ကြံပင်

ဝီကီပီးဒီးယား မှ
ကြံပင်
Saccharum officinarum[၁]
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Monocots
Clade: Commelinids
မျိုးစဉ်: Poales
မျိုးရင်း: Poaceae
မျိုးရင်းသေး: Panicoideae
Supertribe: Andropogonodae
မျိုးဇာတ်: Andropogoneae
မျိုးဇာတ်သေး: Saccharinae
မျိုးစု: Saccharum
L.
အမျိုးအစား မျိုးစိတ်
Saccharum officinarum
Synonyms[၄]
  • Erianthus Michx.
  • Narenga Bor
  • Saccharifera Stokes
  • Syllepis E.Fourn.

မြန်မာနိုင်ငံ စီးပွားရေးတစ်ရပ်ဖြစ်သော ကြံပင်မှ ကြံ၏အရသာကို မြန်မာတိုင်း သိကြပေသည်။ သို့သော် ကြံပင်သည် မည်သည့်အရပ်၌ စတင်ပေါ်ပေါက်၍ မည်သို့ပျံ့နှံ့သွားသည်ကိုမူ သိကြမည်မဟုတ်ပေ။ ထို့ပြင် ကြံမှထွက်သော သကြားသည် တိုင်းပြည်စီးပွားရေး အတွက် မည်မျှအရေးပါနိုင်သည်ကို ချိန်ဆပြီးလျှင် မြန်မာနိုင်ငံသည် ကြံစိုက်၍ မည်မျှဖြစ်ထွန်းနိုင်ကြောင်းကို လေ့လာသင့်သည်။

ကြံပင်ကို မမြင်ဖူးသူဟူ၍ မြန်မာနိုင်ငံ၌ ရှိမည်မထင်ချေ။ မြင်ဖူးကြရုံမက ကြံလတ်လတ်ဆတ်ဆတ်ကိုလည်းကောင်း၊ အရည်ညှစ်၍ရသော ကြံရည်ကိုလည်းကောင်း၊ ကြံရည်မှ ကျိုချက်၍ရသော ကြံသကာနှင့် သကြားကိုလည်းကောင်း စားဖူးကြသဖြင့် ကြံ၏အရသာကိုလည်း လူတိုင်းပင် သိကြသည်။

ကြံပင်သည် အာရှတိုက်အရှေ့ပိုင်း၌ ရှေးဦးစွာ ပေါက်သည်ဟု ထင်မှတ်ရသည်။ အာရပ်လူမျိုးတို့က ကြံပင်ကို အိန္ဒိယနိုင်ငံမှတစ်ဆင့် ဥရောပတိုက်သို့ ယူဆောင်ပြီးသော် အီဂျစ်နိုင်ငံ၊ စစ္စလီကျွန်းနှင့် စပိန်နိုင်ငံများ၌ စိုက်ပျိုးကြသည်။ ထို့နောက် ပေါ်တူဂီလူမျိုးတို့က ဘရာဇီးနိုင်ငံသို့ ယူဆောင်သွားခဲ့သည်တွင် ထိုနိုင်ငံနှင့် အနောက်အိန္ဒိယကျွန်းစုတို့၌ ကြံပင်ကို အကြီးအကျယ် စိုက်ပျိုးလာကြပြန်သည်။ ဥရောပတိုက်တွင် ကြံမှရရှိသော သကြားကို မသုံးနိုင်မီက ပျားရည်ကို သုံးစွဲခဲ့ကြရသည်။ သို့သော် နပိုလီယန်စစ်ပွဲများ ဖြစ်ပွားသော ခေတ်အတွင်းက ဥရောပတိုက်တွင် အချိုအရသာအတွက် သကြားမုန်လာပင်များကို စတင်စိုက်ပျိုးခဲ့ကြသည်။ သကြားမုန်လာပင်သည် သမပိုင်းဒေသများ၌ စိုက်ပျိုးနိုင်သော အပင်ဖြစ်၍ ကြံပင်ကိုမူ အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသများတွင်သာ စိုက်ပျိုးနိုင်သည်။

အိန္ဒိယနိုင်ငံ၊ ကျူးဗားကျွန်း၊ ဂျားဗားကျွန်း၊ ဖိလစ်ပိုင်ကျွန်း၊ အမေရိကန်ပြည်ထောင်စုနှင့် ပွားတိုရီးကိုးကျွန်းတို့မှာ ယခုအခါ ကမ္ဘာပေါ်၌ ကြံပင်အကြီးအကျယ်စိုက်ပျိုး၍ သကြား အမြောက်အမြားထွက်သော ဒေသများ ဖြစ်ကြပေသည်။ မြန်မာနိုင်ငံ ခရိုင်တိုင်းလိုမှာပင် ကြံပင်စိုက်ပျိုးနိုင်သည်။ သို့ရာတွင် အထူးတလည် အောင်မြင်ဖြစ်ထွန်းသော ဒေသတို့မှာ သထုံ၊ မြစ်ကြီးနား၊ ရမည်းသင်း၊ တောင်ငူ၊ ပဲခူးနှင့် ကျောက်ဆည်ခရိုင်တို့ ဖြစ်ကြသည်။ ကြံသကာလုပ်ငန်းသည် ရမည်းသင်းခရိုင်၊ ပျဉ်းမနားနယ်တွင် အထူးထင်ရှား၍ သကြားလုပ်ငန်းမှာ မြစ်ကြီးနား၊ တောင်ငူနှင့် သထုံခရိုင်များတွင် စတင်အမြစ်တွယ်ကာ ထွန်းကားလာနေပေပြီ။ မြစ်ကြီးနားခရိုင်ရှိ ဆားမှော်သကြားစက်၊ တောင်ငူခရိုင်ရှိ ဇေယျဝတီသကြားစက်တို့သည် သကြားလုပ်ငန်း၏ အခြေခံဌာနများပင် ဖြစ်ကြလေသည်။

ကြံပင်သည် သန်စွမ်းကြီးထွားရေးအတွက် ပူအိုက်သောရာသီကို လိုသည်။ သို့သော် ရာသီအမျိုးမျိုး အခြေအနေအမျိုးမျိုးရှိသော ဒေသတို့၌လည်း ပေါက်နိုင်သည်ကို တွေ့ရသဖြင့် ရာသီဥတုနှင့် စပ်လျဉ်း၍ ပုံသေကားချ ပြောဆိုရန် မလွယ်ကူချေ။ ကြံပင်သည် ကြီးထွားဆဲအချိန်၌ ရေအမြောက်အမြားလိုသော်လည်း ရင့်ရွမ်းချိန်တွင် သွေ့ခြောက်သော အခြေအနေကို ကြိုက်နှစ်သက်သည်။ မျိုးဖြတ်ကိုင်းကလေးများသည် မိုးမရွာသော်လည်း စိုက်ခင်းမြေအတွင်း၌ အစိုဓာတ်ရှိနေပါက အမြစ်တွယ်၍ အပင်ပေါက်နိုင်သည်။ ကြံကောင်းထွက်ရန် တစ်နှစ်လျှင် မိုးရေချိန် လက်မ ၅၀ ခန့် လိုသော်လည်း မိုးမှာ ပဓာနမဟုတ်။ စိုက်ခင်းတွင် ရေတော်သင့်အောင် ရမှုသာလျှင် အရေးကြီးသည်။

နုန်းမြေသည် ကြံစိုက်ရန် အထူး သင့်လျော်၍ မြစ်ကမ်းရိုး၊ ချောင်းကမ်းရိုးတလျှောက်ရှိ၊ မြေစေးနုန်းမြေနက်များမှာ အကောင်းဆုံး ဖြစ်သည်။ မြေစေနုန်းမြေများတွင် ကြံစိုက်ပျိုးလိုပါက ရေထုတ်မြောင်းများရှိဖို့ လိုအပ်သည်။ ကြံစိုက်ပျိုးရာ၌ အနာအဆာကင်း၍ မျက်ကွယ်ပါသော မည်သည့်အပိုင်းအဆစ်ကိုမဆို စိုက်ပျိုးနိုင်သည်။ အဖျားပိုင်းရှိ အဆစ်များတွင် ရှစ်ဆစ်မှ ဆယ်ဆစ်တို့သည် မျိုးအတွက် အသင့်တော်ဆုံး ဖြစ်သည်။

မြန်မာနိုင်ငံ၌ ကြံစိုက်ပျိုးသည့်အချိန်မှာ တစ်နေရာနှင့် တစ်နေရာ မတူချေ။ အောက်မြန်မာနို်င်ငံတွင် ချောင်းကမ်းပါးများ၌ဖြစ်စေ၊ ကုန်းမြေများ၌ဖြစ်စေ၊ မိုးနှောင်းမိုးလို ကြံပင်များ သောက်သုံးနိုင်စေရန် တော်သလင်းလပြည့်မှ သီတင်းကျွတ် လပြည့်တိုင်အောင် စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံအလယ်ပိုင်း၊ ပျဉ်းမနားနယ်၌ နတ်တော်လ၊ ပြာသိုလများလောက်တွင် စတင် စိုက်ပျိုးကြ၍ တစ်ခါတစ်ရံ တပေါင်းလတိုင်အောင် စိုက်ကြသည်။ ရေသွင်းပေးနိုင်သော ဒေသများတွင်မူ တပေါင်းလကို ကြံပင်စိုက်ရန် အကောင်းဆုံးအချိန်အဖြစ် သတ်မှတ်ကြသည်။ ကြံခင်းမြေကို တတ်နိုင်သမျှ နက်အောင် ထယ်ထိုးပေးလျှင် အထူးကောင်းမွန်သည်။ နွားချေးကို အမှုန့်ချေလျက် ကြံပင်စိုက်သည့် အတန်းလိုက် ချပေးပါက ကြံပင်များသန်စွမ်းသည်။ နွားချေးမှုန့်ကို ဤနည်းအတိုင်း ကြံပင်များ ကြီးမြင့်လာသည့်တိုင်အောင် နှစ်ကြိမ်သုံးကြိမ် စသည်ဖြင့် လိုသလို ချပေးသင့်သည်။ အခြားမြေဩဇာကောင်းများမှာ နှမ်းဖတ်၊ ဝါစေ့ဖတ်၊ မြေပဲဖတ်နှင့် ကြက်ဆူစေ့ဖတ်များ ဖြစ်ကြသည်။ သို့ရာတွင် ကြံစိုက်သည့်နည်းလမ်းတို့သည် ကြံစိုက်သည့် အချိန်ကဲ့သို့ပင် အမျိုးမျိုး နေရာဒေသအလိုက် ကွဲပြားကြသည်။

ကြံစိုက်သည့်အချိန်မှ ၁၀ လ ၁၂ လခန့် ကြာလျှင် ကြံဖြတ်ယူရန် သင့်တော်ပြီဖြစ်သည်။ သို့သော် ကြံသကာနှင့် သကြားချက်ရန်အတွက်မူ ၁၂ လ လောက်ထားပြီးမှ ဖြတ်ယူလျှင် ပို၍ကောင်းသည်။ ကြည့်ရှုပြုစုကောင်းပါက မြန်မာနိုင်ငံတွင် မြေတစ်ဧကလျှင် ကြံချောင်းရေ ၁၀၀၀၀ မှ ၂၀၀၀၀ အထိ ထွက်နိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ အညာကြံ၊ ကြံနက်၊ ကိုင်းကြံ၊ ကျောက်ကောင်းကြံ စသည်ဖြင့် အမျိုးပေါင်းများစွာ ရှိသော်လည်း အကြီးအကျယ် စိုက်ပျိုးရန်ကောင်းသော မြန်မာကြံမျိုးကောင်းနှစ်မျိုးမှာ ပျဉ်းမနားကြံနီနှင့် တောင်ငူကြံဝါတို့ ဖြစ်ကြသည်။ ပျဉ်းမနားကြံသည် မိုးပါးသော မြန်မာနိုင်ငံအထက်ပိုင်း၌ အထူးဖြစ်ထွန်း၍ တောင်ငူကြံဝါမှာ မိုးများသော မြန်မာနိုင်ငံအောက်ပိုင်းနှင့် ရေသွင်းပေးနိုင်သော ဒေသများတွင် သင့်လျော်သည်။ သို့သော် တောင်ငူကြံဝါသည် အပင်လဲ၍ ပေါက်တတ်သည်ကို သတိပြုရမည်။

အထက်ပါကြံများအပြင် ယခုအခါ နိုင်ငံခြားမှ ရရှိသော ကြံမျိုးများစွာကိုလည်း မြန်မာနိုင်ငံ၌ စမ်းသပ်စိုက်ပျိုးကြရာ ကောင်းစွာဖြစ်ထွန်းကြောင်း တွေ့ရသည်။ နိုင်ငံခြားကြံမျိုးများအနက် ပီ၊ အို၊ ဂျေ (၂၈၇၈)နှင့် ပီ၊ အို၊ ဂျေ (၂၇၂၇)တို့သည် ကြံချောင်းအရေအတွက်၌လည်းကောင်း၊ သကြားအထွက်၌လည်းကောင်း များစွာကောင်းမွန်သဖြင့် ယခုအခါ မြန်မာနိုင်ငံ အနှံ့အပြားမှာပင် စိုက်ပျိုးလုပ်ကိုင်နေကြပြီ ဖြစ်သည်။ ကွိုင်ဗာတူးကြံမျိုးကိုလည်း စိုက်ပျိုးလျက် ရှိကြပေသည်။ [၅]

ကြံရည်[ပြင်ဆင်ရန်]

ကြံရည်သည် ကြံပင်စည် (ကြံချောင်း)ကို ဘေးအခွံများကို သင်ပြီး ကြိတ်စက်ထဲသို့ ထည့်ကြိတ်ကာ ရရှိလာသော အရည်ကို ခေါ်သည်။


ကိုးကား[ပြင်ဆင်ရန်]

  1. 1897 illustration from Franz Eugen Köhler, Köhler's Medizinal-Pflanzen
  2. lectotype designated by Hitchcock, Prop. Brit. Bot. 119 (1929)
  3. Tropicos, Saccharum L.
  4. "Saccharum L."Plants of the World Online။ Royal Botanic Gardens, Kew2021-09-05 တွင် ပြန်စစ်ပြီး
  5. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)