ကွိုက်ပစ်ကစားခြင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ကွိုက်ပစ်ကစားခြင်း[ပြင်ဆင်ရန်]

ရှေးဂရိလူမျိုးများထံမှ ယခုခေတ် လူများ အမွေဆက်ခံရ လိုက်သည့် ကစားနည်းအမျိုးမျိုးတို့ အနက်၊ ကွိုက်ပစ်ကစား နည်းသည် တစ်မျိုးအပါအဝင် ဖြစ်သည်။ ကွိုက်ပစ်ကစားနည်း မှာ လက်ချိန်လက်ဆကောင်းရန် အထူးလိုအပ်သော သံကွင်းပစ် ကစားခြင်းပင် ဖြစ်လေသည်။

ကွိုက်ပစ်ကစားရာတွင် အသုံးပြုသော သံကွင်းမှာ အချင်း ၈ လက်မရှိ၍ အလေးချိန်၇ ပေါင်မှ ၉ ပေါင်အထိ ရှိပြီးလျှင် တေးအနားပတ်တလျှောက်ကို ထက်အောင် ပြုလုပ်ထားလျက်၊ တစ်ဖက်တွင်ခုံး၍ တစ်ဖက်မှာ ပြားနေလေသည်။ ထိုသံကွင်းကို ကစားကွင်းတစ်ဖက်တချက်တွင် စိုက်ထားသော သံချွန်ငုတ် တစ်ခုမှ တစ်ခုသို့ စွပ်မိစေရန် သို့မဟုတ် အနီးဆုံး ရောက်စေ ရန် လှမ်း၍ပစ်ရသည်။

သံချွန်ငုတ် တစ်ခုနှင့်တစ်ခုသည် ၁၈ ကိုက်မျှ ကွာ၏။ ထိုသံချွန်ငုတ်တို့သည် မြေပြင်ပေါ်တွင် တစ်လက်မခန့်မျှသာ ပေါ်ထွက်နေကြပြီးလျှင်၊ ယင်းတို့၏ ဘေးပတ်လည်၌ မြေပျော့ ကွက်အဝိုင်း တစ်ခုစီ ရှိလေသည်။ ကစားသူသည် သံချွန်ငုတ် တစ်ခုမှ အခြားသံချွန်ငုတ်တစ်ခုသို့ သံကွင်းကို လှမ်းပစ်ရာတွင် သံကွင်းသည် သံချွန်ငုတ်ကို ခွင်ကျစွပ်ကာ၊ မြေပျော့၌ စိုက်ဝင် ခဲ့လျှင် ၂ မှတ်ရ၏။ သံကွင်းသည် သံချွန်ငုတ်ကို မစွပ်မိ သော်လည်း၊ ယှဉ်ပြိုင်ကစားသူ၏ သံကွင်းထက် သံချွန်ငုတ်နှင့် ပို၍ နီးကပ်ခဲ့လျှင်၊ ၁ မှတ်ရလေသည်။ ပစ်လိုက်သော သံကွင်းသည် ပြားသောဖက်နှင့် ကျခဲ့လျှင်ကား စည်းကမ်းမကျ သဖြင့် တစ်မှတ်မျှ မရတော့ချေ။

ကွိုက်ပစ်ကစားနည်းကို တစ်မျိုးပြုပြင်လျက်၊ ပင်လယ်ကူး သင်္ဘောများ ကုန်းပတ်ပေါ်တွင် ကစားလေ့ ရှိကြသေး၏။ ထို ကစားနည်းမျိုးကား ဒက်ကွိုက်ကစားခြင်း ဖြစ်ပြီးလျှင်၊သံကွင်း အစား ရော်ဗာကွင်းကို၎င်း၊ တစ်လက်မ သံချွန်ငုတ်အစား၊ ၁၈ လက်မ သစ်သားငုတ်တိုင်ကို၎င်း၊ အသုံးပြုလျက်၊ ၁၅ ပေ အကွာမှ လှမ်း၍ပစ်သည်။ အချို့တို့သည် သစ်သားငုတ်တိုင် အစား၊ အမှတ်စဉ်လိုက်တပ်ထားသော စက်ဝိုင်းသုံးထပ်ကို ပစ်ကွင်းအဖြစ်ဖြင့် အသုံးပြုကြ၏။

ကွိုက်ပစ်ကစားနည်းကို ပြုပြင်ထား၍၊ ခေတ်စားလာသော အခြားကစားနည်းတစ်ခုမှာ၊ တင်နီကွိုက် ကစားခြင်းပင် ဖြစ်၏။ တင်နီကွိုက်ကစားရာတွင် လိုအပ်သောအရာတို့မှာ ကော်ဖတ် (ရော်ဗာ) ကွင်းတစ်ခု နှင့် ပိုက်တန်းတစ်ခု ပါဝင် ရလေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)