မာတိကာသို့ ခုန်သွားရန်

ကျွမ်းသမား

ဝီကီပီးဒီးယား မှ

ကျွမ်းသမား

[ပြင်ဆင်ရန်]

ကျွမ်းအတတ်ကို ရှေးအခါကပင် လေ့လာလိုက်စားခဲ့ကြ၏။ ကျွမ်းဆိုသည်မှာ မိမိကိုယ်ကို မြေမှလွတ်၍ ၂ ပတ် ၃ ပတ် လည်အောင် ခုန်ခြင်းပင် ဖြစ်၏။ အရာဝတ္ထုတစ်ခုကိုကျော်၍ လွတ်အောင်ကျွမ်းထိုးပြခြင်း၊ မြေပေါ်တွင် ရှေ့ကျွမ်း၊ နောက် ကျွမ်းပစ်ခြင်း စသည်တို့ကို ကျွမ်းကစားသည်၊ ကျွမ်းပစ်သည်၊ ကျွမ်းရေးပြသည်ဟု ခေါ်လေသည်။ ကျွမ်းအတတ်သည် အားကစားလုပ်ငန်းတစ်ခုလည်း ဖြစ်၍ ကျမ်းမာသန်စွမ်းစေရန် အလေ့အကျင့်ပြုရသောအလုပ် ဖြစ်သည်။ ထိုကြောင့် ရှေးအခါ က ရောမနှင့် ဂရိတို့ ကောင်းစားခဲ့စဉ် လူငယ်များကို စစ်သား ကောင်းများ ဖြစ်လာရေးအတွက် ကျွမ်းအတတ်ကို အခြား အားကစားလုပ်ငန်းများနှင့် လေ့ကျင့်ပေးခဲ့သည်။ ကျွမ်းအတတ် ကို လူအများအား ဧည့်ခံရာ၌လည်းကောင်း၊ ပွဲလမ်း သဘင်တို့၌လည်းကောင်း ပြသလေ့ရှိသည်။ ရှေးခေတ်ဂရိနှင့် ရောမနိုင်ငံ များတွင် ကြေးစားကျွမ်းသမားများသည် ခေတ်စားခဲ့၏။ အလယ်တွင်ကား ကျွမ်းသမားများသည် တစ်ရွာမှ တစ်ရွာသို့ လှည့်လည်ကာ မိမိတို့ အတတ်ပညာများကို ပြသလေ့ရှိတတ် သည်။ ယင်းကဲ့သို့ ရွာစဉ်လှည့်လည်၍ ပြသသည့်ကျွမ်းသမား များသည် အင်္ဂလန်ပြည်၌ ဝိတိုရိယခေတ်အတွင်း အထူး ပေါများခဲ့၏။ ယခုတိုင် ယင်းတို့ကို ကျေးလက်ပွဲလမ်းများတွင် တွေ့နိုင်သေးသည်။

ကျွမ်းသမားများကို ပွဲလမ်းသဘင်၊ ဘုရားပွဲ၊ စစ်ချီတက်ရာ စသည်တို့၌ မြန်မာမင်းများ လက်ထက်သောအခါက သုံးခဲ့ဘူး သည်ကိုလည်းကောင်း၊ ဇာတ်နိပါတ်တော်များတွင် ကျွမ်းသမားများ ပါဝင်သည့် အခမ်းအနားများကို ခင်းကျင်းခဲ့ကြပုံကိုလည်းကောင်း အထောက်အထားများ တွေ့ရသည်။ အင်းဝဒုတိယမင်းခေါင်သည် မိမိ၏ ကောင်းမှုတော်ဖြစ်သော မဟာမင်္ဂလာ စေတီတော် အတွက်၊ ဓာတ်တော်ကို ပင့်ဆောင်ရာတွင်၊ အခင်းအကျင်း အစီအစဉ်တို့၌ ရထား၏ ရှေ့နောက်တွင် ကျွမ်းသမားများကို ကျွမ်းရေးပြစေကာ ပါဝင် လှည့်လည်ကြောင်း တံတားဦးတည် မင်္ဂလာစေတီမော်ကွန်းတွင် ဖော်ပြထား၏။ ဝက်မစွတ်နဝဒေး၏ အာသံနိုင်မော်ကွန်းတွင်လည်း စစ်ချီတက်ရန် ပြင်ဆင်ကြရာ၌ ကျွမ်းသမားများဖြင့် ပျော်ရွှင်ပွဲများ ကျင်းပပုံကို တွေ့ရသည်။ မဟာဇနကပျို့တွင် နန်းတက်ပွဲ၌ သိုင်းကစားခြင်း၊ ကုလီ ရိုက်ခြင်းတို့နှင့်အတူ ကျွမ်းရေးပြခြင်းများကို ရေးသားဖော်ပြ ထား၏။ ရာမရကန်တွင် မင်းသားတရာရောက်ခန်း၌ တိုင် တက်ခြင်း၊ ကျွမ်းထိုးခြင်းတို့ကို ခင်းကျင်းပြသကြောင်း ဖတ်ရှု ရ၏။ ဝိဓူရပျို့တွင် လက်ဝှေ့လက်ပမ်းခတ်ခြင်းတို့နှင့်အတူ ကျွမ်းထိုးခြင်းကိုပါ ပူးတွဲဖော်ပြထားလေသည်။ မန်လည်ဆရာ တော်၏ မဃဒေဝလင်္ကာသစ်၊ ဥကင်တော်ဘွင့်၌ ကျွမ်းထိုးခြင်း၊ လက်ပမ်းပေါက်ခတ်ခြင်း စသည်တို့ကို ဖွဲ့ဆိုထား၏။ ကင်းဝန် မင်းကြီး၏ လန်ဒန်သွား မှတ်တမ်း၌ကား မိမိတို့အား ဧည့်ခံ ရာ၌ ကျွမ်းအမျိုးမျိုး ပြသသော အစီအစဉ် အခင်းအကျင်း လည်း ပါဝင်ကြောင်း ဖော်ပြထားရာ ထိုအတတ်မျိုးမှာ အနောက်တိုင်း နိုင်ငံများ၌ ထိုစဉ်က ခေတ်စားခဲ့ကြောင်း သိရှိနိုင်ပေသည်။ ယခုခေတ် ဆပ်ကပ်ပွဲတို့၌ ကျွမ်းအတတ်ပြသ မှုသည် ဖြေဖျော်ရန် အစီအစဉ်တရပ်အဖြစ် အစဉ်ပါလာသည်ကို တွေ့ရှိရသည်။ မြန်မာဇာတ်ပွဲသဘင်များတွင်လည်း ညဦးပိုင်း ကပြရာတွင် ကျွမ်းသဘောသက်ဝင်သော အခင်းအကျင်းများ ထည့်သွင်း ပြသတတ်သည်။ ယနေ့ မြန်မာလူငယ်များအနေနှင့် လေ့ကျင့်နေကြသော အားကစားလုပ်ငန်းများတွင်လည်း ကျွမ်းအတတ်ကို အလေ့ဂရုပြု၍ လေ့ကျင့်လာကြသည်ကို တွေ့ရှိရပေသည်။ ပထမကမ္ဘာစစ်ပြီးခေတ်တွင် မြန်မာပြည်၌ ဘားမယ်ကြွေဟူသော ဇာတ်မင်းသမီးတစ်ဦးသည် ကျွမ်း အတတ်ဖြင့် နာမည်ကျော်ကြား လူကြိုက်များခဲ့ဘူးသည်။

[]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)