ကြက်တိုက်ခြင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကြက်တိုက်ခြင်း

ကြက်တိုက်ခြင်း[ပြင်​ဆင်​ရန်​]

လူတို့ပျော်ရွှင်မှု ခံစားပုံကို အချုပ်အားဖြင့် ၂ မျိုး ခွဲခြား နိုင်သည်။ တစ်မျိုးမှာ မိမိကိုယ်တိုင် ပါဝင်ဆောင်ရွက်ရသော ပျော်ရွှင်မှုများဖြစ်၍ ကျန်တစ်မျိုးမှာ အခြားသူများ ပါဝင် ဆောင်ရွက်သည်ကို ကြည့်ရှုနှစ်သိမ့်သော ပျော်ရွှင်မှုများ ဖြစ်သည်။ ဥပမာ၊ လူအများနှင့် စုပေါင်းယှဉ်ပြိုင်ရသော ဘောလုံးကန်ခြင်း၊ အပြေးပြိုင်ခြင်း၊ လှေပြိုင်ခြင်းစသော ကစား နည်းမျိုးတို့သည် ပါဝင်ဆောင်ရွက်သူများနှင့် ကြည့်ရှုသူများ ကိုပါ ပျော်ရွှင်စေလေသည်။ သို့ရာတွင် လက်ဝှေ့ထိုးခြင်း၊ နပန်းလုံးခြင်း၊ ဓါးခုတ်ခြင်း စသော တစ်ဦးချင်းယှဉ်ပြိုင် ကစားနည်းများ၌မူ ကိုယ်တိုင် ဆောင်ရွက်သူများထက် ကြည့်ရှု သူများက ပိုမို၍ ပျော်ရွှင်မှု ရနိုင်လေသည်။ ထိုသို့ ယှဉ်ပြိုင် ကစားနည်း နှစ်မျိုးရှိသည့်အနက် လူတို့သည် ရံဖန်ရံခါ အသင်းအဖွဲ့နှင့် ယှဉ်ပြိုင်ရသောပွဲများကို ကြည့်လိုကြ၍ ရံဖန်ရံခါ တစ်ဦးချင်း ယှဉ်ပြိုင်ရသောပွဲများကို ကြည့်ရှုလိုကြ သည်။ ထို့ကြောင့် လူလူချင်း ယှဉ်ပြိုင်ရသော ပွဲများကိုသာမက နွားတိုက်ပွဲ၊ ကျွဲတိုက်ပွဲ၊ ကြက်တိုက်ပွဲ စသော တိရစ္ဆာန်တိုက်ပွဲ များကိုလည်း ပြုလုပ်ကျင်းပလေ့ရှိကာ ပျော်ရွှင်မှုကို ရှာဖွေကြံ ဖန် ယူတတ်ကြသည်။

တိရစ္ဆာန်တိုက်ပွဲများအနက် ကြက်တိုက်ပွဲကို နိုင်ငံတကာ တိုင်းမှာလိုပင် ပြုလုပ်လေ့ရှိသည်မှာ ကြက်သည် အတိုက်အခွပ် သန်၍ အလွယ်တကူရရှိနိုင်သော အိမ်မွေးတိရစ္ဆာန်မျိုးဖြစ်သော ကြောင့်ဟု တွေးထင်ရသည်။

ကမ္ဘာပေါ်တွင် ကြက်တိုက်ပွဲများ မည်သည့်အချိန်က စတင် ပေါ်ပေါက်ခဲ့သည်ကို အတိအကျ မသိရှိရသော်လည်း လူတို့ သည် ကြက်ကို စတင်မွေးမြူသည့် အချိန်မှစ၍ ကြက်တိုက်ပွဲ များ စတင်ခဲ့သည်ဟု ထင်ရသည်။ ကြက်တိုက်ခြင်းသည် မြန်မာလူမျိုးများ၏ မျိုးရိုးစရိုက် ပျော်ရွှင်မှုတစ်ခုဖြစ်၍ မင်းညီ မင်းသားမှအစ သူဆင်းရဲများအထိ ကြက်တိုက်ခဲ့ကြသည်။ တိုက်ကြက်မှာ အတိုက်အခွပ်သန်သော ကြက်မျိုးမှ သီးသန့် ဖောက်ယူရရှိသော ကြက်မျိုးဖြစ်၍ သာမန်ကြက်များထက် သန်မာပြီးလျှင် ဇွဲရှိသဖြင့် အတိုက်အခွပ်ကောင်းလေသည်။ တိုက်ကြက်များကို အမွေးအရောင်အလိုက် အမည်ပေးလေ့ ရှိသည်။ အနီရောင် ပေါ်လွင်လျှင် နီဟူ၍လည်းကောင်း၊

ဘုတ်မွေးရောင်ရှိလျှင် ဖောင်းဟူ၍လည်းကောင်း၊ စသည်ဖြင့် ခေါ်ဝေါ်ကြသည်။ တိုက်ကြက် 

ကောင်း၏ လက္ခဏာများမှာ ဘုတ်ငှက်အရောင်ကဲ့သို့ အမွေး မျိုးရင်မှာ သက်ရမည်။ အတက်နက်၍ အမောက်ချွန်းရမည်။ ခြေထောက်မှ အကြေးဖတ်မှ ၃ဝ ရှိရမည်ဟု ဆိုလေသည်။ ထို့ကြောင့် 'ဘုတ်မွေးရင်သက်၊ တက်နက်မောက်ချွန်း၊ မြီးစွန်း ထင်းစည်း၊ မောက်လုံးကြီး နှင့်၊ ခြေကြေးသုံးဆယ်၊ ဝိုင်းကြီး ပယ်၊'ဟု တိုက်ကြက်လက္ခဏာများကို ဖော်ပြထားလေသည်။ ခြေကြေးပတ် ၃ဝ ကို ရေတွက်ပုံမှာ ခြေခလယ်အကြေးပတ်မှ အတက်နှင့်တည့်တည့် အကြေးပတ်အထိ အကြေးပတ်ပေါင်း ၃ဝ ရှိရမည်ဟု ဆိုလိုသည်။

ဖောင်းအမျိုးအစားထဲမှ ကြက်ကောင်းလက္ခဏာမှာ ကျော နှင့် နေရာများတွင် ဖောင်းရောင်သက် ရမည်။ အဖီမွေး၊ ချေးခံ မွေး၊ ဒူးကွပ်မွေးများမှလည်း ဖောင်းရောင်ရှိရမည်။ ထို့ပြင် နှုတ်သီးအရောင်နှင့် ခြေထောက် အရောင်တို့ တူရမည်ဟု ဆိုလေသည်။

တိုက်ကြက်ကို အိပ်တန်းသီးသန့်ထားပေးရသည်။ နံနက် တိုင်း အစာကြေ မကြေသိရန် စလုတ်ကို ဂရုစိုက်၍ ကြည့်ရှု ရသည်။ ကြက်ချေးမာလျှင် ကြက်ကျန်းမာနေသည်ဟု သိရ သည်။ ကြက်ကို နံနက်တိုင်း ရေ ဝဝ တိုက်ပေးရသည်။ ထို့နောက် ခြေထောက်ကို ဒူးဆစ်အထိ ရေစိမ်ပေးပြီးလျှင် တောင်ပံကို ရေမစွတ်စေဘဲ ရင်အုပ်နှင့် ပေါင်တံများကို ဆုပ်နယ်ပေးရသည်။

ထို့ပြင် ကြက်ကောင်းကြိုးမကွာ ဆိုသည့်စကားအတိုင်း ကြက်မများနှင့် ရောနှောမနေစေရန် ငုတ်စိုက်၍ ကြိုးဖြင့် တည်းထားရသည်။ အနောက်နိုင်ငံများတွင်လည်း ကြက်ဝါသနာ အိုးများသည် ငွေကြေးအကုန်အကျခံကာ ဆေးဝါးအကူအညီဖြင့် တိုက်ကြက်များကို မွေးမြူကြ၏။ အနောက်နိုင်ငံများ၌ခေတ်စား သော တိုက်ကြက်မျိုးများမှာ ပလင်းမတ်ရော၊ ဝိုင်ယန်ဒေါ့ ဂျာစီဂျိုင်းယင့်၊ ရုတ်ကျွန်းအနီ၊ နယူဟမ္ပရှိုင်ယာ၊ အောပန်တန် စသည်တို့ ဖြစ်ကြသည်။

စည်းကမ်းချက်များ[ပြင်​ဆင်​ရန်​]

ကြက်တိုက်ပွဲ စည်းကမ်းချက်များမှာ တစ်နေရာနှင့် တစ်နေရာမတူကြချေ။ ဥပမာ၊ မြန်မာနိုင်ငံ၌ တိုက်ကြက်များကို နဂိုမူလအတက်နှင့် တိုက်လေ့ရှိသည်။ အိန္ဒိယနိုင်ငံ၌ ကြက် အတက်တွင် ဓါးသွားငယ်များ တပ်၍ တိုက်လေ့ရှိသည်။ မြန်မာနိုင်ငံ၌ ကြက်ပွဲကျင်းပပုံမှာ ရှေးဦးစွာ ကြက်ပွဲ စည်းမျဉ်းများကို နားလည်သူတစ်ဦးအား ဒိုင်ခန့်ရသည်။ ထို့ပြင် ကြက်များကို ကုသရန်အတွက် ကြက်ဆွဲနှစ်ဦးကိုလည်း ခန့်ထားရသည်။ ဒိုင်လုပ်သူက သတ်မှတ်ထားသော စည်းကမ်း ချက်များကို ကြက်ရှင်များက ကျေနပ်လျှင် ကြက်များကို ဆိုင် ပေး၍ ကြက်တိုက်ပွဲ စလေတော့၏။ ထိုသို့တိုက်ရာတွင် တစ်ကောင်ကောင် ပိုင်းပိုင်းလဲလျှင်လည်းကောင်း၊ ပြားပြားကပ် အရှုံးခံ လျှင်လည်းကောင်း၊ စည်းဝိုင်းအပြင်ဖက်သို့ ထွက်ပြေးလျှင်လည်းကောင်း၊ ကြက်ပွဲ ပြီးလေသည်။ အင်အားချင်းမျှ၊ စွမ်းရည်ချင်းတူသော ကြက်များ ခွပ်ကြလျှင် တစ်ခါတစ်ရံ ၂ နာရီနီးပါး ကြာတတ်ကြသည်။


အခြားစည်းကမ်းချက် အချို့မှာ-

  1. ကြက် ၂ ကောင် ခွပ်နေစဉ် ဝိုင်းအတွင်းမှ ကြက်ကိုလည်း မထူရ။ ကြက်နှုတ်သီး၌ ကြက်မွေးများ အကယ်၍ ကပ်နေလျှင်လည်း မဖယ်ရချေ။
  2. ရေဖွာမှုတ်၍ မကူရ၊ လေကိုသာ မှုတ်၍ ကူပေးနိုင်၏။
  3. ကြက်၌ရရှိသော ဒဏ်ရာများကို ဆီးဖြူသီးခြောက်၊ ဖန်ခါးသီးခြောက် စသည့် သွေးတိတ်ဆေး များဖြင့် မကုသရ။ ကြက်ဝိုင်းအတွင်းမှရသော ဖုံမှုန်မြေမှုန့်၊ ကြက် မွေးတို့ကိုသာ အသုံးပြုနိုင်သည်။
  4. သတ်မှတ်ထားသော စည်းပေါ်သို့ အမြီးထောက်မှ ကောက်ယူရမည်။
  5. စည်းဝိုင်းအတွင်း၌ ကြက် ၂ ကောင် အခွပ် ရပ်ဆိုင်းနေလျှင် ၃ ခါစီ လေဖြင့်မှုတ်ပေးနိုင်သည်။


သို့ဖြင့် မခွပ်သေးလျှင် ဒိုင်ကခွင့်ပြုသော် ကြက်ဆွဲများက ကောက်ယူ ကုသနိုင်သည်။ ကုသပုံမှာ ကြက်၏ အာခေါင်တွင်းမှ ချွဲများကို ကြက်တောင်ဖြင့်ကျပ်၍ ထုတ်ပစ်ခြင်း၊ ကြက်ကို ရေဖြင့်မှုတ် ပေးခြင်း၊ လက်ပူတိုက်ခြင်း၊ အညောင်းဆန့်ပေး ခြင်းများ ဖြစ်သည်။ အချို့ကြက်များသည် ပွဲဦးထွက် စ၌ အသင့်အတင့် မျှသာ ခွပ်ပြီးလျှင် တစ်ရေ နှစ်ရေ ထိုးပြီးသောအခါမှ အထူး အခွပ် ကောင်းလာတတ်လေသည်။

အကယ်၍ ကြက်များသည် တစ်ကောင်နှင့်တစ်ကောင် ခုန်ပျံ၍ မခွပ်နိုင်ကြသောအခြေအနေသို့ ရောက်နေလျှင် ဒိုင်က တစ်တောင်ပတ်လည် စည်းဝိုင်းရေးပေးလေသည်။ ကြက်များကို ထိုစည်းအတွင်းသို့ အသာအယာ လက်ဆုပ်ဖြေလွှတ်ကာ တေ့ဆိုင်ပေးရသည်။ ကြက်များ အကယ်၍ စည်းအပြင်ဖက်သို့ ရောက်သွားလျှင် ချက်ခြင်းကောက်ယူ၍ ကုသခြင်းမပြုဘဲ စည်းဝိုင်းထဲသို့ လွှတ်ပေးရသည်။ ထိုကဲ့သို့ ၃ ခါ ကောက် ယူပြီးမှ တစ်ခါကုသနိုင်သည်။ တစ်ခါကုသလျှင် လက်ပူ ၃ ခါသာ ထိုးရသည်။ ၃ ခါ လွှတ်ပြီး သည့် နောက်ပိုင်း၌ တစ်ကောင် ၃ ချက်ဆိတ်၍ ကျန်တစ်ကောင်က ပြန် မဆိတ်နိုင်လျှင် ထိုပြန်မဆိတ် နိုင်သောကြက်သည် ရှုံးပြီဟု ဒိုင်က ကျေညာလေသည်။ မြန်မာနိုင်ငံတွင် ကြက်ပွဲများကို စပါးပေါ်ချိန် ဆောင်းရာသီများတွင် ကျင်းပလေ့ရှိသည်။ ပွဲရသောကြက်များ ပါဝင်သော ခွပ်ပွဲကြီးများသည် အထူး စည်ကား၍ အလောင်းအစားပြုရာတွင်လည်း ကြေးပါလှ၏။ တိုက်ကြက်များ မိမိရရခွပ်ပုံမှာ ကြည့်ရှု၍ကောင်းလှသည်။ ထို့ကြောင့် မြန်မာလူမျိုးတို့သည် ကြက်ခွပ်ခြင်းကို စကားတင် စား ပြောဆိုရေးသားကြသည်။ ဥပမာ၊ စကားကြီး ၁ဝ ခွန်း တွင် ကြက်ဆုတ်ခွပ်ပစ် ဟူ၍လည်းကောင်း၊ မြန်မာစကားပုံတွင် ကြွေ တစ်လက်၊ ကြက်တစ်ခုန်ဟူ၍လည်းကောင်း၊ ပြောဆိုရေးသားကြသည်။ ရေသည် ပြဇာတ်တွင်မူ 'သို့သော်လဲ ယောက်ျား၊ ကံရှေ့သွား၊ ကံထားရာဟဲ့၊ မနုန့်နဲ့ပါဘူး၊ အလှဲ့သင့်ချက်ပိုင်၊ ကြက်ကန်းခွပ် လို့၊ ပွဲကျွတ်အောင်နိုင်သေးသပ'ဟု ဦးပုညက ဖွဲ့ဆိုခဲ့သည်။ ရှေးအခါက မြန်မာလုလင်ပျိုများ တိုက်ကြက်နှင့် စောင်း များ ခင်တွယ်ပုံကို ရှေးဟောင်းအိုင်းချင်း တစ်ပုဒ်၌ 'မဲလီပင် နှင့် ဒန်းပင်နွဲ့နောင်း၊ ရှက်ကာငယ်ပေါင်း၊ ကင်းကြောင်း ဆိပ်ဝယ်၊ ထိုးဝါးငယ်ဝယ်၊ တကယ် စုန်ဖြစ်မလားတော်။ စုန်မယ်ဆို၊ စုန်မဲ့ရက် ဆက်ဆက်မစုန်၊ တီးသည့်စောင်းနှင့် လောင်းသည့်ကြက်ကို၊ ပိုက်လို့ငယ်ငို၊ မောင့်ကိုကုန်သွားထည့် သလားတော်' စသဖြင့် စပ်ဆိုဖွဲ့နွဲ့ထားလေသည်။

ကြက်များခွပ်သည်ကို အတုယူ၍ မိန်းကလေးများက ကြက် ခွပ်တမ်း ကစားလေ့ရှိကြသည်။ ကြက်ဖတိန်ညင်၊ တောကိုဝင်၊ မောင်ရင်လာမှ လေးနဲ့ပစ် အစချီသော ကြက်ခွပ်သီချင်းမှာ လူသိအများဆုံး ကလေးသီချင်းတစ်ပုဒ် ဖြစ်၏။ ကမ္ဘာအရပ်ရပ်တွင် ကြက်တိုက်ပွဲများကို နှစ်ပေါင်းများစွာ ကပင် သာသနာရေးဖက်နှင့် အခြားတိရစ္ဆာန် ကာကွယ်ရေး အသင်းအဖွဲ့များက အပြင်းအထန် ကန့်ကွက်ခဲ့ကြသော်လည်း ကြက်တိုက်ပွဲများမှာ ယခုတိုင် ပြုလုပ်မြဲ ပြုလုပ်နေကြသေး သည်။ အင်္ဂလန်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုနိုင်ငံ များတွင် ၁၈၅ဝ ခုနှစ်ကပင် ကြက်ပွဲများကို တားဆီးပိတ်ပင် နိုင်သော ဥပဒေများ ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း ၁၈၉၉ ခုနှစ် ဧပြီလတွင် ပြဋ္ဌာန်းခဲ့သော မြန်မာပြည် လောင်း ကစားမှု အက်ဥပဒေအရ ကြက်တိုက်လောင်းတမ်း ကစားခြင်း ကို အရေးယူခဲ့သည့်အတိုင်း ယခုအခါ အပျော်သက်သက် ကြက်တိုက်ပွဲများလောက်သာ ကျန်ရှိနေတော့သည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)