ကြွက်သေတစ်ခု အရင်းပြု

ဝီကီပီးဒီးယား မှ

ကြွက်သေတစ်ခု အရင်းပြု ဟူသည်မှာ မြန်မာစကားပုံတစ်ခုဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ကြွက်သေတစ်ကောင်ကို အရင်းအနှီးပြု၍ ချမ်းသာလာသကဲ့သို့ အနည်းငယ်မျှသော အရင်းအနှီးကိုအမှီပြုလျက် တစတစတိုးပွားလာအောင်ပြုကာ ချမ်းသာကြွယ်ဝခြင်းအဖြစ်သို့ရောက်ရှိလာသော အဖြစ်အပျက်ကို တင်စားပြောဆိုရာတွင် သုံးသည်။

ဤစကားပုံ၏ ဗျုပ္ပတ် (အကြောင်းရင်း)မှာ စူဠသေဋ္ဌိဇာတ်တော်လာ ကောင်းကင်နက္ခတ်ဂြိုဟ်အသွားအလာ၊ အတိတ်၊ နိမိတ်များအားလုံးကို ကြည့်ရှုကောက်ယူနိုင်စွမ်းရှိသော စူဠသေဋ္ဌိသူဌေးကြီး၏ နန်းတော်သို့အခစားဝင်ရန် အလာ နန်းတော်အဝင်လမ်းရှိကြွက်သေတစ်ကောင်ကို မြင်မိ၍ နက္ခတ်နှင့်ယှဉ်ကြည့်ကာ “အင်း ဉာဏ်ပညာနဲ့ပြည့်စုံသူ ဆိုရင် ဒီကြွက်သေကို အရင်းပြုပြီး အလုပ်တစ်ခုလုပ်လိုက်ရင် ဧကန် ကြီးပွားချမ်းသာလိမ့်မယ်” ဟု ထုတ်ပြောလိုက်သည့် စကားကို ကြားမိသော ဉာဏ်ပညာနှင့် ပြည့်စုံသည့် ဆင်းရဲသားတစ်ယောက်က ကြွက်သေကို ယူပြီး ဈေးမှာရောင်း၊ ရသောငွေကို တင်လဲဝယ်၊ ရေထည့်၊ လာသမျှသူများကို တင်လဲကျွေး၊ ရေတိုက်သဖြင့် ပန်းများရ၊ ထိုပန်းများကို ရောင်းသောအခါ ငွေထပ်ရ … အစရှိသဖြင့် ပွားလာရာ နောက်ဆုံးအမြတ်ငွေ အသပြာ နှစ်သိန်းအထိ ရရှိသွားသောအခါ ကျေးဇူးသိတတ်သူဖြစ်၍ သူဌေးကြီးကို ငွေတစ်သိန်း သွားရောက် ကန်တော့၍ အကြောင်းစုံရှင်းပြရာ သူဌေးကြီးက အလွန်သဘောကျပြီး သမီးနှင့် လက်ထပ်ပေးကာ ပစ္စည်းဥစ္စာများပါလွှဲပေးပြီး သူဌေးဘွဲ့ပါ ချီးမြှင့်လိုက်ခြင်းအကြောင်းပင်ဖြစ်သည်။ ဆင်းရဲသားသည် ထိုနေ့မှစ၍ စူဠသေဋ္ဌိ သူဌေးကြီးကို အမှီပြုကာ ကြီးပွားလာရသူဖြစ်သဖြင့် စူဠန္တေဝါသိကသူဌေးဟု အမည်တွင်လာ၏။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ကြွက်သေတစ်ခု၊ အရင်းပြု၍၊ ကြွယ်မှုတတ်ဆုံး၊ သူဌေးထုံးကို၊ နှလုံးမူလျက်၊ ကြံစည်နက်၍၊" [၈၆၅] လောသာ * ၁၈။
  • "ကြွက်သေတစ်ခု အရင်းပြုဆိုသည့်စကားပုံကို သတိပြုပြီး ဆန်ကို မုန့်အမျိုးမျိုးလုပ်၍ ရောင်းချခြင်းအားဖြင့် အမြတ်အစွန်းကို ဖြစ်စေနိုင်ပါတယ်။" [၁၂၉၃] ဒဂုန်၊ ၁၂၊ ၁၃၆။ ၂၄၁။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၃၂
  2. ဆရာမကြီး ကြည်ဦး၏ စကားပုံအလင်းပြကျမ်း