ကြေးနန်းဝန်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ကြေးနန်းဝန်ရာထူးကို ရတနာပုံခေတ်တွင်မှ စတင်တွေ့ရှိရပါသည်။ အိမ်ရှေ့စံ ကနောင်မင်းသားကြီး၏ အစီအစဉ်ဖြင့် ကြေးနန်းပညာရပ်များကို နိုင်ငံရပ်ခြားသို့ ပညာတော်သင်များ စေလွှတ်သင်ယူခဲ့ပြီးနောက် မြန်မာ့ကြေးနန်းလုပ်ငန်းအား စတင်ခဲ့ကြခြင်းဖြစ်သည်။

မြန်မာ့ကြေးနန်း[ပြင်ဆင်ရန်]

မြန်မာ့ကြေးနန်းလိုင်းများကို ၁၈၇၀ ပြည့်နှစ်ခန့်တွင် စတင်သွယ်တန်းခဲ့သည်။ ကြေးနန်းလိုင်းတစ်လျှောက် ကြေးနန်းရုံများထားရှိရာ၌ မန္တလေးနန်းတော်တွင်းမှ ဗြိတိသျှပိုင်နက် နယ်စပ်ဒေသ ဒဂုန်မော်အထိ ကြေးနန်းရုံ ၉ ရုံရှိပါသည်။၎င်းင်းတို့မှာ မန္တလေးနန်းတွင်းရုံ၊ မန္တလေးမြို့တွင်းရုံ၊ သပြေတန်းရွာခံတပ်အနီးရုံ၊ အင်းဝရုံ၊ မြင်းခြံရုံ၊ ပုဂံရုံ၊ ရေနံချောင်းရုံ၊ တိုင်ပျောက်ရုံနှင့် ဒဂုန်မော်ရုံတို့ ဖြစ်ကြပါသည်။ ကြေးနန်းရုံများကို ဓာတ်ရုံတော်ဟုခေါ်ဆိုကြပြီး ကြေးနန်းရုံတစ်ရုံစီ၌ ကြေးနန်းဆရာတစ်ဦးစီ တာဝန်ယူခဲ့ကြရ၏။ ကြေးနန်းလိုင်းများဆွဲရာတွင် စားကျင်းဝချောင်း၊ ယောဝချောင်း၊ ဒုတ္ထဝတီမြစ်၊ ကြေးပင်ပေါင်ချောင်း၊ မြို့သာချောင်း စသည့်မြစ်ချောင်း ၂၀ ခန့်ကို ဖြတ်သန်းသွားရရာ ထိုခေတ်ကာလက အတော်အတန်ခေတ်မီလျက်ရှိပြီဟု ဆိုနိုင်ပါသည်။ တိုင်ပျောက်ရွာ ဓာတ်ရုံမှ တောင်တွင်းကြီးသို့ ဆက်သွယ်သော သီးခြား ကြေးနန်းလိုင်းလည်း ရှိပါသေးသည်။

ကြေးနန်းဝန်ဦးဘိုးဝိုင်း[ပြင်ဆင်ရန်]

ကြေးနန်းဆရာများအား အုပ်ချုပ်ရသည့် ကြေးနန်းဝန်တစ်ဦးကိုလည်း ခန့်အပ်ထားရှိရာ မင်းတုန်းမင်းလက်ထက် ကြေးနန်းဝန်မှာ မင်းထင်မင်းခေါင်ဘွဲ့ခံ ဦးဘိုးဝိုင်းဖြစ်ပါသည်။ ဦးဘိုးဝိုင်းသည် ကင်းဝန်မင်းကြီး၏ တူတော်စပ်သူဖြစ်ကြောင်းလည်း အဆိုရှိပါသည်။ သံတော်ဆင့်ရာထူးကိုပါ ပူးတွဲတာဝန်ထမ်းဆောင်ရသဖြင့် သံတော်ဆင့်ကြေးနန်းဝန်ဟု အမည်တွင်ပါသည်။ သီပေါမင်း နန်းတက်စတွင် ဦးဘိုးဝိုင်းကို မင်းထင်မင်ခေါင်ကျော်ဘွဲ့ဖြင့် ကြေးနန်းဝန်အရာ ဆက်လက်ခန့်အပ်ခဲ့၏။ တစ်ချိန်က ထင်ရှားခဲ့သည့် နယ်ပိုင် ဝန်ထောက် ဦးအံ့ထူးမှာ ကြေးနန်းဝန် ဦးဘိုးဝိုင်း၏ သားတစ်ဦးဖြစ်ပါသည်။

လီပိဒီပိကာကျမ်း[ပြင်ဆင်ရန်]

မြန်မာ့ကြေးနန်းရိုက်နည်းဆိုင်ရာ လီပိဒီပိကာကျမ်းကို ယောမင်းကြီး ဦးဘိုးလှိုင်က ၁၈၆၉ ခုနှစ်တွင် ရေးသားပြုစုခဲ့ပါသည်။ မြန်မာသင်ပုန်းကြီး အခြေခံဖြစ်သော ဗျည်း၊ သရနှင့် သင်္ကေတပေါင်း ၆၂ မျိုးကို သဘောတူရာအတို နည်းဖြင့် စုရုံးကာ ဗျည်းသရ ၂၅ မျိုးကိုသာ အသုံးပြုလျက် ကြေးနန်းရိုက်နည်း စနစ်ကို တီထွင်ခဲ့ခြင်း ဖြစ်ပါသည်။ ယင်းကျမ်းကို မန္တလေးတွင် ရုံးစိုက်သော ဗြိတိသျှ နိုင်ငံရေး ကိုယ်စားလှယ် မေဂျာ မက္ကမေဟန်က ၁၅ အောက်တိုဘာ ၁၈၇၀ တွင် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုကာ စာအုပ်ထုတ်ဝေခဲ့ပါသည်။ ဘာသာပြန်သူက ယောမင်းကြီး ဦးဘိုးလှိုင်၏ တီထွင်တတ်မှုကို ချီးကျူးထားပါသည်။

ကြေးနန်းစာ ပေးပို့မှု[ပြင်ဆင်ရန်]

ကြေးနန်းစာပေးပို့မှုများမှာ ၁၈၇၀ ပြည့်လွန်နှစ်များတွင် အထူးတိုးတက်လာခဲ့ပါသည်။ ထိုခေတ်က ဓာတ်ရုံတော်များတွင် တာဝန်ကျခဲ့ကြသူ ကြေးနန်း ဆရာများမှာ ဦးကျီးညို (ဒဂုံမော်ဓာတ်ရုံ)၊ ဦးအုန်း (မန္တလေးဓာတ်ရုံ)၊ ဦးကွန်း (မြင်းခြံဓာတ်ရုံ)၊ ဦးဆုန် (တိုင်ပျောက်ဓာတ်ရုံ-မင်းလှမြို့အနီး)၊ ဦးဘိုးနွဲ့ (မိုးနဲဓာတ်ရုံ)၊ ဦးဆုန် (ရွာငံဓာတ်ရုံ) စသည်တို့ ဖြစ်ကြပါသည်။ ကြေးနန်းဆရာများအကြား ပြဿနာတစ်စုံတရာပေါ်ပေါက်ခဲ့ပါလျှင် ကြေးနန်းဝန်က တာဝန်ယူဖြေရှင်းပေးရပါသည်။ တစ်ကြိမ်တွင် ဒဂုံမော်ဓာတ်ရုံတော်မှ ကြေးနန်းဆရာဦးကျီးညိုက ဘင်္ဂလားမှ မြင်းခြံသို့ ရိုက်သည့်ကြေးနန်းစာကို နေပြည်တော်သို့ မှားပို့မိရာ ကျသင့်ငွေအား ပေးလျော်စေခဲ့သည်။ ၁၈၇၃ ခုနှစ်ခန့်ကလည်း ဆပ်သာလင် မက္ကင်ဇီ ကုမ္ပဏီမှ ဦးပေါက ကြေးနန်းစာရေး ဦးစိန်သည် စကားလုံးရေကို ကြေးနန်းပြေစာတွင် မထည့်သွင်းဘဲ နောက်မှ ဖြည့်သွင်းကာ ငွေပမာဏ ပိုမိုပြသကြောင်း တိုင်ကြားခဲ့သည်။ မည်သို့ဆိုစေကာမူ ပြဿနာ အနည်းငယ်ရှိခဲ့သည်မှအပ မြန်မာ့ကြေးနန်းလုပ်ငန်းမှာ အောင်မြင်တိုးတက်ခဲ့သည်ဟု ဆိုနိုင်ပါသည်။

ကြေးနန်းပညာတော်သင်များ[ပြင်ဆင်ရန်]

ရတနာပုံခေတ်တွင် ကြေးနန်းပညာရပ် တိုးတက်ထွန်းကားရေးအတွက် ကြေးနန်းပညာတော်သင်အချို့ကို ထိုစဉ်က ဗြိတိသျှ လက်အောက်သို့ ကျရောက်နေပြီဖြစ်သည့် ရန်ကုန်မြို့သို့ စေလွှတ်ပညာသင်ယူစေခဲ့ပါသည်။ ရန်ကုန်မြို့ ကြေနန်းရုံးကြီးတွင် ပညာဆည်းပူးခဲ့ကြသူ ကြေးနန်းဆရာအချို့မှာ မောက်ကျီးညို (ဒဂုန်မော်)၊ မောင်အုန်း (မန္တလေး) နှင့် မောင်ဆုန် (မင်းလှ) တို့ ဖြစ်ကြပါသည်။ ကြေးနန်းဆရာအချို့မှာမူ ဘင်္ဂလား၌ ကြေးနန်းပညာသင်ယူခဲ့ကြကြောင်း သိရှိရ၏။ ထိုသူများအနက် ထင်ရှားသူတို့မှာ မောင်ပေါက်ထွန်း (ဘာသာပြန် ကြေးနန်းဆရာ)နှင့် မောင်ကွန်း (မြင်းခြံ) တို့ ဖြစ်ကြ၏။ မောင်ပေါက်ထွန်းသည် အင်္ဂလိပ်ဘာသာ ကျွမ်းကျင်သူဖြစ်ရာ ဘာသာပြန် ကြေးနန်းကိစ္စကို တာဝန်ယူခဲ့ရကြောင်း သိရှိရ၏။