ကြယ်ပဲ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ကြယ်ပဲ
Plukenetia volubilis.JPG
Fruit of Plukenetia volubilis, Ecuador
သိပ္ပံနည်းကျ အမျိုးအစားခွဲခြင်း
လောက: Plantae
(unranked): Angiosperms
(unranked): Eudicots
(unranked): Rosids
မျိုးစဉ်: Malpighiales
မျိုးရင်း: Euphorbiaceae
မျိုးရင်းသေး: Acalyphoideae
မျိုးဇာတ်: Plukenetieae
Subtribe: Plukenetiinae
မျိုးစု: Plukenetia
မျိုးစိတ်: P. volubilis
ဒွိနာမ
Plukenetia volubilis
L.
ကြယ်ပဲတောင့်အသီး
ကြယ်ပဲ

ကြယ်ပဲ(Sacha Inchi)သည် အစေ့မှ ဆီထုတ်ယူသည့် နွယ်မျိုးရင်းဝင် အပင်တစ်မျိုးဖြစ်သည်။ မူလစိုက်ပျိုးရာဒေသမှာ တောင်အမေရိကတိုက်ရှိ အပူပိုင်းဒေသဖြစ်သော ပီရူးနိုင်ငံ၊ အမေဇုန်တောတွင် အလေ့ကျပေါက်သော နှစ်ရှည်ဆီထွက်သီးနှံ နွယ်ပင်တစ်မျိုး ဖြစ်သည်။ ဒေသအခေါ် အင်ခါ(Inca)၊ (ဆေးအမည်- Plukenetia Volubilis) ဟု ခေါ်ဆိုသည်။ အမေဇုံမြစ်ဝှမ်းဒေသတွင် နေထိုင်ကြသူများသည် ကြယ်ပဲစေ့ကို Sacha inchi စွပ်ပြုတ်ရည်အဖြစ်၎င်း၊ ပဲစေ့လှော်အဖြစ်၎င်း၊ ဆီအဖြစ်၎င်း အသုံးပြုခြင်းများ ရှိသကဲ့သို့ ယခုအချိန်ထိ မုန့်ပဲသရေစာများတွင် ထည့်သွင်းအသုံးပြုလျက် ရှိသည်။ ပီရူးနိုင်ငံတွင် အလေ့ကျ ပေါက်သောကြယ်ပဲကို စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်သောအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ဌာနေ တိုင်းရင်းအချို့က စပျစ်သီးစိမ်း(သို့) ဘယ်ရီပဲတောင့်ဟု ခေါ်ဆိုပြီး နှစ်ရှည်ခံ နွယ်ပင်အမျိုးအစား ဖြစ်သည်။


မြန်မာပြည်၌ ထိုအပင်၏ အသီးမှာ ငါးမြှောင့်ပုံစံ ရှိသည့်အတွက်“ကြယ်ပဲ (သို့) စင်္ကြာပဲ”ဟု မြန်မာမှု ပြု ခေါ်ဆိုခြင်း ဖြစ်သည်။ ပဲတောင့် ပုံသဏ္ဌာန်သည် သုံးမြှောင့်၊ လေးမြှောင့်၊ ငါးမြှောင့်၊ ခြောက်မြှောင့်ကြယ်ပုံစံ ထူးခြားသောအသွင်ရှိပြီး ပဲတောင့်နုစဉ် အချိန်တွင် အစိမ်းရောင်နှင့် အသီးရင့်ချိန်တွင် အညိုရောင်ပြောင်းသွားသည်။ ပဲသီးတစ်တောင့်တွင် ပဲစေ့ ၃ စေ့မှ ၆ စေ့အထိ ပါဝင်ပါသည်။ ကြယ်ပဲသည် နှစ်(၃၀)သက်တမ်းရှိ နှစ်ရှည်ပင်ဖြစ်သည်။ တခြားနှစ်ရှည်ပင်တွေလို အသီးသီးဖို့ အချိန်ကြာကြာ မစောင့်ပဲ စိုက်ပြီး ၈ လလောက်အကြာမှာ စိုက်ပျိုးသူ တောင်သူတွေ အတွက် ဝင်ငွေရရှိစေသည်။

စိုက်ပျိုးစနစ်[ပြင်ဆင်ရန်]

ကြယ်ပဲသည် အပူချိန် ၁၀ ဒီဂရီကနေ ၃၆ ဒီဂရီစင်တီဂရိတ်အတွင်း စိုက်ပျိုးဖြစ်ထွန်းနိုင်ပြီး အမြင့်ပေ ၃၀ဝ မှ ၆၀ဝ၀(Sea Level)အထိ စိုက်ပျိုးနိုင်သည်။ မိုးရေချိန် လက်မ ၂၀ဝ ကျော်နှင့် နှုန်းတင်မြေနုမကျန် စိုက်ပျိုးနိုင်၍ မြန်မာနိုင်ငံတစ်ဝန်းတွင် စိုက်ပျိုးနိုင်သည်။ အရမ်းအေးသော ဒေသတွေမှာ စိုက်ပျိုးမည်ဆိုလျှင် အသီးထွက်နှုန်း နည်းမည်။

နေရောင်ခြည် ကောင်းစွာရရှိနိုင်ရန်နှင့် ရေပုံမှန်ရရှိရန် လိုအပ်ပါသည်။ မျိုးစေ့မှ ပျိုးထောင်ပြီး ပျိုးသက် ၄၅ ရက်သားတွင် ရွှေ့ပြောင်းစိုက်ပျိုးရပါသည်။ ပင်ကြားနှင့်တန်းကြား ၈ ပေ မှ ၁၀ ပေ၊ တစ်ဧက အပင် ၅၀ဝ ခန့် စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးပြီး ၈ လအကြာတွင် အသီးသီးသည်။ အပင်အမြင့် ၆ ပေမှ ၉ ပေခန့်မြင့်ပြီး နေရောင်ခြည်နှင့် စိုစွတ်သည့် မြေမျိုးကို ကြိုက်နှစ်သက်သည်။ နွေသမပိုင်းရာသီဥတုကို နှစ်သက်ပြီး မြန်မာနိုင်ငံတွင် ကောင်းစွာဖြစ်ထွန်း နိုင်သည်။ သဲဆန်သည့် မြေများတွင်လည်း စိုက်ပျိုးနိုင်ပြီး နုန်းတင်မြေနုလွင်ပြင်များတွင် ပို၍ဖြစ်ထွန်း နိုင်ပါသော်လည်း အသင့်တော်ဆုံး PH သည် ၄.၈ - ၆.၅ အတွင်း ပိုမိုဖြစ်ထွန်းပါသည်။ တစ်နှစ်ပတ်လုံး ခူးဆွတ်နိုင်ကာ ရေကြိုက်သောအပင်ဖြစ်သော်လည်း ရေဝပ်ခြင်း၊ မိုးများခြင်း၊ အအေးဓာတ်လွန်ကဲခြင်းကို မနှစ်သက်ပေ။


စတင်စိုက်ပျိုးသည့် နှစ်တွင် တစ်ဧကကို ၂၀ဝ မှ ၄၀ဝ ကီလိုဂရမ်ထွက်ရှိပြီး နောင်နှစ်များတွင် ထွက်တိုးနှုန်းလာကာ ၂၀ဝ၀ ကီလိုအထိ ထွက်ရှိသည့်အပြင် ပထမဆုံးအကြိမ် ခူးဆွတ် ပြီးနောက် တစ်နှစ်ပတ်လုံး အကြိမ်ကြိမ်ခူးဆွတ်နိုင်သည်။ ကြယ်ပဲစိုက်ပျိုးသူတောင်သူ၏ ဂရုစိုက် ပြုစုမှုအပေါ်မူတည်ပြီး နှစ်ပေါင်း ၅၀ အထိ ခူးဆွတ်နိုငသည်ကို ပီရူးနိုင်ငံ၏ မှတ်တမ်းများ အရ သိရှိရသည်။ စိုက်စနစ်အနေဖြင့် ပင်ကြား-တန်းကြား ၉ ပေ x ၉ ပေပုံစံနှင့် ၆ ပေ x ၁၂ ပေ ပုံစံကို အများဆုံးစိုက်ပျိုးကြသည်ကိုတွေ့ရှိရပြီး ၉ ပေ x ၉ ပေပုံစံပါ တစ်ဧကလျှင် ၅၂၀ ပင် ဝင်ဆံ့ပြီး ၉ ပေ x ၁၂ ပေ စိုက်ပါက ၆၀၅ ပင် ဝင်ဆံ့ပါသည်ကို တွေ့ရှိရသည်။ စိုက်ပြီးသက်တမ်း နှစ်နှစ်အကြာတွင် ကြားပင်များ၊ ကြားကိုင်းများ ကိုဖြတ်ပြီး အခြားနေရာတွင် ပြန်လည်စိုက်ပျိုးနိုင်ပါသည်။ မြေပြန့်ဒေသများတွင် ထွန်ယက်၍၎င်း၊ တောင်ကုန်းတောင်စောင်းများတွင် ကွန်တိုစနစ်ဖြင့်၎င်း၊ ရေမြုပ်နိုင်သောနေရာများတွင် ဘောင်တင်၍၎င်း စိုက်ပျိုးနိုင်သည်။

နှစ်စဉ် မိုးဦးကျတွင် ပျိုးထောင်ကာ ၄၅ ရက်သားမှာ စိုက်ခင်းသို့ ပြောင်းရွှေ့စိုက်ပျိုးနိုင်ပြီး တစ်ဧကလျှင် အပင် ၇၂၀ ခန့်အထိ ဝင်ဆံ့သည်။ ပူပြင်းခြောက်သွေ့သော နွေရာသီတွင် တစ်ရက် ရေတစ်ဂါလန်ခန့်လိုအပ်ပြီး ရေ အလုံအလောက် ရရှိရန်လိုအပ်မည် ဖြစ်သည်။ အပင်တစ်ပင်တွင် အစေ့ ၄-၈ စေ့အထိပါ၍ အသီးလုံးရေ ၁၀ လုံး ကျော်သီးပြီး တစ်ကြိမ်လျှင် နှစ်ကီလို ခူးဆွတ်နိုင် ခြင်းကြောင့် တစ်ဧကလျှင် ကီလို ၁၂၀ဝ မှ ၁၅၀ဝ အထိထွက် ရှိနိုင်ကာ တစ်နှစ် နှစ်သီးမှ သုံးသီးအထိ ခူးဆွတ်နိုင်မှာ ဖြစ်သည်။

စိုက်ပျိုးနည်း[ပြင်ဆင်ရန်]

အစေ့ချစိုက်ပျိုးနည်းနှင့် ပျိုးထောင်စိုက်ပျိုးနည်း နှစ်နည်းရှိသည်။

အစေ့ချ စိုက်ပျိုးနည်းမှာ စိုက်မည့်နေရာ၌ တစ်ပေခွဲ ပတ်လည် ကျင်းတူးပြီး တော့ပ်စတိုက် သုံးပုံ တစ်ပုံ ထည့်ရသည်။ တစ်ချို့ NPK ထည့်ကြသည်။ ထည့်ပြီး နှစ်ရက်ရေလောင်းကာ မြေကြီးနှင့် နှပ်ထားရပါသည်။ စိုက်ပျိုးမည့်ကြယ်ပဲများကို ၂၄ နာရီကြာ ရေစိမ်ရသည်။ အစိုဓာတ်နည်းသော ကြယ်ပဲများကို နှစ်ရက်ခန့် ရေစိမ်ရမည်။ မစိုက်ခင် မြေကြီးကျင်းထဲ၌ ရှိသော မှို၊ ပိုးများကို ရွှေဝသန်၊ ဖန်းဂီးဆိုဒ် ဆေးများနှင့် သတ်ရသည်။ ဒိုင်သိမ်း ဖျန်းရသည်။ ထို့နောက် တစ်ကျင်းတွင် သုံးပင် စနစ်နှင့် စိုက်ရသည်။ တစ်ပင်နှင့် တစ်ပင် အကွာအဝေး ၇ပေခန့် စိုက်ကြသည်။ စိုက်ပြီး ငါးရက်မှ ၇ရက်အတွင်း အပင်ပေါက်လာပါသည်။ စိုက်ပျိုးပြီး ရက်၃၀ လောက် ရောက်လာပြီဆိုလျှင် အပင်တက်နိုင်အောင် တိုင်ထောင်ပေးဖို့အတွက် လိုအပ်လာပါသည်။ အသုံးပြုမည့် တိုင်များကို ဝါး၊ သစ်သား၊ ကျောက်တိုင် စသဖြင့် သုံးကြသည်။ သို့သော် နှစ်ရှည်ပင် ဖြစ်သည့်အတွက်ကြောင့် ကျောက်တိုင်က အသင့်တော်ဆုံး ဖြစ်သည်။ စိုက်ပြီး နှစ်လခွဲ ဝန်းကျင်တွင် အမြင့် ၅ပေခွဲလောက် ရောက်လာပါသည်။ ထိုအခါ ပင်စည်၏ အညွန့် ထိပ်ပိုင်းကို အပင်ကိုင်းများ ပြန့်ပွားလာအောင် ဖြတ်ပေးဖို့ လိုအပ်လာပါသည်။

ရေကို ပုံမှန်အားဖြင့် သုံးရက်ကို တစ်ကြိမ် လောင်းပေးဖို့ လိုအပ်ပါသည်။ စိုက်သက်တမ်း လေးလ ငါးလလောက်တွင် အပွင့်များ ပွင့်လာပြီး အသီးများ သီးပါသည်။ အသီးများသီးပြီး တစ်လခွဲ ဝန်းကျင်ဆိုလျှင် အသီးများ ခြောက်လာကာ ခူး၍ ရပါပြီ။ အပွင့်သီးများများ တင်ရန် အပွင့်ပွင့်ချိန်မှာ ဆေးဖြန်းပေးဖို့ လိုအပ်ပါသည်။ အကောင်းဆုံးက ရွက်ဖျန်းအားဆေး(ဖော်လီယာ) ဖျန်းရသည်။ ကြယ်ပဲ၏ ပျမ်းမျှအထွက်နှုန်းမှာ တစ်ဧကကို ခြောက်ပေအကွာနှင့် အပင်တစ်ထောင် စိုက်မယ်ဆိုလျှင် တစ်နှစ် တစ်တန်ခန့် ထွက်ရှိသည်။ နွေရာသီတွင် ရေနိုင်ဖို့ လိုအပ်ပြီး၊ မိုးရာသီတွင် ရေဝပ်သော နေရာများအား မှိုဆေးဖျန်းပေးဖို့ လိုအပ်ပါသည်။ စိုက်ပင် အကွာဝေး အလိုက် တစ်နှစ်လျှင် နှစ်ကြိမ်မျှ မြေဆွပေးဖို့ လိုအပ်ပါသည်။ ဓာတုမြေဩဇာများ သုံးပြီး စိုက်ပျိုးခြင်းထက် သဘာဝ မြေဩဇာသုံးပြီး အော်ဂဲနစ်နည်းနှင့် စိုက်ပျိုးခြင်းက ပိုပြီးသင့်တော်ကာ ဈေးကောင်းပိုရသည်။ ပျိုးထောင်စိုက်ပျိုးနည်း၌ ပျိုးပင်သက်တမ်း ၂၇ ရက်တွင် မြေချ စိုက်ပျိုးနိုင်ပါသည်။

ကုန်ကျစရိတ်[ပြင်ဆင်ရန်]

တစ်ဧကတွင် မျိုးတစ်ကီလို ၁၀၀၀၀ ကျပ်၊ ရေသွယ်ခြင်း၊ သစ်ဝါးနဲ့ သွပ်နန်းကြိုးနှင့် ပေါင်းရှင်းလင်းခြင်းတို့အပါအဝင် တစ်ဧကကုန် ကျစရိတ် ၁၀-၁၅ သိန်းခန့် ရှိသည်။ မြေဩဇာအဖြစ် ဘိုကာရှီEM ကိုသုံးပြီး စိုက်ပျိုးခြင်းကြောင့် အပင်ဖြစ်ထွန်း စဉ် ၁၅ ရက်တစ်ကြိမ် မှိုဆေးသာ ပက်ဖျန်းပေးရသည်။

ပဲမျိုးနွယ်ဝင်ဖြစ်၍ လေထဲရှိ နိုက်ထရိုဂျင်ကို ရိုင်ဇိုဘီယမ်း အနုဇီဝဘက်တီးရီးယားများက စုစည်းပေးခြင်းကြောင့် ယူရီယားဓာတ်မြေဩဇာ ကျွေးရန်မလိုအပ်သောကြောင့် ငွေကုန်ကြေးကျသက်သာစေသည်။ တစ်ဧကလျှင် အပင်၅၀ဝခန့်စိုက်ပျိုးနိုင်ပြီး ပျမ်းမျှကီလို ၁၀ဝ၀ထွက်ရှိကာ တစ်ကီလို ၂၀ဝ၀ကျပ်နှုန်းဖြင့် ရောင်းချနိုင်ခြင်းနှင့် တစ်နှစ်လျှင် (၃)ကြိမ်ဆွတ်ခူး ရရှိပါသည်။

အသုံးဝင်ပုံ[ပြင်ဆင်ရန်]

  1. စားသောက်ကုန် ထုတ်လုပ်မှုများ၊
  2. လူ့ခန္ဓာကိုယ်ကို ဖွံ့ဖြိုးမှု ပံ့ပိုးစေသော ထုတ်လုပ်မှုများ (သဘာဝအားတိုးဆေး)
  3. ဆေးထုတ်လုပ်မှုများ၊
  4. အလှကုန်ပစ္စည်းထုတ်လုပ်မှုများတွင် အသုံးပြုကြပါသည်။

စားသောက်ကုန်[ပြင်ဆင်ရန်]

  1. အညွန့်ကို ကြော်စားခြင်း၊ ဟင်းချိုချက်ခြင်း၊
  2. ပဲစေ့ကို ကြော်၊ လှော်၊ ပြုတ် စားခြင်း၊
  3. မုန့်အမျိုးမျိုး ပြုလုပ်ခြင်း၊
  4. ပဲဆီ နှမ်းဆီ ကဲသို့ ဆီထုတ်ခြင်း၊
  5. ပဲမှုန့် ကဲ့သို့ ထုတ်လုပ်ပြီး ကြော်စားနိုင်ခြင်း၊
  6. ကြယ်ပဲရွက်အား လက်ဖက်ခြောက်ကဲ့သို့ အခြောက်လှမ်းပြီး ရေနွေးခပ်သောက်ခြင်း (အဆီကျသည်။)

ဆေးဝါးထုတ်လုပ်ခြင်း[ပြင်ဆင်ရန်]

ငါးကြီးဆီနှင့် သံလွင်ဆီတွင်ပါဝင်သာ Omega 3.6.9 ကို ကြယ်ပဲမှာ ပါဝင်နေပါသည်။ ထို့ကြောင့် ငါးကြီးဆီ ထုတ်လုပ်ရာတွင် ကုန်ကျစရိတ် ကြီးမားသောကြောင့် ကြယ်ပဲဆီဖြင့် အစားထိုးဆေးတောင့် အနေဖြင့် ထုတ်လုပ်လာသည်။ အဘယ်ကြောင့်ဆိုသော် အာနိသင်သည် ငါးကြီးဆီထက် သာလွန်ကောင်းမွန်သည်ကို သုတေသန ပြုလုပ်တွေ့ရှိပြီးဖြစ်ပါသည်။ ဗီတာမင်(အေ)နှင့် (အီး)များစွာပါဝင်ပြီး နှလုံးကျန်းမာရေးအတွက် အရေးကြီးသော Omega3 (54%), Omega6 (33%)နှင့် Omega9 (7.2%) အသီးသီးပါဝင်သည့်အပြင် အစေ့အား ကော်ဖီမှုန့်သဖွယ် ထုတ်လုပ်သောက်သုံးနိုင်ခြင်း၊ အရွက်အား ရေဖြင့်ပြုတ်၍လည်း သောက်သုံးနိုင်ခြင်းတို့ကြောင့် ဆေးဝါးထုတ်ကုန် တစ်မျိုးဖြစ်လာပါသည်။

အလှကုန်ထုတ်လုပ်ခြင်း[ပြင်ဆင်ရန်]

ဆဲအသစ် ပြန်ဖြစ်ခြင်းကို ဖြစ်စေသော ကြယ်ပဲဆီ အာနိသင်အစွမ်းကြောင့် မျက်နှာနှင့် အရေပြားပေါ်ရှိ ဆဲလ်ပျက်ဆီးမှုများကို ပြန်လည်ဖြည့်တင်းပေးသော ဓာတ်ပေါင်းများ ပါဝင်သောကြောင့် အလှကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုပါသည်။ လက်တွေ့ကျကျလေ့လာသိရှိမှုအရ ဆီကိုညအိပ်ယာဝင်ချိန်တွင် လူးပါက မနက်မိုးလင်းချိန် မျက်နှာသစ်ပြီး အသားအရည် နူးညံ့မှုကို တွေ့ခဲ့ရပါသည်။ မှတ်ဉာဏ်ကောင်းခြင်း၊ ကိုလက်စထရောကျခြင်း၊ မျက်စိအားကောင်းခြင်း စသော ကောင်းကျိုး များသည်။

ကြယ်ပဲဆီ[ပြင်ဆင်ရန်]

အစေ့မှရရှိသည့် အဆီတွင် အိုမီဂါ 3,6,9, Vitamin A နှင့် E အပြင် ပရိုတိန်းဓာတ်ပါဝင်ပြီး ထိုမပြည့်ဝဆီ ၃ မျိုးမှာ ၉၂ ရာခိုင်နှုန်းပါဝင်သည့်အပြင် ကိုယ်ခန္ဓာအတွက် မရှိမဖြစ်လိုအပ်သော အဆီတစ် အက်ဆစ်နှင့် လီနိုလေနစ်အက်စစ်များသည်လည်း ၅၀ ရာခိုင်နှုန်းကျော် ပါဝင်သဖြင့် အဆီနှင့် အာဟာရ ထုတ်ပေးသောပဲစေ့ဟု ထင်ရှားရုံသာမက ကမ္ဘာတစ်ဝှမ်းလုံးတွင် အကောင်းဆုံး အာယုဒီဃဆေးအဖြစ် လက်ခံယုံကြည်ထားကြပါသည်။ ဆဲလ်များအသစ်ပြန်လည်ဖြစ်ပေါ်စေရန် အားပေးခြင်းကြောင့် အသက်ကြီးသူများ၊ အလှကုန်ပစ္စည်းများ၊နိပ်နယ်ရာတွင် အသုံးပြုသောဆီ ထုတ်လုပ်ရာတွင် အသုံးပြုကြပါသည်။

ကြယ်ပဲဆီတွင် အောက်ဆီဒိုက်ကို ကာကွယ်နိုင်သော ဘောရစ်အက်စစ် များစွာပါဝင်ခြင်း၊ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းမှုကို ထိခိုက်စေနိုင်သည့် ဓာတ်များ၊ ဓာတ်မတည့်မှုကိုဖြစ်စေနိုင်ခြင်းမှ ကင်းစင်စေပြီး ဆီ၏ ဂုဏ်ရည်တည်မြဲမှုကို ကမ္ဘာ့အကောင်းဆုံးသဘာဝဆီအဖြစ် အဖက်ဖက်မှ လက်ခံယုံကြည်ကြပါကြောင်း၊ အခြားနာမည်ကြီးဆီများထက် လူ့ခန္ဓာကိုယ်ကို ပိုမိုအား ဖြစ်စေပြီး လူ့ခန္ဓာကိုယ်ဖွံ့ဖြိုးမှုပံ့ပိုးပေးသည့် ဆေး ထုတ်လုပ်မှုတွင် ပါဝင်နေသည့်အပြင် သွေးကြောတွင်းရှိ အဆီဓာတ်ကိုလျှော့ချပြီး နှလုံးသွေးကြော ပိတ်ဆို့ခြင်းကို ကာကွယ်နိုင်ကာ အသားအရေကို စိုပြေစေပါသည်။ မနက်တိုင်း ရေနွေးကြမ်းအဖြစ်သောက်သုံးပါက တစ်နေကုန် လန်းဆန်းစေပါသည်။

သိုလှောင်ခြင်း အာနိသင်[ပြင်ဆင်ရန်]

ကြယ်ပဲဆီမှာ ခါဘောလစ်ဓာတ်များကြွယ်ဝလို့ Oxydize ထွက်ခြင်းကိုတွန်းလှန်နိုင်သဖြင့် ကြာရှည်စွာသိုလှောင်ထားသော်လည်း အရသာ အရည်အသွေး မပြောင်းလဲနိုင်ပါ။ Inca Oil ခေါ် ကြယ်ပဲဆီသည် ၂၀ဝ၇ ခုနှစ်မှာ ပြင်သစ်၌ကျင်းပသော စားသောက်ကုန်စည်ပြပွဲတွင် အကောင်းဆုံး ဟင်းသီးဟင်းရွက်ဆီအဖြစ် ပထမဆုရထားသည်။

အကျိုးကျေးဇူး[ပြင်ဆင်ရန်]

ကြယ်ပဲသည် စီးပွားရေးတွက်ခြေအရ အထွက်နှုန်းမြင့်မားခြင်း၊ ပဲစေ့တစ်စေ့ချင်းစီ၏ ဆီပါဝင်မှု နှုန်းမြင့်မားခြင်း၊ ရိတ်သိမ်းရန် လွယ်ကူခြင်း စသည့်အချက်များကြောင့် ဝ.၅ ဧက စိုက်ပျိုးရုံနှင့် တစ်နှစ်လျှင် ဝင်ငွေ ၁၀ သိန်းကျော်အထိ ရရှိနိုင်ပါသည်။ ယခုအချိန်တွင် ကြယ်ပဲ(Sacha Inchi) ကို မြန်မာနိုင်ငံအနှံ့မြို့နယ်များတွင် စမ်းသပ်စိုက်ပျိုးနေပြီး မျိုးစေ့တစ်ကီလိုကို ၁၅၀ဝ၀ နှုန်းဖြင့် ရောင်းချကာ စိုက်ပျိုးထွက်ရှိလာသောကြယ်ပဲများကို တစ်ကီလိုလျှင် ၂၅၀ဝ နှုန်းနှင့် ပြန်လည်ဝယ်ယူသည်။

မြန်မာနှင့် ကြယ်ပဲ[ပြင်ဆင်ရန်]

လွန်ခဲ့သော ၂၀၁၄ ခုနှစ်လောက်ကစပြီး မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ကဏ္ဍထဲကို ထိုးဖောက် ဝင်ရောက်လာခဲ့သော ပဲအမျိုးအစားဖြစ်သည်။ မြန်မာနိုင်ငံ၏ နာဂဒေသနှင့် ရိုးမတောများတွင်လဲ အလေ့ကျပေါက်ပြီး အသီး၏ပုံသဏ္ဌာန်မှာ ငါးမြှောင့် မပြည့်ပဲ၊ သုံးမြှောင့် လေးမြှောင့်သာ ရှိတတ်သည်။ ကချင်ပြည်နယ်ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတွေမှာ စတင်စိုက်ပျိုးနေသည်။ မျိုးစေ့များအား များသောအားဖြင့် ထိုင်းနိုင်ငံမှနေ၍ တင်သွင်း စိုက်ပျိုးကြသည်။

ပို့ကုန်အသစ်[ပြင်ဆင်ရန်]

ကြယ်ပဲကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့နယ်ရှိ ကျေးရွာများတွင် စမ်းသပ်စိုက်ပျိုးနေကြသည်။ ယခုအခါ ပြည်တွင်း ကုမ္ပဏီများမှတစ်ဆင့် ထိုင်းနိုင်ငံ(အစ္စရေး)မျိုးကို တင်သွင်းကာ တောင်သူများသို့ နှစ်ရှည်စာချုပ် (၅ နှစ် မှ ၁၅ နှစ်)ဖြင့် အော်ဂဲနစ်သီးနှံအဖြစ် စိုက်ပျိုးစေပြီး ကုန်ကြမ်းအဖြစ် ပြန်လည်ဝယ်ယူလျက်ရှိသည်။

ကြယ်ပဲအစေ့ တစ်ကီလိုလျှင် ၂၀ဝ၀ ကျပ်ရှိပြီး တရုတ်ပြည်တွင် တစ်ကီလိုလျှင် ၅၀ဝ၀ ကျပ်အထိသည်။ တစ်ကြိမ်ခူးဆွတ်ပါက တစ်ဧက ဝင်ငွေ ၁၄ သိန်းမှ သိန်း ၃၀ အထိ ရရှိမှာဖြစ်၍ အမြတ်ငွေ နှစ်စမှာ ၁၀ သိန်းကျော် ရရှိနိုင်သည်။ ဈေးကွက်မှာလည်း တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံများသို့ ပြန်လည်တင်ပို့လျက် ကုန်ချောအဖြစ် ထုတ်လုပ်လျက်ရှိခြင်းကြောင့် တောင်သူများ နည်းစနစ်ကျကျ တိုးချဲ့စိုက်ပျိုးမည်ဆိုပါက ပို့ကုန်အမယ်သစ်တစ်ခု ဖြစ်လာနိုင်ပြီး ဝင်ငွေတိုးတက်လာနိုင်သည်။

ကိုးကား[ပြင်ဆင်ရန်]