန်းမမာ ဖြစ်နေသည်ဟု ဗေဒင်ကိန်းခန်းအရ ဗေဒင်ဆရာက ဟောကိန်းထုတ်သည်။ ထိုအခါမျိုးတွင် ဗေဒင်ဟောကိန်းအညွန်းအတိုင်း မမာမကျန်းသူအား လူကြီး မိဖများကဝင်မည့် စုတ်လာဘ်များကို ရည်စူး၍ ခမည်းပေးရလေသည်။ ဥပမာအားဖြင့် ဤသူငယ်ကား မြေကို ခမည်းပေးလိုသည်။ ဤသူငယ်ကား ကျောက်မျက်ရတနာကို ခမည်းလိုသည် အစသဖြင့် ဟောပါက ထိုဟောပြောချက်အတိုင်း ခမည်းပေးလေ့ရှိကြသည်။ ဆင်ကို ခမည်းလိုသည်ဟု ဟောကိန်းရှိပါမူ ဆင်ကို မဝယ်ပေးနိုင်သော မိဖဖိုးဖွားများအဖို့ များစွာအခက် ကြုံရပေမည်။ သို့ရာတွင် ဤနေရာမျိုး၌ ပရိယာယ်အားဖြင့် ခမည်းပေးနိုင်လေသည်။ သက်ရှိဆင် ခမည်းအဖြစ် မပေးနိုင်သော် ရွှေငွေ စသော ပစ္စည်းမျိုးတို့ဖြင့် ပြုလုပ်ထားသော ဆင်ရုပ်ကို ပေးနိုင်သည်။ ခြေနှစ်ချောင်း စုတ်ဝင်ရန်ရှိသည်ဆိုသော ဗေဒင်စကားမှာ လက်ထပ်ထိမ်းမြားရန် လိုသည်ဟု ဆိုလိုပေသည်။ အခြေအနေအရ မမာကျန်းသူသည် လက်မထပ်နိုင်သေးလျှင် ကြက်ဖကိုလည်းကောင်း၊ ကြက်မကိုလည်းကောင်း၊ ပုဂ္ဂိုလ်နှင့် လိုက်လျောညီစွာ ပရိယာယ် ခမည်းပေးခြင်းဖြင့် ဗေဒင်အလိုအတိုင်း ပြီးမြောက်နိုင်စေသည်။

ကလေးသူငယ်များတွင် စွဲကပ်တတ်သော နားပြည်ယိုခြင်း၊ နားလေးခြင်း စသောအခါမျိုးများတွင်လည်း လူကြီးမိဖများက ခမည်းပေးလေ့ရှိလေသည်။ ဤသို့ ခမည်းပေးသည့် အကြောင်းမျိုးကို ရည်ရွယ်၍ အဓရာသီမ္မသတ်လင်္ကာတွင် "လူတံထွာလျင် ဖျားနာရန်ဘေး၊ ခမဲပေးနှင့်" စသည်ဖြင့် စပ်ဆိုထားလေသည်။ ပေးကား၏ မရဟူသော သဘောမျိုးကို ပြောဆိုလိုသည့်အခါတွင် "တောဆင်အဝေး ခမည်းပေးသို့" ဟု ဥပမာ ခိုင်းနှိုးတင်စား ပြောဆိုလေ့ ရှိကြလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အပိုင်း-၂၊ အတွဲ(ခ)