ကြည်ဇင်၊ မောင် (နာဂတောင်တန်း)

ဝီကီပီးဒီးယား မှ
မောင်ကြည်ဇင်
အမည်ရင်းမောင်ကြည်ဇင်
မွေးဖွား၁၉၃၁ ခု (သက္ကရာဇ် ၁၂၉၃ ခု ဝါဆိုလ)
ဟုမ္မလင်းမြို့နယ်၊ မောင်းခန်းရွာ
အလုပ်အကိုင်စာရေးဆရာ၊
မိဘဦးစိုးပင် + ဒေါ်စောခင်
ကိုးကွယ်မှုဗုဒ္ဓဘာသာ

နာဂတောင်တန်း မောင်ကြည်ဇင် [၁၉၃၁ - ၁၉၇၈][ပြင်ဆင်ရန်]

နာဂတောင်တန်းခရိုင် ဟုမ္မလင်းမြို့နယ် မောင်းခန်းရွာ၌ အဖ ရှမ်းလူမျိုး တောင်သူကြီး ဦးစိုးပင်၊ အမိ ဒေါ်စောခင် တို့က ၁၉၃၁ ခု (သက္ကရာဇ် ၁၂၉၃ ခု ဝါဆိုလ) တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဦးကြည်ဇင် ဖြစ်သည်။ လောကုတ္တရာစာပေနှင့် မြန်မာစာပေ အဆီအနှစ်များကို ဇာတိ မောင်းခန်းရွာ ရွှေတဆယ့်ကိုးရွာ ဂုဏ်းချုပ်ဆရာတော် ဦးဇယန္တထံတွင် လည်းကောင်း၊ စာပေအခြခံပညာကို ဆရာ ဦးဘိုးထွေး၊ ဆရာဦးကိုကြီး၊ ဆရာ ဦးဘဆန်း စသော လက်ဦးဆရာများထံတွင် လည်းကောင်း၊ ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း စစ်ဘေးအန္တရာယ်ကို ပြေးလွှားရင်း စာပေ ဗဟုသုတနှင့် လူ့လောက ဗဟုသုတ များကို မိခင်ကြီး ဒေါ်စောခင် ထံတွင်လည်းကောင်း သင်ယူခဲ့သည်ဟု ဆိုသည်။ ၆ နှစ်ခန့်မျှ သင်္ကန်း ဝတ်ခဲ့ဖူးရာ ဦးပဉ္စင်းသုံးဝါ ရခဲ့သည်။ ကျောင်းဆရာ၊ ပြည်သူ့ဆက်ဆံရေး အရာရှိ၊ ထွန်းနေ့စဉ်သတင်းစာ အယ်ဒီတာ စသည်ဖြင့် လုပ်ကိုင်ခဲ့ဖူးသည်။ ၁၉၅၆ - ၅၇ မှစပြီး ကြေးမုံဂျာနယ်၊ ဟံသာဝတီသတင်းစာ၊ ပြည်ထောင်စုသတင်းစာ၊ မဏ္ဍိုင်သတင်းစာ တို့တွင် နယ်သတင်းထောက်အဖြစ် လုပ်ကိုင်ရင်း ဝတ္ထုတိုနှင့် ဆောင်းပါးများ စတင်ရေးသားခဲ့သည်။ ၁၉၅၇ ခုနှစ် မေလထုတ် မြဝတီမဂ္ဂဇင်းတွင် ပါရှိခဲ့သည့် "နာဂ တောင်တန်းမှ ထူးဆန်းသော ကြေကွဲမှု" ဝတ္ထုတိုကို 'နာဂတောင်တန်း မောင်ကြည်ဇင်' ကလောင် အမည်နှင့် ရေးသားပြီး မဂ္ဂဇင်းလောကထဲသို့ ဝင်ခဲ့သည်။ "တောင်ပေါ်မြေနှင့် မြေပြန့်ပန်း" သည် ပထမ ဆုံးသော လုံးချင်းဝတ္ထု ဖြစ်သည်။ တောင်ပေါ်မြေနှင့် မြေပြန့်ပန်း (၁၉၆၄)၊ ပြေစေချင်သည့် သည်ချစ်ကြိုး (၁၉၆၄)၊ အကယ်ဒမီ ကိုလွန်းပွေ (၁၉၆၅)၊ နော် (၁၉၆၆)၊ မချစ်သော်လည်း မမုန်းပါ (၁၉၆၇)၊ အောင်ပွဲခြိမ့်ခြိမ့် ရင်သိမ့်သိမ့် (၁၉၆၈)၊ ဖျောက်ဆိတ်ပင်ကို သက်သေတည် (၁၉၇ဝ) နှင့် မုန်းစေချင်ဘိသည် (၁၉၇၁) မှာ ထင်ရှားသည်။ "တောင်ပေါ်မြေနှင့် မြေပြန့်ပန်း" ဖြင့် ၁၉၆၄ ခုနှစ် အနုပညာစာပေဆိုင်ရာဆု ဝတ္ထုရှည် ပထမဆု၊ "အောင်ပွဲခြိမ့်ခြိမ့် ရင်သိမ့်သိမ့်"ဖြင့် ၁၉၆၈ ခုနှစ် အမျိုးသား စာပေဆု ဝတ္ထုရှည် တတိယဆု တို့ကို ရရှိခဲ့သည်။ စာပေလောကသို့ ဝင်လာခြင်းမှာ တိုင်းရင်းသားလူမျိုးများ ညီညွတ်ရေးနှင့် မဖွံ့ဖြိုးသေးသောဒေသများအတွက် ပြုပြင်ရေး လုပ်ငန်းများကို ထုတ်ဖော်လိုသောဆန္ဒကြောင့် ဖြစ်သည်ဟု ဆိုခဲ့သည်။


ဘဝနိဂုံး[ပြင်ဆင်ရန်]

၁၉၇၈ ခု ဇွန်လ ၁ ရက်နေ့၊ အသက် ၄၇ နှစ် အရွယ်တွင် ကွယ်လွန် ခဲ့သည်။[၁]


စာညွှန်း[ပြင်ဆင်ရန်]

  1. ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်သော '၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း' စာအုပ်၂ဝဝ၅ ခု၊ ဇူလိုင်

# မလိခ။ မြန်မာဝတ္ထု အညွှန်း (၄)။ စာ ၁၉၄ - ၂၁၄။

  1. မလိခ။ မြန်မာစာပေ အဘိဓာန် (၃)။ စာ ၂၃ဝ - ၂၃၁။
  2. ဒဂုန် ရွှေမျှား။ မြန်မာနိုင်ငံ စာပေဆုများ။ စာ ၁၆၃ - ၁၆၅။
  3. နာဂတောင်တန်း မောင်ကြည်ဇင်။ တောင်ပေါ်မြေနှင့် မြေပြန့်ပန်း (၂ ကြိမ်၊ ၁၉၆၆)။
  4. နာဂတောင်တန်း မောင်ကြည်ဇင်။ နာဂတောင်တန်းမှ ထူးဆန်းသော ကြေကွဲမှု၊ မြဝတီ (မေ ၁၉၅၇)။ စာ ၂၁၈ - ၂၃၁။
  5. ကြံခင်းစိုးလွင်။ ၁၉၆၈ ခု အမျိုးသားစာပေ ဆုနှင်းသဘင်၊ ငွေတာရီ (ဇန်နဝါရီ၊ ၁၉၇ဝ)။ စာ ၁၈ - ၂၄ နှင့် ၁၇၉ - ၁၈ဝ။
  6. မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၇၉)။ စာ ၂၉၉။