ကျွဲခေါင်းသီးပင်
| Water caltrop | |
|---|---|
| Trapa natans | |
| မျိုးရိုးခွဲခြားခြင်း | |
| လောက: | Plantae |
| Clade: | Angiosperms |
| Clade: | Eudicots |
| Clade: | Rosids |
| မျိုးစဉ်: | Myrtales |
| မျိုးရင်း: | Lythraceae |
| မျိုးရင်းသေး: | Trapoideae Voigt |
| မျိုးစု: | Trapa L. |
| အမျိုးအစား မျိုးစိတ် | |
| Trapa natans L. | |
| Species | |

ကျွဲခေါင်းသီးပင်သည် ရေတွင် ပေါလောပေါ်နေသော အပင်ငယ်တစ်မျိုးဖြစ်သည်။ ရေအောက်ရှိ အရွက်နှင့် ရေပေါ်ရှိအရွက်တို့သည် မတူညီကြချေ။ ရေအောက်ရှိအရွက်များသည် အညှာချင်းဆိုင်ပေါက်၍ အမြစ်နှင့် တူကြသည်။ ရေပေါ်ရှိအရွက်များမှာမူ ရိုးတံရင်း၌ စုပေါက်ကြသည်။ အသီးတွင် အဖုများထွက်နေ၍ ကျွဲဦးခေါင်းပုံနှင့် တူသည်။ အခွံသည် အစိမ်းပုပ်ရောင်ရှိ၍ အတွင်းသားမှာ ဖြူသည်။
မြန်မာနိုင်ငံအောက်ပိုင်းမြို့ကြီးများရှိ ရေကန်များတွင် ကျွဲခေါင်းသီးပင်များကို ပြုစုစိုက်ပျိုးကြသည်။ ဇွန်လမှ ဩဂုတ်လအထိ မိုးတွင်းအချိန်၌ ကျွဲခေါင်းသီးကို ရောင်းချလေ့ရှိသည်။ အသီးကို အစိမ်းလိုက်ဖြစ်စေ၊ ပြုတ်၍ဖြစ်စေ၊ အခွံနွှာပြီးလျှင် စားကြသည်။ အတွင်းသား အရသာမှာ ချိုအေး၍ အရည်ရွှမ်းသည်။ ကျွဲခေါင်းသီးကို အထူးသဖြင့် ဟိန္ဒူလူမျိုးတို့ ကြိုက်နှစ်သက်ကြသည်။ ကျွဲခေါင်းသီးကို သံပရာသီးနှင့် ရောစားမိလျှင် တောက်၍ သေတတ်သည်ဟု ဆိုသည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ( ၂ )၊ အပိုင်း-ခ၊ နှာ-၂၃၂