ကြာအေး

ဝီကီပီးဒီးယား မှ

ကြာအေး (အသုံးကွဲများ: ဂြာဧ၊ ဂျာအေး) သည် မြန်မာ သီချင်း ကဗျာတစ်ပုဒ်ဖြစ်၍ အမည်မသိ ရှေးစာဆိုတော်တစ်ဦးက ရေးဖွဲ့ခဲ့သည်။ အချို့က ကြောင်ပမ်းဆရာတော်ရေးဖွဲ့သည်ဟုလည်း ဆိုကြသည်။[ကိုးကားချက်လိုသည်] ဂျာအေးသီချင်းကဗျာသည် ပတ်လည်သီချင်း (သို့) အဆုံးမရှိသော အမျိုးအစားဖြစ်သည်။

ကဗျာ[ပြင်ဆင်ရန်]

ဤကဗျာသည် ခေတ်အဆက်ဆက်၌ မတူညီသော ခေါင်းစဉ်အချို့ဖြင့် ဖော်ပြခြင်းခံရရာ ဂြာဧ၊ ဂျာအေး တို့ဖြစ်ကြသည့်အပြင် ကဗျာ၏ အထက်အောက် စာသားစီစဉ် ဖော်ပြမှုများလည်း မတူခဲ့ပေ။ အောက်ပါကဗျာသည် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနက ပြဋ္ဌာန်းသော ဒုတိယတန်းမြန်မာဖတ်စာမှ ဖော်ပြထားခြင်းဖြစ်၍ ယင်းကဗျာစာမျက်နှာတွင် ကြာအေး ကို ဂျာအေးဦး ကို အုံး ဟူ၍ အသံထွက်ရန်လည်း လမ်းညွှန်ဖော်ပြထားသည်။[၁]

ကြာအေးကို သူ့အမေ ရိုက်လို့
မှောင်မိုက်မှာငို
ကိုလူပျို ထရံပေါက်က
ခြေထောက်ကိုဆွဲ တွဲလဲ
တွဲလဲ နေပါတုန်း
မိုးတောင်ကချုန်း မုန့်လုံး
မုန့်လုံး စက္ကူကပ်ပါလို့
ကြာကလပ်နှင့် ဆွမ်းတော်တင်
ပလ္လင်ပေါ်က မျောက်ကလေး
ဆင်းသက်လို့ပြေး ကြာအေး

အသုံးအနှုန်း[ပြင်ဆင်ရန်]

ပတ်လည် (သို့) အဆုံးမရှိသော သီချင်းဖြစ်သဖြင့် တစ်စုံတစ်ခုသည် အဆုံးအစမရှိ၊ အတောမသတ်ဖြစ်နေသည့် အခြေအနေကို ဖော်ပြသောအခါ "မုန့်လုံးစက္ကူကပ်"၊[၂] "ဂျာအေး သူ့အမေရိုက်" စသည့် စာသားများသည် အသုံးများသော စာသားများဖြစ်ကြသည်။ အချို့သောနယ်ပယ်များစွာတွင်လည်း တစ်ခုခုသည် တဝဲလည်လည်ဖြစ်နေသည်၊ ​ရှေ့သို့မရောက် လုံးလည်ချာလည်ရိုက်နေသည် စသည့် အနက်ဖြင့်လည်း သုံးနှုန်းကြသည်။ ဥပမာအနေဖြင့် "ရခိုင်ပြည်နယ်ရဲ့ လယ်ယာစိုက်ပျိုးရေးက ဂျာအေးသူ့အမေရိုက်ဆိုသလို အလုပ်မဖြစ်ဘူး ဖြစ်နေတယ်။"[၃] နိုင်ငံရေးနယ်ပယ်တွင်လည်း အသုံးများရာ နမူနာအားဖြင့် "ဂျာအေး သူ့အမေရိုက်၊ မုန့်လုံး စက္ကူကပ် ငြိမ်းချမ်းရေး ဖြစ်စဉ်မျိုးလား" ၊[၄] "... မြန်မာပြည်၏ ပြည်တွင်းစစ်ရပ်စဲရေးသည် ကမ်းမမြင် လမ်းမမြင် လမ်းပျောက်နေသကဲ့သို့ တစ်ဖက်နှင့် တစ်ဖက် “မုန့်လုံးစက္ကူကပ်၊ ဂျာအေးသူ့အမေရိုက်” နေကြသည့်အတွက် ရွာလည်နေဆဲဖြစ်သည်။..."[၅] "၂ဝဝ၈ ခုနှစ် အခြေခံဥပဒေဟာလည်း ဂျာအေးကို သူ့အမေရိုက်နေတာမို့ မှောင်မိုက်မှာငိုရမယ့်ကိန်း ဆိုက်နေပါတယ်။"[၆] စသည့် အသုံးပြုမှုများဖြစ်ကြသည်။


ဘာသာပြန်ဆိုမှုများ[ပြင်ဆင်ရန်]

ကြာအေးကဗျာကို ဂျေ အေ စတူးဝပ် (J. A. Stewart) က ၁၉၆၀ ပြည်နှစ်၊ မြန်မာနိုင်ငံသုတေသနအသင်း၏ နှစ်ငါးဆယ်ပြည့် စာစောင် အမှတ် (၂) တွင် "Some Songs and a Riddle" ထဲ၌ "Gya E" အမည်ဖြင့် ပြန်ဆိုထားသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ဒုတိယတန်း မြန်မာဖတ်စာ၊ ပညာရေးဝန်ကြီးဌာန၊ ၂၀၁၈-၁၉
  2. ၂.၀ ၂.၁ ဦးသန်းထွတ် (ပညာရေးတက္ကသိုလ်)။ ကျွန်တော်နှစ်သက်မိသောကဗျာများ။ ရွှေဟင်္သာစာပေ။ pp. ၁၄-၁၆။
  3. ရခိုင်ပြည်နယ်အတွင်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းခွင်၌ အခက်အခဲများစွာရှိ။ 15 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 September 2021 တွင် ပြန်စစ်ပြီး။
  4. ဂျာအေး သူ့အမေရိုက်၊ မုန့်လုံး စက္ကူကပ် ငြိမ်းချမ်းရေး ဖြစ်စဉ်မျိုးလား
  5. သုံးပွင့်ဆိုင်ငြိမ်းချမ်းရေးနှင့် လွဲနေဆဲ ဆုံမှတ်များ
  6. ဂျာအေးကို သူ့အမေ ရိုက်ပါလို့ မှောင်မိုက်မှာငို