ကြည်၊ ကို (ပြင်ဦးလွင်)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ကိုကြည် (ပြင်ဦးလွင်)

ကိုကြည် (ပြင်ဦးလွင်) (၁၉၄၅-၁၉၉၆)[ပြင်ဆင်ရန်]

၁။ အမည်ရင်း - ဦးခင်မောင်ကြည်
၂။ မိဘအမည် - ဗိုလ်မှူးကြီး ဘကြင် + ဒေါ်သိန်းသန်း
၃။ မွေးသက္ဗရာဇ် - ၆၊ ၁၁၊ ၁၉၄၅
၄။ မွေးဖွားရာဒေသ - မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့

ကိုယ်ရေးဖြစ်စဉ်[ပြင်ဆင်ရန်]

ကိုကြည် (ပြင်ဦးလွင်) ကို အဘ ဗိုလ်မှူးကြီး ဘကြင်၊ အမိ ဒေါ်သိန်းသန်းတို့မှ ၁၉၄၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် မွေးဖွားခဲ့ပြီး သားအကြီးဆုံး ဖြစ်သည်။ အမည်ရင်းမှာ ဗိုလ်ကြီး ခင်မောင်ကြည် (အငြိမ်းစား) ဖြစ်သည်။ အသက် ၁၅ နှစ်တွင် ဆယ်တန်း အောင်မြင်ခဲ့ပြီး အသက် ၁၆ နှစ်တွင် စစ်တက္ကသိုလ် တက်ရောက်ခဲ့သည်။


၁၉၆၆ ခုနှစ်တွင် အမှတ် (၈) ဗိုလ်လောင်းသင်တန်းမှ အောင်မြင်ခဲ့၍ ဒုတိယဗိုလ် အဆင့်ဖြင့် တပ်မတော် (လေ) တွင် တာဝန် ထမ်းဆောင်ခဲ့ပါသည်။ လေသူရဲ အဖြစ်ဖြင့် ၁၉၆၇ ခုနှစ်တွင် ဗိုလ်အဆင့်၊ ၁၉၇၀ ပြည့်နှစ်တွင် ဗိုလ်ကြီး အဆင့်သို့ တိုးမြှင့်ခြင်း ခံရသည်။ ၁၉၇၆ ခုနှစ်တွင် စစ်တက္ကသိုလ် အင်္ဂလိပ်စာ ဌာနသို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် တပ်မတော်မှ မိမိ ဆန္ဒအလျောက် အနားယူခဲ့၍ စာပေ သင်ကြားခြင်းဖြင့် နေထိုင်ခဲ့သည်။


၁၉၉၂ ခုနှစ်တွင် စာပေဗိမာန်ဆုကို "ဂျက်လန်ဒန်၏ လက်ရာမွန်သုံးပုဒ်" စာမူဖြင့် ဘာသာပြန် စာပေ (ပထမဆု) ကို လည်းကောင်း၊ (၄၈) နှစ်မြောက် တပ်မတော်နေ့ စာပေပြိုင်ပွဲ ဝတ္ထုတို (ဒုတိယဆု)ကို လည်းကောင်း၊ ၁၉၉၃ ခုနှစ်တွင် စာပေဗိမာန် စာမူဆုကို "ဘဝဆိုတာ သည်လိုပါ" စာမူဖြင့် ဘာသာပြန် (ပထမဆု) ကို လည်းကောင်း၊ ၁၉၉၄ ခုနှစ်တွင် စာပေဗိမာန် စာမူဆုကို "ပွဲတွေ့ မှတ်ဉာဏ် ထက်မြက်နည်းများ" စာမူဖြင့် ဘာသာပြန် စာပေ (ပထမဆု) ကို လည်းကောင်း ရရှိခဲ့သည်။ ၁၉၉၃-၉၄ ခုနှစ်တွင် New Light of Myanmar သတင်းစာတွင် အထူးတာဝန် (စာတည်း) အဖြစ် တာဝန် ယူခဲ့သည်။ ပြန်ကြားရေး ဝန်ကြီး ဌာန ဘာသာပြန် သင်တန်းများတွင် ဆရာ အဖြစ် စေတနာ့ဝန်ထမ်း တာဝန် ယူခဲ့သည်။ စာရေးဆရာ၊ ဘာသာပြန် ဆရာ အဖြစ် လည်းကောင်း၊ ချယ်ရီဟေးလ် ကုမ္ပဏီ အမှုဆောင် ဒါရိုက်တာ အဖြစ် လည်းကောင်း၊ Business Advisory Group တွင် ဒါရိုက်တာ အဖွဲ့ဝင် အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ဆရာ ကိုကြည် (ပြင်ဦးလွင်) သည် ၂၁၊ ၄၊ ၉၆ ရက်နေ့တွင် ရန်ကုန်မြို့တွင် ကွယ်လွန်ခဲ့သည်။


ရေးသား ပြုစုခဲ့သော စာအုပ်များ[ပြင်ဆင်ရန်]

  1. ဂျက်လက်ဒန်၏ လက်ရာမွန် သုံးပုဒ် ၁၉၉၃
  2. ဘဝဆိုတာ သည်လိုပါ ၁၉၉၅
  3. ပွဲတွေ့ မှတ်ဉာဏ် ထက်မြက်နည်းများ ၁၉၉၆

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန စာတည်းအဖွဲ့မှ စုဆောင်း ပြုစုပြီး၊ ရွှေဟင်္သာ စာအုပ်တိုက်က ၂၀၀၈ စက်တင်ဘာမှာ ပထမအကြိမ် ပုံနှိပ် ဖြန့်ချိခဲ့တဲ့ 'နှစ်ဆယ်ရာစု မြန်မာ စာရေးဆရာများနှင့် စာစုစာရင်း (ပဉ္စမတွဲ)' စာအုပ်မှ