ကြည်လင်၊ မောင် (စာရေးဆရာ)
မောင်ကြည်လင် | |
---|---|
အမည်ရင်း | မောင်ကြည်လင် |
မွေးဖွား | ၁၉၂၅-ခုနှစ် ပခုက္ကူခရိုင်၊ ရေစကြိုမြို့ |
အလုပ်အကိုင် | စာရေးဆရာ |
ပညာရေး | ဝိဇ္ဇာဘွဲ့ |
မိဘ | ဦးကျော်ဒင် + ဒေါ် |
ကိုးကွယ်မှု | ဗုဒ္ဓဘာသာ |
မောင်ကြည်လင် [၁၉၂၅ - ၁၉၅၃]
[ပြင်ဆင်ရန်]ပခုက္ကူ ခရိုင် ရေစကြို မြို့တွင် အဖ ရေစကြိုမြို့ ကျောင်းထိုး အင်စပက်တော် ဦးကျော်ဒင်၊ အမိ (?) တို့က ၁၉၂၅ ခုနှစ်တွင် မွေးဖွားသည်။
ရေစကြိုမြို့ အမျိုးသား အလယ်တန်း ကျောင်းနှင့် ပခုက္ကူမြို့ ဝက်စလီ အထက်တန်းကျောင်း (၁၉၄ဝ ပြည့်ခန့်) တို့တွင် ပညာ သင်ကြား ခဲ့သည်။ ဝက်စလီ ကျောင်းတွင် အောင်လင်းနှင့် ကျောင်းနေဖက် ဖြစ်သည်။ ဝက်စလီ ကျောင်းသား ဘဝ ကပင် ဂျာနယ် ကျော်၌ စာတို စာစများ စတင် ကလောင် သွေး၏။ ဆာပေါ်ထွန်း အစိုးရ လက်ထက် မြေခွန်တော် မပေးရေး တိုက်ပွဲတွင် ပါဝင် ခဲ့မှုကြောင့် ဝရမ်း ထုတ်သဖြင့် ရှောင်တိမ်း ခဲ့ရ ဖူးသည်။ ရန်ကုန် တက္ကသိုလ်တွင် ပညာ ဆည်းပူး နေစဉ် စစ်ဖြစ် လာသည့် အတွက် ရေစကြိုသို့ ပြန်ခဲ့သည်။ ဂျပန် ဝင်လာချိန်တွင် ရေစကြို မြို့၌ ဘီအိုင်အေ အုပ်ချုပ်ရေး အဖွဲ့ စစ်သား စုဆောင်းရေး ဌာနတွင် ဆောင်ရွက် ခဲ့သည်။ ဖက်ဆစ် တော်လှန်ရေး၌ ပခုက္ကူ၊ ရေစကြို၊ မြိုင် ဒေသ များတွင် ပါဝင် လှုပ်ရှား ခဲ့သည်။ ၁၉၄၆ တွင် ရန်ကုန် တက္ကသိုလ်သို့ ပြန်လည် တက်ရောက်သည်။ သတ္တဗေဒ၊ ဓာတုဗေဒ၊ သင်္ချာ ဘာသာ တွဲဖြင့် ၁၉၄၈ တွင် ဥပစာ သိပ္ပံတန်း အောင်မြင်သည်။ ထို့နောက် ဒဿနိက၊ အင်္ဂလိပ်စာ၊ မြန်မာစာ အတွဲ ပါသည့် ဝိဇ္ဇာတန်းသို့ ပြောင်းယူသည်။ ၁၉၄၉ ခု ဖေဖော်ဝါရီလ လောက်တွင် ရေစကြိုသို့ ပြန်စဉ် တလကျော်မျှ ဖမ်းဆီး ခံရသည်။ ၁၉၄၉ ခု အောက်တိုဘာ လောက်တွင် အိမ်ထောင် ပြုသည်။ ၁၉၅ဝ ပြည့် ရန်ကုန် တက္ကသိုလ် နှစ်လည် မဂ္ဂဇင်း မြန်မာ ကဏ္ဍ စာတည်း တာဝန် ယူခဲ့သည်။ ၁၉၅ဝ ပြည့် နှစ်တွင် ဝိဇ္ဇာဘွဲ့ ရကာ တက္ကသိုလ် ဘာသာပြန်နှင့် စာပေ ထုတ်ဝေရေး ဌာနတွင် စာပြု အဖြစ် အမှု ထမ်းသည်။ ထို့နောက် အမျိုးသား စာကြည့်တိုက်သို့ ပြောင်းရွှေ့ပြီး လက်ထောက် စာကြည့်တိုက်မှူး အဆင့် ရာထူးဖြင့် အမှု ထမ်းသည်။ [ဒဂုန် တာရာက ဦးသာမြတ်၏ လက်ထောက်ဟု ပြောသည်]။
စစ်ပြီးခေတ် တာရာ မဂ္ဂဇင်း အတွဲ ၁၊ အမှတ် ၈ တွင် သိန်းဖေမြင့်၏ "ခေတ်နောက်ပြန် ဆွဲနေသော စာရေး ဆရာများ" ဆောင်းပါး ပါရှိ ခဲ့သည်။ စာပေ နယ်တွင် အတော်ပင် လှုပ်ခတ် သွားခဲ့သည်။ စာနယ်ဇင်း များတွင် ထောက်ခံ၊ ကန့်ကွက် သည်များ အပြန်အလှန် ရေးကြသည်။ ဤတွင် မောင်ကြည်လင်သည် ဂျာနယ် ကျော်တွင် ထောက်ခံသည့် ဘက်မှ ဆောင်းပါး ရေးခဲ့သည်။ ပဒေသာ မဂ္ဂဇင်း နိုဝင်ဘာ ၁၉၄၈ ခုတွင် တက်တိုးက "ဒဂုန် တာရာ" ဟူ၍ အကဲခတ် စာတမ်း တစ်စောင် ရေးသည်။ ယင်းကို မောင်ကြည်လင်က ဒဂုန် တာရာ ဘက်မှ နေ၍ တက်တိုးကို ပြန်လည် ချေပခဲ့၏။ တဖန် ပဒေသာ မဂ္ဂဇင်း ဩဂုတ်လ ၁၉၄၉ ခုတွင် အောင်လင်း၏ ဒဂုန် တာရာကို ဝေဖန်သော "ဒဂုန် တာရာ၏ စာပေသစ်" ဆောင်းပါးနှင့် ပတ်သက် ၍လည်း ဒဂုန် တာရာ ဘက်မှ နေ၍ ချေပ ရေးသား ခဲ့ပြန်သည်။ ဤသို့ဖြင့် မိမိ ယုံကြည်သော "စာပေသည် ပြည်သူ့ အတွက်" ဝါဒကို စွဲကိုင်ကာ၊ စာပေသစ် သမားများ ညီညွတ်ရေးကို စည်းရုံးကာ၊ ဒဂုန် တာရာ ဘက်မှ အခိုင်အမာ ရပ်တည်ကာ စာပေ လောက အတွင်းသို့ ရိုးသား ပွင့်လင်းစွာ ဝင်ရောက် လာခဲ့သည်။ စာပေနယ်က မောင်ကြည်လင်အား တက္ကသိုလ်မှ ပြည်သူ့ စာပေကို လိုလားသူ တစ်ယောက်ဟု စွဲမှတ် ခဲ့ကြသည်။ ၁၉၅ဝ ပြည့်တွင် ထုတ်ဝေသည့် စာပေသစ် မဂ္ဂဇင်း၏ အယ်ဒီတာ အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ခဲ့သည်။
၁၉၄၉ ခုနှစ်မှ စ၍ တာရာ မဂ္ဂဇင်းတွင် ပြည်သူ့ စာပေ ဆောင်းပါးများ၊ ဝတ္ထုတိုများ၊ ဘာသာပြန် ဆောင်းပါး များကို လစဉ် နီးပါးမျှ ရေးခဲ့သည်။ အသွင် (တွဲ ၂/မှတ် ၈)၊ ကိုလွမ်းဝေ (တွဲ ၃/ မှတ် ၁၈)၊ အမှောင်ရိပ်ဝယ် (တွဲ ၃/မှတ် ၁၉)၊ နော်ရာ (တွဲ ၃/မှတ် ၂ဝ)၊ လူ့ရိပ်မြုံ (တွဲ ၃/ မှတ် ၂၁)၊ လွတ်ရိပ်သံ (တွဲ၃/ မှတ် ၂၃)၊ ညို (တွဲ ၄/ မှတ် ၂၄)၊ မေတ္တာချစ် (တွဲ ၄/ မှတ် ၂၅)နှင့် မုန်တိုင်းနှင့် ဖန်ပေါင်းချောင် (ရန်ကုန် တက္ကသိုလ် နှစ်လည် စာစောင်၊ ၁၉၅၁ - ၅၂) စသည့် ဝတ္ထုတိုများ၊ ဂေါ်ကီ၏ လီနင်နှင့် နေခဲ့စဉ်က (တွဲ ၃/ မှတ် ၁၉)၊ ဂေါ်ကီ၏ 'အမေ' ဝတ္ထုနှင့် ပါးလ်ဘတ်၏ 'အမေ' ဝတ္ထု နှိုင်းယှဉ် ဝေဖန်ချက် (တွဲ ၃/ မှတ် ၁၈)၊ သခင် မော်တင်၏ တစေ့တစောင်း ရုပ်ပုံလွှာ (တွဲ ၃/ မှတ် ၂၁)၊ တက္ကသိုလ် နန္ဒမိတ် သို့မဟုတ် ကောင်းကင်နှင့် မြေကြီးကို ငါ့အား ပေးလာ့ [တစေ့တစောင်း ရုပ်ပုံလွှာ] (၁၉၅ဝ တက္ဗသိုလ်နှစ်လည် မဂ္ဂဇင်း) စသည့် ဆောင်းပါးများ ရေးသား ခဲ့သည်။ 'ကိုလွမ်းဝေ' နှင့် 'လွတ်ရိပ်သံ' ဝတ္ထုတို များမှာ ထင်ရှားသည်။ "အဘိဓမ္မာ ဆန်ဆန် ရေးတတ်သူ" ဟု ဒဂုန် တာရာက သုံးသပ်သည်။ "သူ ရေးသော ဝတ္ထုတို ထဲမှ ရှေ့ပိုင်း အဦး လောက်တွင် ရေးသော ဝတ္ထု များမှာ အောက်တန်း အလွှာကို သရုပ် ဖော်သည်။ 'အပေါင်ဆိုင် ခင်စိန်' တို့မှ စ၍ တဖြည်းဖြည်း ဘဝနှင့် ဝေးကွာ လာခဲ့သည်။ သူ၏ ဝတ္ထု 'ကိုလွမ်းဝေ' သည် သရုပ်ဖော် စာပေမှ အပြင်သို့ ခုန်ထွက် လိုက်သော ဝတ္ထု တပုဒ်ပင် ဖြစ်သည်" ဟူ၍ အောင်လင်းက ဆိုခဲ့သည်။
ဘဝနိဂုံး
[ပြင်ဆင်ရန်]၂၇ စက်တင်ဘာ ၁၉၅၃ ခုနှစ်တွင် ကွယ်လွန်သည်။ (စံပြ တင်ဦး၏ မြန်မာ စာရေး ဆရာ အဘိဓာန်တွင်မူ "၁၉၅၃ ခု ဩဂုတ်လတွင် ကွယ်လွန်သည်" ဟု ဖော်ပြသည်။)
စာညွှန်း
[ပြင်ဆင်ရန်]- စံပြ တင်ဦး။ မြန်မာ စာရေး ဆရာ အဘိဓာန်။ စာ ရ၉ - ၈ဝ။
- တက်တိုး။ ဒဂုန် တာရာ၊ ပဒေသာ (နိုဝင်ဘာ ၁၉၄၈)။ စာ ၃၅ - ၃၆။
- အောင်လင်း။ ဒဂုန် တာရာ၏ စာပေသစ်၊ ပဒေသာ (ဩဂုတ် ၁၉၄၉)။ စာ ၃ဝ - ၃၄။
- မောင်ကြည်လင်။ ယနေ့ မြန်မာ စာပေ။ ပဒေသာ (နိုဝင်ဘာ ၁၉၄၉)။ စာ ၂၇ - ၃၂။
- အောင်လင်း။ မောင်ကြည်လင်၊ ပဒေသာ (မတ် ၁၉၅ဝ)။ စာ ၁၃ - ၁၆။
- မောင်ကြည်လင်။ သခင် မော်တင်။ တာရာ (တွဲ ၃၊ မှတ် ၂၁)။
- မောင်ကြည်လင်။ စာပေသစ် ပြဿနာ၊ ရှုမဝ (မတ် ၁၉၅၁)။ စာ ၁၃ နှင့် ၁၁ဝ - ၁၁၁။
- အနုပညာရှင်များ ဘဝ မှတ်တမ်း၊ ငွေတာရီ (နိုဝင်ဘာ ၁၉၆၆)။ စာ ၂၅၈။
- မင်းယုဝေ။ တက္ကသိုလ် နန္ဒမိတ်နှင့် ကျွန်တော်၊ တက္ကသိုလ် နန္ဒမိတ် သို့မဟုတ် ကောင်းကင်နှင့် မြေကြီးကို တောင်းခံသူ (၂ဝဝ၄)။ စာ ၁၇ - ၂၂။
- မောင်ကြည်လင်။ မုန်တိုင်းနှင့် ဖန်ပေါင်းချောင်၊ ရန်ကုန် တက္ကသိုလ် နှစ်လည် စာစောင် (၁၉၅၁ - ၅၂)။ စာ ၉၁ - ၉၅။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်သော '၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း' စာအုပ်၂ဝဝ၅ ခု၊ ဇူလိုင်