မာတိကာသို့ ခုန်သွားရန်

ကြောင်ပန်း

ဝီကီပီးဒီးယား မှ
Vitex trifolia
leaves, seeds (left), flowers (right)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Asterids
မျိုးစဉ်: Lamiales
မျိုးရင်း: Lamiaceae
မျိုးရင်းသေး: Premnoideae
မျိုးစု: Vitex
မျိုးစိတ်:
V. trifolia
ဒွိနာမ
Vitex trifolia
ကြောင်ပန်း(ကြောင်ပန်းငယ်)

ကြောင်ပန်း (ကြောင်ပန်းငယ်, Indian wild pepper) သည် အပင်ချုံပင်ငယ်မျိုးဖြစ်သည်။ အမြင့် ၁၅ ပေခန့်ထိ ရှိတတ်သည်။ ပင်စည်မှာ ညိုခြောက်ခြောက်အရောင်ရှိ၏။ အခေါက်ပါးသော်လည်း အနည်းငယ် ကြမ်းသည်။ အရွက်မှာ ၃ ရွက် မြွှာပေါင်းဖြစ်၍ မျက်နှာချင်းဆိုင် အလှည့်ကျ ထွက်သည်။ ၃ ရွက်တွင် အလယ်ရွက်သည် ကျန်ဘေး ၂ ရွက်ထက် ပိုကြီး ပြီး ပို၍ ရှည်သည်။ ပုံသဏ္ဌာန်မှာ ထိပ်ဘက် ကျယ်သော ဘဲဥပုံရှိ၏။ အရင်းသွယ်၍ ထိပ်ဖျားချွန်သည်။ ရွက်ညှာ ၁ လက်မ၊ ၁ လက်မခွဲခန့်ရှိ၏။ အရွက်အောက်မျက်နှာပြင် မီးခိုးပြာရောင်ဖြစ်ပြီး အပေါ်မျက်နှာသည် အစိမ်းပုပ်ရောင် ရှိ၏။

အပွင့်သည် ထိပ်ထွက် ပန်းခိုင် ဖြစ်သည်။ အပွင့်ကလေးများ သေးငယ်ပြီး စုပြုံ၍ပွင့်၏။ အရောင်မှာ ခရမ်းရောင်ရှိ၏။ ပွင့်ဖတ် ၅ ခုပါရှိ၍ တစ်ခုမှာ ထူးခြားနေ၏။ ရှည်၍ အနည်းငယ် ကြီးပြီး ခရမ်းရင့်ရောင် ရှိသည်။ ၎င်းအဖတ်တွင် အရည် ရွှမ်းသော ခရမ်းရင့်ရောင်ရှိသည်။ ကျန် ၄ ခုမှာ ရွယ်တူဖြစ်ပြီး ခရမ်းနုရောင် ဖြစ်၏။ ကဆုန်၊ နယုန်တွင် ပွင့်သည်။ အသီးမှာ လုံးဝိုင်းသည် ၊ ထိပ်ဘက် နီညိုရောင်ဖြစ်၏။ ဝါခေါင် ၊ တော်သလင်း တွင်သီးသည်။

ရခိုင်လို ကျွန်ပန်းဟု ခေါ်ပြီး[]၊ မြန်မာနိုင်ငံ အပူပိုင်း ဒေသတွင် အများအပြား တွေ့ရသည်။ ပေ ၃၀၀၀ ကျော်အထိပေါက်ရောက်နိုင်သည်။ သဘာဝအလျောက် ပေါက်ရောက်သည်။

အသုံးဝင်ပုံ

[ပြင်ဆင်ရန်]

မြန်မာဆေးကျမ်းများအလိုအရ ခါး၏၊ ဖန်၏၊ ပူ၏၊ ဝမ်းမီးကိုတောက်စေ၏၊ လေကိုနိုင်၏၊ အနာကို အသားနုတက်၍ ပျောက်စေ၏။ အဖျားကို နိုင်၏။ မီးယပ်မှန်စေ၏။ အားအင်တိုးပွား၏၊ အဆိပ်ကို ပြေပျောက်စေ၏။

  1. အရွက်ကို အရည်ညှစ်သောက်ခြင်းဖြင့် လည်းကောင်း ၊ ကြော်စားခြင်းဖြင့်လည်းကောင်း အကြော ရောဂါများ ပျောက်ကင်း၏။
  2. ကြောင်ပန်းရွက်ရည်တွင် နှမ်းဆီနှင့် ပျားရည် အနည်းငယ် ထည့်ပြီး နားကြပ်ပေးသော် နားပြည်ယို ၊ နားကိုက်ခြင်း ပျောက်သည်။
  3. ကြောင်ပန်းရွက်ကို အရည်ညှစ်သောက်ခြင်းဖြင့် အရေပြားရောဂါကို လည်းကောင်း ၊ သက်ရင်းကြီးမြစ် သွေးရည်နှင့် ရောသောက်ခြင်းဖြင့် ဖောရောင်ရောဂါကိုလည်းကောင်း ပျောက်စေသည်။
  4. ကြောင်ပန်းရွက် ပြုတ်သောက်သော် ညောင်းကျရောဂါ ၊ ငှက်ဖျားရောဂါ နှင့် မီးတွင်းဖျားရောဂါများ ပျောက်ကင်း၏။
  5. ကလေးသူငယ် နှာစေးချောင်းဆိုးနာ ပျောက်စေ၏။
  6. ကြောင်ပန်းရွက်ကို ကြိတ်ညှစ်ရည်ဖြင့် အနာပေါက်များကို လိမ်းပေးသော် ပျောက်၏။
  7. ကြောင်ပန်းရွက်ကို ကြက်သွန်ဖြူနိုင်နိုင်ဖြင့် သုပ်စားပါက လေနာရောဂါ၊ ဝမ်းဖောဝမ်းရောင် ၊ ဝမ်းကိုက်ရောဂါများ ပျောက်၏။
  8. အိမ်မပျော်သောရောဂါနှင့် ဦးနှောက်တွင် ဖြစ်သောရောဂါအတွက် ကြောင်ပန်းရွက် အခြောက်ကို ခေါင်းအုံးပြုလုပ်၍ အိပ်ခြင်းအားဖြင့် ပျောက်ကင်းစေ၏။
  9. ကလေးများ အညှော်မိခြင်း ၊ အဖျားကြီးခြင်း အတွက် ကြောင်ပန်းမြစ်ကို သွေး၍ တိုက်ကျွေးခြင်း ၊ နှာရှူစေခြင်းဖြင့် ပျောက်ကင်းစေနိုင်၏။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. မောင်သိန်းဇံ (ဇူလိုင် ၂၀၀၀)။ ရခိုင်မြန်မာဆေးအခေါ်ကွဲလွဲမှုများ။ နက္ခတ္တရောင်ခြည်။ p. ၂၈၁။
  2. http://arogyamonline.com/commodity/materials/?raw=93[လင့်ခ်သေ]