လှသန်း

ဝီကီပီးဒီးယား မှ
(ကြည်မောင်သန်း (ကဗျာဆရာ) မှ ပြန်ညွှန်းထားသည်)
ကဗျာဆရာ လှသန်း

လှသန်းသည် တော်ဘုရားလေးစာပေဆုသခင်ကိုယ်တော်မှိုင်း တစ်သက်တာစာပေဆု အပါအဝင် ထင်ရှားသော နိုင်ငံရေးကဗျာများကို ရေးဖွဲ့ပြီး ဆုပေါင်းများစွာရရှိခဲ့သည့် ကဗျာဆရာ ဖြစ်သည်။

လှသန်းမှာ အမည်ရင်းပင်ဖြစ်ကာ စစ်မှုထမ်း အီလက်ထရောနစ်ကျွမ်းကျင်သူ ဖခင်နှင့် စာမတတ်သော်လည်း အမှတ်အသားကောင်းပြီး ခံစားမှုအားကောင်းသူ မိခင်တို့မှ ၁၉၆၃ ခု၊ ရန်ကုန်မြို့တွင် မွေးဖွားခဲ့သည်။ မွေးချင်း ၈ ယောက်အနက် ဒုတိယသားကြီးဖြစ်သည်။ ငယ်စဉ်ကစ၍ စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ပန်းချီရေးခြင်း၊ ဂစ်တာတီးခြင်းနှင့် ရုပ်ရှင်ကြည့်ခြင်းတို့ကို အရသာတွေ့ခဲ့သည်။ အသက်မွေးဝမ်းကြောင်းအမျိုးမျိုး ပြောင်းခဲ့သော်ငြား ကဗျာဖတ်ခြင်း၊ ကဗျာရေးခြင်းကို ဘ၀၏ တစ်သက်တာအလုပ်အဖြစ် ခံယူထားသူဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်တွင်မူ စာသင်ပြသူဆရာမတစ်ဦးနှင့် နှစ်ဦးသဘောတူ ပေါင်းသင်းနေထိုင်ခဲ့သည်။

၁၉၈၂ ခုနှစ် မိုးဝေမဂ္ဂဇင်းတွင် ဆူးလေလမ်း၏ရာဇဝင် ကဗျာဖြင့် စာပေလောကသို့ စတင်ခြေချခဲ့ပြီးနောက် -

  • ၁၉၈၉ ခုနှစ်ထုတ် ရနံ့သစ်မဂ္ဂဇင်း၌ ဖော်ပြခြင်းခံခဲ့ရသည့် အသည်းကွဲပြီးနောက် သတင်းစကား ကဗျာဖြင့် နာမည်ရလာခဲ့။
  • ၁၉၉၀-ခုနှစ်ကာလများတွင် ကျောင်းသားတပ်မတော် ABSDF နှင့် ဆက်သွယ်သဖြင့် အင်းစိန်အကျဉ်းထောင်တွင်း နိုင်ငံရေးအကျဉ်းသားအဖြစ် (၃) နှစ်ကျော် အကျဉ်းကျခံခဲ့ရ။
  • ဖြောင့်ချက် ၁၉၉၄၊ နိုဝင်ဘာ၊ ဟန်သစ်မဂ္ဂဇင်း - ဟန်သစ်မဂ္ဂဇင်း အယ်ဒီတာအဖွဲ့၏ တစ်နှစ်အတွင်း အကြိုက်ဆုံးကဗျာအဖြစ် သတ်မှတ်ခံခဲ့ရ။
  • လက် ၁၉၉၈ ဩဂုတ်၊ ရနံ့သစ်မဂ္ဂဇင်း - မန္တလေးစာဖတ်သူများ၏ အကြိုက်ဆုံးကဗျာဆု နောင်(ထန်းရိပ်ညိုကဗျာဆု) ရရှိခဲ့။
  • အနေအထိုင် မတတ်မှုများ ၁၉၉၄ ဇူလိုင်၊ ရနံ့သစ်မဂ္ဂဇင်း - ပြင်ဦးလွင်မှ လူငယ်များက နှစ်သက်သဖြင့် ကျပ်ငွေ ၃၀၀၀၀ ချီးမြှင့်ခံခဲ့ရ။
  • တောင်အမေရိကကို သွားချင်တယ် ၂၀၀၅ ဒီဇင်ဘာ၊ ရနံ့သစ်မဂ္ဂဇင်း - ၂၀၀၆ ပျဉ်းမနားအလယ်ရိုးမ ခေတ်ပေါ်ကဗျာဆု ရရှိခဲ့။
  • အာရှတိုက်ရဲ့ တစ်နေရာ ၂၀၀၅ ခု အောက်တိုဘာ၊ နှလုံးအိမ်မဂ္ဂဇင်း - ၂၀၀၆ ရွှေအမြုတေ စာပေဆု(ကဗျာ) ရရှိခဲ့။
  • ငါလည်း တစ်နေ့ ၂၀၀၆ အောက်တိုဘာ၊ မဟေသီမဂ္ဂဇင်း - ရွှေဘိုမြို့ ပန်းကဗျာ ခေတ်ပေါ်ကဗျာဆု ရရှိခဲ့။
  • ဒီပင်္ဂရ (၂၀၀၈ မေ၊ ချယ်ရီမဂ္ဂဇင်း) ကဗျာရေးဖွဲ့ဖော်ပြပြီးနောက်ပိုင်းတွင် သူ၏ ကဗျာများကို စာပေစိစစ်ရေးမှ ပိတ်ပင်ခံရသဖြင့် အခြားကလောင်အမည် အမျိုးမျိုးအသုံးပြုကာ ဆက်လက်ရေးသားခဲ့ရ။ “ဒီပင်္ဂရ” ကဗျာသည် မိစ္ဆာနှင့် သစ္စာဖောက်များ အတောင်ပေါက်ခဲ့သည့် ဒီပဲယင်းမြို့ဝန်းကျင်က သမိုင်းဝင်အဖြစ်အပျက်များကို ရေးသားခဲ့ခြင်းဖြစ်သည့်အတွက် ကဗျာဖတ်ပရိသတ်များ၏ရင်ကို လှုပ်ခတ်စေခဲ့ပြီး စာပေစိစစ်ရေးမှ နောက်ကြောင်းပြန်အရေးယူခြင်းကို ခံခဲ့ရသည့် ကဗျာတစ်ပုဒ်ဖြစ်သည်။

ထို့အပြင် ဖြောင့်ချက်ပေါင်ချိန်ကြစို့အဖြစ်ကြံမိကြံရာညီမလေး စသော ကဗျာများမှာ ထင်ရှားခဲ့ပြီး “ကဗျာ ၁၀၀ နှင့် ကဗျာဆရာကွယ်လွန်ခြင်း” ကဗျာစာအုပ်ကို “ကြည်မောင်သန်း” အမည်နှင့် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ဝေနိုင်ခဲ့ကာ တော်ဘုရားကလေးစာပေဆု ရရှိခဲ့သည်။

၂၀၁၁ ခုနှစ်၊ မတ်လ ၂၁ ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်အဖြစ် ၂၀၁၀ မန္တလေးခေတ်ပေါ်ကဗျာဆု (ဒုတိယအကြိမ်)အတွက် တစ်နှစ်တာအတွင်း အနှစ်သက်ဆုံး ကဗျာဆရာအဖြစ်လည်း ရွေးချယ်ခံခဲ့ရသည်။

ကဗျာဆရာ လှသန်းဆိုသည့် အမည်ကို စာပေစိစစ်ရေးက ပိတ်ခဲ့သည့်အတွက် ကြည်မောင်သန်း၊ နမိတ်ထွန်း၊ စံသိုက်၊ လိပ်ပြာသန့်သန့်၊ ရန်မခ၊ မောင်သီးသန့် စသည့် ကလောင်အမည်ခွဲပေါင်း မြောက်မြားစွာဖြင့် ကဗျာများကို ကြံ့ကြံ့ခံရေးသားခဲ့ပြီး …

“ကဗျာတွေ ရှင်ချင်ရင် ကဗျာဆရာတွေ သေဖို့သာပြင်"ဟု ယခင်က ရေးခဲ့ဖူးကာ "အခုတော့ သေဖို့ အသင့်ပြင်ထားရင်း ရှင်မယ့်ကဗျာတွေ ရေးဖြစ်ပါတယ်”ဟု ပြောခဲ့ဖူးသူဖြစ်သည်။


၁၉၈၇၊ ၁၉၉၉၊ ၂၀၁၁ ခုနှစ် ကာလများတွင် ကျောက်ကပ်ရောဂါနှင့် ဆေးရုံ ၃ ကြိမ် တက်ခဲ့ရပြီး ၎င်းရောဂါဖြင့် ၄ ကြိမ်မြောက် ဆေးရုံတက်ပြီးနောက် ကဗျာဆရာ ကြည်မောင်သန်းသည် ၂၀၁၁-ခုနှစ်၊ အောက်တိုဘာလ (၂၂)ရက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကျောက်ကပ်ရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။ အိမ်နံပါတ် ၃၆၊ ရုံးကြီးလမ်း၊ အိုးဘိုရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ်တွင် မိသားစုနှင့်အတူ နေထိုင်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် (၄၈)နှစ် ရှိပြီဖြစ်ကာ ဇနီးနှင့် မွေးစားသားတစ်ဦး ကျန်ရစ်ခဲ့သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. naytthit.net[လင့်ခ်သေ]