က ခ ပြဿနာ

ဝီကီပီးဒီးယား မှ

မြန်မာနိုင်ငံစာရေးဆရာအသင်း၏ အသင်းသားစိစစ်သတ်မှတ်ရေးလှုပ်ရှားမှု။[ပြင်ဆင်ရန်]

စာရေးဆရာအသင်းကို ၁၃၀၁ (၁၉၃၉) တွင် တည်ထောင်ခဲ့သည်။ အသင်းစည်းမျဉ်းတွင် အသင်းသားများကို (က) အသင်းသား (ခ) အသင်း သားဟု ခွဲခြားထားရန်ပါရှိသည်။ စာရေးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းသူ သို့မဟုတ် ဤသို့ အသက်မွေးဝမ်းကျောင်းမပြုသော်လည်း စာအုပ်စာတမ်းတစ်ခုခု ထုတ်ဝေရေးသားသူကို (က) အသင်းသား၊ စာအရေးအသား ဝါသနာပါသူကို (ခ) အသင်းသားဟူ၍သတ်မှတ်ရာ ယင်းသတ်မှတ်ချက်သည် လျော့လျည်းလွန်းသဖြင့် အသင်းတွင် (ခ) အသင်းသားဟူ၍ မရှိသလောက်ဖြစ်ဖြစ်ပြီး အားလုံး (က) အသင်းသားချည်းဖြစ်နေကြသည်။

သို့ဖြင့် အသင်းတွင် စာရေးဆရာမဟုတ်သူတို့ အရေအတွက် များပြားတွင်ကျယ်လာသည့်အလျောက် စာရေးဆရာစစ်စစ်များ ဘေးထိုင်ကြရသည်။ သို့ဖြစ်ရာ အသင်းကြီး၏ ဩဇာနှင့် သိက္ခာ တစ်စစ ကျဆင်းလာ၏။ ထို့ကြောင့် ၁၉၅၆ စက်တင်ဘာလ ၃၀ တွင်ကျင်းပသော သင်းလုံးကျွတ် အစည်းအဝေးက တင်မြှောက်လိုက်သည့် အမှုဆောင်အဖွဲ့သည် အောက်တိုဘာ ၇ တွင် ပထမအကြိမ် အစည်းအဝေးကျင်းပပြီး အသင်းသား၏ အသွင်သဏ္ဌာန်နှင့် အခွင့်အရေးတို့ကို စိစစ်လုပ်ဆောင်ရန် စာရေးဆရာအခွင့်အရေးအဖွဲ့ကို ဖွဲ့စည်းပေးခဲ့သည်။

ယင်းအဖွဲ့အစည်းအဝေးကို ၁၉၅၇ ဇန်နဝါရီ ၁၇ တွင် ကျင်းပပြီး အဖွဲ့အနွဲ့ပါသောစာပေ (ဝါ) ရသစာပေ ရေးသူကို စာရေးဆရာဟုခေါ်ရန်၊ စာရေးသက် သုံးနှစ်ပြည့်သူကို (က) အသင်းသား၊ ကလောင်သက်တမ်း တစ်နှစ်ပြည့်သူကို (ခ) အသင်းသားအဖြစ် သတ်မှတ်ရန် ဆုံးဖြတ်ကြသည်။ ၁၉၅၇ ဖေဖော်ဝါရီ ၂၄ တွင်ကျင်းပသော အသင်းသုံးလပတ် အစည်းအဝေး၌လည်းကောင်း၊ ၁၉၅၇ ဩဂုတ် ၅ တွင်ကျင်းပသော နှစ်ပတ်လည်ညီလာခံတွင်လည်းကောင်း၊ ၁၉၅၈ ဩဂုတ် ၃၁ တွင်ကျင်းပသော နှစ်ပတ်လည်ညီလာခံတွင် လည်းကောင်း က ခ ပြဿနာကို တင်သွင်းဆွေးနွေးကြသည်။ ပြောဆို ငြင်းခုံကြသည်။ ပြဿနာဖြစ်လာသည်။ မဲရရေးအတွက် စာရေးဆရာမဟုတ်သူများကို အသင်းသားအဖြစ် ထပ်တိုးလာကြသည်။ ၁၉၅၈ ဩဂုတ် ၃၁ ညီလာခံ၌ အသင်းအတွင်း အင်အားစုနှစ်ဖက် တင်းမာလာသည်။ က ခ ပြဿနာကား မပြီးပြတ်။

[၁]

အကိုးအကား[ပြင်ဆင်ရန်]

  1. မြန်မာစာပေအဘိဓာန်၊ ပထမတွဲ။ မလိခ။ ပကြိမ်။ ဩဂုတ်၊ ၂၀၁၆။ စိတ်ကူးချိုချိုစာပေ။ ရန်ကုန်