ကျွန်းပင်မောင်နှမ

ဝီကီပီးဒီးယား မှ

ကျွန်းပင်မောင်နှမသည် (၃၇)မင်း နတ်စာရင်းတွင် မပါသော နတ်ဖြစ်သည်။ မိုးမိတ်စော်ဘွားကြီး၏ သားသမီးများဖြစ်သည်ဟု သူတို့ နတ်ချင်းမှာ ဆိုသည်။ (တချို့က တူ/တူမဟု ပြောကြသည်။)

သည်မောင်နှမသည် အင်းရွာတိုက်နယ် ရွှေလီမြစ် တွင်းဝယ် ရေချိုးနေရာမှ ကျွန်းပင်လဲပြီး ဖိမိ၍ သေရာက နတ်ဖြစ်သည်ဟု သိရသည်။ ဒိုးပင်ရွာနှင့် ဝက်ကူးရွာကြားမှာ ဖြစ်သည်ဟု ဆိုသည်။ ကျွန်းပင်ကြီးများသည် ဧရာဝတီမြစ်စဉ်မှာ မျောပါလာပြီး သည်ကျွန်းပင်တွေပေါ်၌ နတ်မောင်နှမ ပါလာကြသည်။ မိုးမိတ်စေတီတော်ကြီးမှာ ဆွေဘုရား၊ မျိုးဘုရားဖြစ်၍ ထိုဘုရားအနီးကမ်းစပ်သို့ ဝင်၍ ကပ်သည်။ ဝက်ကူးရွာမှာ ကျွန်းပင်အစား စိုက်ထားရသည်ဆိုသည်။ (မောင်နှမ နှစ်ယောက်နှင့်အတူ အထိန်းတော် ပေါပေါကြီး ဆိုသူလည်း ပါလာသေးသည်။ နောက် ယောင်ပဆည်ရွာမှာ နေရစ်ခဲ့သည်ဟု ဆိုသည်။) ရေမျောကမ်းတင်နေသော ကျွန်းပင်ကြီးကို အိပ်မက်အရ မင်းကွန်းတောင်ရိုး အနောက်ဘက်တွင် တောရဆောက်တည်နေသည့် အုတ်ချပ်ဆရာတော်

ဘုရားကြီးက နေစရာနတ်ကွန်းကလေး လုပ်ပေးရန် တပည့်များအား အမိန့်ပေးသဖြင့် တပင်တိုင် နန်းကလေး လုပ်ပေးရာမှ ဆက်လက်ကိုးကွယ်နေကြသည်။ အထက်မြန်မာပြည်တွင် ပထမဦးဆုံးနတ်ပွဲ ဖြစ်ပြီး နတ်ပွဲအစ ရွှေကျွန်းပင်က ဟု ဆိုကြလေသည်။ [၁]

ရွှေကျွန်းပင် နတ်နန်းသည် မင်းကွန်းဒေသ၊ မိုးမိတ်ကုန်းမြေ၏ မြောက်ဘက်ကပ်ရပ် စစ်ကိုင်း-မင်းကွန်း ကားလမ်းမဘေး၌ တည်ရှိသည်။ နတ်ပွဲကို ဝါခေါင်လဆန်း (၁)ရက်နေ့တွင် စတင်ပြီး လဆန်း(၆)ရက်နေ့အထိ (၆)ရက်တိုင် ကျင်းပသည်။ (၁)ရက်နေ့မှာ နတ်နန်းဖွင့်ပွဲ (၂)ရက်နေ့တွင် ချိုးရေတော်သုံး၊ (၃)ရက်နေ့တွင် နတ်မောင်နှမ ဒန်းစီး၊ (၄)ရက်နေ့တွင် နတ်ပွဲလာ ဧည့်ပရိသတ်များ ဒန်းစီး၊ (၅)ရက်မှာ ပန်းဉယျာဉ်အတွင် နတ်မောင်နှမနှင့်အတူ သိုးဆောင်းတွေ၊ ဘောင်းဆောင်းတွေ၊ ရံရွှေတော်တွေ ဆော့ကစား၊ (၆)ရက်မှာ သ​ပြေပင်ခုတ်ဆိုပြီး အစီအစဉ်အတိုင်း ကျင်းပကြသည်။

နတ်ပွဲကို အနယ်နယ် အရပ်ရပ်က ရေလမ်း (သို့မဟုတ်) ကုန်းလမ်းမှ သွားနိုင်သည်။ ရေလမ်းခရီးဆိုလျှင် မန္တလေး ဂေါဝန်ဆိပ်မှ နေ၍ မော်တော်စီးကာ သွားနိုင်သလို ကုန်းလမ်းဆိုလျှင် စစ်ကိုင်း-မင်းကွန်းလမ်းအတိုင်း သွားနိုင်သည်။

နတ်နန်း[ပြင်ဆင်ရန်]

ရွှေကျွန်းပင် နတ်နန်းသည် တစ်ထပ်သွပ်မိုး အဆောက်အအုံ ဖြစ်သည်။ နတ်နန်းအဝင် မြောက်ဘက်တွင် ကြီးမားသော ကျွန်းပင်ကြီး ရှိသည်။ ကျွန်းပင်အောက်ခြေတွင် အုတ်ခုံပတ်ထားသည်။ ကျွန်းပင်မှ ကျွန်းပွင့်များ ပွင့်သည့်အခါ နတ်နန်းဘက်လှည့်ပြီး ပွင့်ကြသည် ဆို၏။ ရွှေကျွန်းပင် မောင် နှမတော် နန်းတော် ဟု အစိမ်းခံ ရွှေစာလုံးဖြင့် နန်းအဝင်နဖူးစည်း၌ ဆိုင်းဘုတ်တတ်ထားသည်။ နတ်နန်းအဝင် ဘေးတစ်ဘက်စီ၌ နှမတော်စီးရန် မြွေရုပ်၊ မောင်တော် စီးရန် ကျားရုပ်များ ထားရှိသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မင်းကွန်းဘိုးဘွားရိပ်သာအကြောင်းသိကောင်းစရာ စာအုပ်မှ ၊ စာ-၃၆
  2. မန္တလေးနေ့စဉ်၊ ၁၂-၈-၂၀၁၈၊ တနင်္ဂနွေနေ့ အချပ်ပို (ဃ)