ကြက်ငှက်မွေးမြူခြင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ကြက်ငှက်မွေးမြူခြင်း[ပြင်ဆင်ရန်]

ယခုအခါ တိုင်းပြည်တိုင်း၌လိုပင် ကြက်ငှက်တို့ကို အသား စားရန်နှင့် ဥစားရန်အတွက် အနည်းနှင့်အများ မွေးမြူလျက်ရှိ ကြသည်။ မွေးမြူတတ်ကြသော ကြက်ငှက်တို့မှာ၊ ကြက်၊ ဝမ်းဘဲ၊ ငန်း၊ ရစ်ကြီးနှင့် ကြက်ဆင်များ ဖြစ်ကြသည်။ အနောက်နိုင်ငံများတွင် များသောအားဖြင့် ကြက်ဥများကိုသာ အရေးပေး၍ ရောင်းဝယ်လေ့ရှိကြသဖြင့်၊ ကြက်မွေးမြူခြင်းသည် ဝမ်းဘဲ၊ ငန်း စသည်တို့ကို မွေးမြူခြင်းထက် ပို၍ အရေးပါ လေသည်။

ခေတ်မှီနည်းများဖြင့် ကြက်ငှက်တို့ကို စံနစ်တကျ မွေးမြူ လျှင် ကြက်မွေးမြူခြင်းသည် အကျိုးထူး ဖြစ်ပေါ်စေမည့် လုပ်ငန်းတစ်ရပ် ဖြစ်ပေသည်။ ထို့ကြောင့် တရုတ်နိုင်ငံ၊ ကနေဒါနိုင်ငံ၊ ဒိန်းမတ်နိုင်ငံ၊ အင်္ဂလန်နိုင်ငံ၊ ဩစတြေးလီး ယားတိုက်၊ အမေရိကန်ပြည်ထောင်စုနှင့် အခြားတိုင်းပြည် အချို့တို့တွင် ကြက်ငှက် မွေးမြူသည့်လုပ်ငန်းကို အလွန်အရေး ထား၍ လုပ်ကိုင်ဆောင်ရွက်ကြသည်။

ကြက်မွေးရာ၌ ကြက်သားကို ရောင်းစားရန် မွေးမြူသည် ထက် ကြက်ဥအတွက် မွေးမြူသည်က ပို၍ ဝင်ငွေကောင်း သဖြင့်၊ ဒိန်းမတ်ကဲ့သို့သော နိုင်ငံများတွင် ကြက်ငှက်မွေးမြူသူ တို့သည် အသင်းအပင်းဖွဲ့၍ စံနစ်တကျ ကြက်ဥများကို ရောင်း ဝယ်ကြသည်။ ပြင်သစ်နိုင်ငံ၊ အင်္ဂလန်နိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုတို့တွင်ကား ကြက်ငှက်မွေးမြူသူအချို့တို့သည် အကောင်ဖောက်၍ ရောင်းချကြသည်။ အဥကောင်းသောကြက်မ မျိုးသည် ပျမ်းမျှခြင်းအားဖြင့် တစ်နှစ်လျှင် ဥပေါင်း ၁၂ဝ မျှ ဥနိုင်၏။ ဥအများဆုံး ဥနိုင်၍ ဆုချီးမြှင့်ခြင်းခံရသော ကြက်မ တို့သည် တစ်နှစ်လျှင် ဥပေါင်း ၃ဝဝ ကျော်အထိ ဥနိုင်ကြ သည်။ နယူးဇီလန်ကျွန်းမှ ကြက်မတစ်ကောင်သည် တစ်နှစ် လျှင် ကြက်ဥပေါင်း ၃၆၁ လုံးမျှ ဥခဲ့ဘူးလေသည်။ ကြက်များ အသားထွက်ပိုရန်နှင့် ဥအရေအတွက်ပိုလာရန် မွေးမြူနည်းမှာ ကြက်အုပ်ထဲမှ မျိုးအကောင်းဆုံးကိုသာ ရွေး ချယ်၍ မွေးမြူခြင်းပင် ဖြစ်ပေသည်။ ဥပမာအားဖြင့် ကြက်အုပ် ထဲမှ ကြက်ဥအများဆုံးဥသော ကြက်မများကို သီးသန့်ရွေးချယ် ထား၍ ထိုကြက်မတို့၏ ဥများကို အကောင်ဖောက်လိုက်ခြင်း ဖြင့် ကြက်ဥများများဥသော ကြက်မျိုးကို ရရှိလာပေမည်။ တစ်ဖန် ထိုဒုတိယကြက်မအုပ်ထဲမှ ဥအများဆုံးဥသော ကြက်မ များ၏ ဥများကို ဆက်၍ သားဖောက်ရလေသည်။ ယင်းကဲ့သို့ ဆက်ကာ ဆက်ကာ မျိုးသန့်လိုက်ခြင်းဖြင့် အခြားကြက်ရိုးရိုး ထက် ကြက်ဥပေါင်းများစွာ ပို၍ဥနိုင်သော ကြက်မျိုးကို ရရှိ လာမည် ဖြစ်၏။

ကြက်များကို မွေးမြူသောအခါ သီးသန့်ထားသောအိမ်များ ဖြင့် မွေးမြူရ၏။ ကြက်အိမ်များမှာ သန့်ရှင်းလျက် နေရောင် ခြည်နှင့် လေကောင်းများ ရရှိနိုင်သောအိမ်များ ဖြစ်ရပေမည်။ ကြက်များကို သင့်လျော်သော အစာများကိုသာ ကျွေးမွေးရမည်။ ကြက်များသည် နေအလင်းရှိသမျှ တစ်ချိန်လုံး အစာကို မြေကြီးတွင် ယက်ပက်ရှာဖွေ စားသောက်လေ့ရှိသဖြင့် စားနိုင် သမျှအစာကို လုံလောက်စွာ ပေးထားရမည်။ အနောက်နိုင်ငံ များတွင် နေ့တာတိုသော ဆောင်းအခါ၌ ကြက်များ ဥမဥဘဲ နေတတ်သဖြင့် နံနက်စောစောနှင့် ညနေစောင်း အချိန်များ၌ ကြက်အိမ်များတွင် မီးထွန်းပေးလေ့ရှိသည်။ ထိုသို့ မီးထွန်းပေး ထားခြင်းကြောင့် ကြက်များသည် နွေအခါကဲ့သို့ အစာကို အချိန်ကြာကြာ စားရသဖြင့် ဥများမပြတ် ဥတတ်ကြသည်။ ကြက်များကို ဘာသာဘာဝအလျောက် လွှတ်ထားမည်ဆိုလျှင် ၁၂ လုံးမှ ၁၅ လုံးအထိသာ ဥ၍ ကြက်တင်းတွင် ဝပ်နေချင် တတ်ကြသည်။ ရက်သတ္တသုံးပတ်မျှ ဝပ်လိုက်လျှင် ကြက် ကလေးများ ပေါက်လာတတ်ကြသည်။ ထိုကြက်ကလေးများကို ၂ လတန်သည် ၃ လတန်သည် စသည်ဖြင့် ကြက်မကြီးက ထိန်းသိမ်းစောင့်ရှောက် နေရပြန်သည်။

ဤကဲ့သို့ ကြက်မများကို ဝပ်စေခြင်း သားထိန်းစေခြင်းဖြင့် ကြက်ဥများကို ရသင့်သလောက် မရနိုင်သောကြောင့် ကြက်မွေး သူတို့သည် ကြက်မများ မဝပ်နိုင်အောင် တင်းကို ဖျက်ပစ်ရ လေသည်။ ဝပ်ချင်နေသော ကြက်မများကို သီးသန့်ထားသော အိမ်များ၌ လှောင်ထားလိုက်လျှင် မကြာမီ ဝပ်ချင်စိတ် ပျောက် သွားတတ်ပေသည်။ ကြက်မများ ဝပ်ချင်လာသည့်အခါတိုင်း တင်းဖျက်လိုက်လျှင် ကြက်ကလေးများ မည်သို့ ပေါက်လာကြ မည်နည်းဟု မေးဖွယ်ရှိ၏။

ကြက်ဥများကို အပူငွေ့ပေးခြင်းဖြင့် ကြက်ကလေးများ ပေါက်လာနိုင်ကြသည်။ အပူငွေ့ဖြင့် အကောင် ဖောက်သည့် နည်းမှာ နည်းသစ်နည်းဆန်း မဟုတ်ပေ။ ရှေးခေတ် အီဂျစ် လူမျိုး တို့ အုတ်မီးဖိုများတွင် ကြက်ဥများကို ထည့်၍ နွေးရုံ လောက်သာ အပူရှိန်ပေးခြင်းဖြင့် ကြက်ကလေးများကို ဖောက် ယူခဲ့ကြသည်။ ယခုခေတ်ပေါ် ကြက်ဥဖောက်စက်သည် ကြက်ဥ များမှ အကောင်ကလေးများ ပေါက်လာရန် လိုအပ်သော သဘာဝအခြေအနေတို့ကို အတုယူ၍ ဖန်တီးထားခြင်း ဖြစ်၏။ ကြက်ဥများသည် ကြက်မဝပ်နေခြင်းဖြင့် ကြက်မ၏ ကိုယ်ငွေ့ အပူချိန်ကို ရရှိကြ၏။ ကြက်ဥများတွင် အပူငွေ့အညီအမျှ ရရှိစေရန်နှင့် လေသစ်လေအေး ဝင်စေရန် ကြက်မသည် ဥများကို နေ့စဉ် နှုတ်သီးဖြင့် လှန်လျောပေး၏။ ကြက်ဥဖောက် စက်တွင် အထက်ဖော်ပြပါ အချက်အလက်များ စုံလင်စွာ ပါရှိ အောင် မီးအိမ်များဖြင့် လိုအပ်သောအပူရှိန်ကို ရရှိစေသည့် အပြင် ကြက်မကြီးကဲ့သို့ ပထမရက်သတ္တပတ်အတွင်း ကြက်ဥ များကို လှန်လှောပေးနိုင်ရန် စက်ကိရိယာများကိုပါ တပ်ဆင် ထားလေသည်။

ဥဖောက်စက်ဖြင့် အကောင်ဖောက်သည့်အခါ ၇ ရက် တစ်ကြိမ်၊ တစ်ဖန် ၁၄ ရက်တစ်ကြိမ်၊ ကြက်ဥများကို စစ်ဆေး၍ မအောင်မြင်သော သံချောင်ဥတို့ကို ပယ်ပစ်ရသည်။ ၂၁ ရက်အကြာတွင် ကြက်ဥများ အတွင်းမှ ကြက်ကလေးများ တစ်ကောင်ပြီးတစ်ကောင် ဖောက်ထွက်လာကြသည်။ ပေါက် လာသည့် ကြက်ကလေးတို့ကို လှောင်အိမ်တွင် ထွေးထွေး နွေးနွေးထား၍ အစာရေစာများ တိုက်ကျွေးပေးရသည်။ ကိုယ်တိုင်အစာများကို ယက်ပက်ရှာဖွေ စားသောက်နိုင်မှ အပြင်သို့ထုတ်လိုက်ကြသည်။ ဥဖောက်စက် အရွယ်အစား အမျိုးမျိုး ရှိသည်တွင် အချို့မှာ တစ်ကြိမ်လျှင် ကြက်ဥ ၃၊ ၄ ဒါဇင်ကို ထည့်၍ အကောင်ဖောက်နိုင်သည်။ တစ်ကြိမ်လျှင် ကြက်ဥပေါင်း ၁၅ဝဝဝ ခန့် အကောင်ဖောက်နိုင်သော ဥဖောက် စက် အကြီးစားများလည်း ရှိသေးသည်။ အချို့ ဥဖောက်စက် တို့တွင် အပူငွေ့ရရှိစေရန် ဆီမီးအိမ်များကို တပ်ဆင်ထားလျှက် အချို့မှာမူ ရေနွေးဖြင့် အပူငွေ့ပေးကြသည်။

မြန်မာနည်းဖြင့်လည်း ကြက်ဥ၊ ဘဲဥများကို လွယ်ကူစွာ အကောက်ဖောက်ယူနိုင်ပေသည်။ ဤနည်းမှာ ဥဖောက်လိုသော ကြက်ဥ၊ ဘဲဥအရေအတွက်ကို ခန့်မှန်း၍ မြေကျင်းရှည်ရှည် တူးရသည်။ ထိုကျင်းကို မြေခိုးမြေငွေ့နှင့် ပိုးမွှားများမှ ကင်း ရှင်းရန် ကောက်ရိုးမီးဖြင့် သင်းပေးရသည်။ အေးသွားသော အခါ ထိုကောက်ရိုးပြာများကို ထုတ်ပစ်ပြီး ဖွဲကြမ်းများကို ကျင်းပြည့်အောင် ထည့်ရသည်။ ထိုဖွဲကြမ်းများတွင် မိမိထည့် လိုသည့် ကြက်ဥဘဲဥများကို အထက်အောက် နှစ်ထပ်တစ်ခုနှင့် တစ်ခု မထိခိုက်စေဘဲ ထည့်ရသည်။ အချို့သုံးလေး ထပ်ဆင့်၍ ထည့်သော်လည်း နှစ်ဆင့်ထည့်က သာ၍ ကောင်းသည်။ ဥများကို မထိခိုက်ဘဲ ဖော်ယူသည့်အခါလည်း လွယ်သည်။ ထိုနောက် ဖွဲကြမ်းအပေါ်မှာ ဓနိသက်ငယ်၊ ကောက်ရိုး တစ်ခု ခုဖြင့် ဖုံးလွှမ်းထားရသည်။ ထိုသို့ထားပြီး ၇ ရက် ၈ ရက် အကြာတွင် ဖော်ယူ၍ နေရောင်၌ ထောင်ကြည့်ပြီးလျှင် မကောင်းသောဥများကို ထုတ်ပယ်ပစ်ရသည်။ တစ်ဖန် ကောင်းသောဥများကို ပြန်ထည့်ပြီးနောက် ၁၄ ရက် ၁၅ ရက် ကြာသောအခါ နောက်တစ်ကြိမ်ဖော်၍ အထက်ပါနည်းအတိုင်း စမ်းသပ်ပြီးလျှင် မကောင်းသောဥများကို ထုတ်ပစ်ရပြန်သည်။ ဥများသည် ၁၆ ရက်နှင့် ၁၇ ရက်တွင် ပေါက်တတ်ကြပေ သည်။ အရက် ၂ဝ အထက် မကျော်တတ်ပေ။ ဥများပေါက် ရက် နီးလာလျှင် အကောင်ကလေးများ၏အသံကို အထူးသတိ ထား၍ နားထောင်ရပေသည်။ ထိုကြောင့် ပေါက်လာသော အကောင်ကလေးများကို အပူအအေးမှ ကာကွယ်နိုင်အောင် အထူးသတိပြု မွေးမြူကြရလေသည်။

ကြက်ငှက်များကို မွေးမြူရာ၌ ယင်းတို့၏ ကျန်းမာရေးကို အထူးဂရုစိုက်ကြရသည်။ အနေအထိုင် မသန့်ရှင်း၍သော်လည်းကောင်း၊ အစားအသောက် မကောင်းမွန်၍သော်လည်းကောင်း၊ ကြက်ငှက်တို့၌ အနာရောဂါများ ဖြစ်ပေါ် တတ်ကြသည်။ ကြက်ချေးစသော အညစ်အကြေးများကို သုတ်သင်ပေး၍ ကြက်ငှက်များအဖို့ သင့်တင့်မည့် အခြေအနေကို ဖန်တီးပေးနိုင်လျှင် ကြက်ငှက် ရောဂါများကို ကာကွယ်နိုင်ပေသည်။ အထူးအားဖြင့် ကြက် သန်းနှင့် ကမျဉ်းနီကောင်များသည် ကြက်ငှက်များကို အမျိုးမျိုး ဒုက္ခပေးတတ်ကြသဖြင့် ယင်းတို့ကို အထူးဂရုစိုက်ကြရပေ သည်။ ပိုးသတ်ဆေးမှုန့်များကို အသုံးပြုခြင်းအားဖြင့် ယင်းတို့ ကို ကာကွယ်နိုင်ပေသည်။ အစားအသောက်များကိုလည်း မျှတ အောင် ချိန်ဆကျွေးကြရသည်။ ကြက်ငှက်များသောက်ရန် ရေကိုလည်း သန့်ရှင်းစွာထားရှိရသည်။ သောက်ရေကို သန့်ရှင်း အောင် ပြုလုပ်ရာ၌ ကာဗော်လစ်အက်ဆစ်နှင့် ပိုတက်ဆီယမ် ပါမန်ဂနိတ် အနည်းငယ်ထည့်ပေးခြင်းအားဖြင့် သောက်ရေကို စင်ကြယ်အောင် ပြုလုပ်နိုင်ပေသည်။အများအားဖြင့် ကြက်ငှက် ရောဂါများသည် ကုသ၍ မရနိုင်အောင် ဖြစ်တတ်သည်။ ထို့ကြောင့် ဤရောဂါများ မပြန့်ပွားရလေအောင် ရောဂါဖြစ် နေသော ကြက်ငှက်များကို ကျန်းမာသောကြက်ငှက်များနှင့် ရောမထား ဘဲ သီးခြားထားရပေသည်။ ကြက်ငှက်ရောဂါများ ဖြစ်ပေါ်လာလျှင် ကြက်ငှက်အဆုံးအရှုံးများခြင်း၊ ဥထွက် လျော့ သွားခြင်း၊ အကောင်ကြုံလှီသွားခြင်း စသော နစ်နာမှုများ ရှိလိမ့်မည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)