ကျော်ရွဲ့၊ ဦး

ဝီကီပီးဒီးယား မှ

ဦးကျော်ရွဲ့[ပြင်ဆင်ရန်]

မြန်မာသဘင်လောကတွင် ထင်ရှားသော လူရွှင်တော်များ အနက် ဦးကျော်ရွဲ့သည် တစ်ဦးအပါအဝင် ဖြစ်သည်။ သူသည် မြန်မာနိုင်ငံအထက်ပိုင်းတွင် မွေးဖွား၍ ဇာတ်သဘင်နယ်ထဲသို့ မြေဝိုင်းဗုံရှည်ခေတ်က မြေဝိုင်းလူပျက်အဖြစ် စတင်ဝင်ရောက် ခဲ့သည်။ ထို့နောက် နာမည်ကြီးသော ဆရာပုရုပ်သေးစင်တွင် ရုပ်သေးလူရွှင်တော်အဖြစ် ပါဝင်ခဲ့၏။

ဦးကျော်ရွဲ့နှင့် တွဲဖက်အသုံးတော်ခံသူမှာ လူရွှင်တော် စန္ဒရော် ဖြစ်၏။ စန္ဒရော်၏ ရုပ်သေးရုပ်မှာ ကြက်တောင်စည်း နှင့် ဖြစ်၍ ကျော်ရွဲ့၏ ရုပ်သေးရုပ်မှာ နာမည်နှင့်လိုက်အောင် မျက်နှာရွဲ့၍ နားပန်ဆံနှင့် ထုလုပ်ထားသည်။ ဆရာပုစင်တွင် သူတို့ ၂ ဦးအပြင် မင်းသားကြီး ပိဋကတ်ဆရာမောင်လည်း ပါသည်။ ဆရာပုစင်သည် ရန်ကုန်မြို့သို့ဆင်း၍ ကပြလေ့ရှိရာ ဇာတ်စင်နေရာမှာ ရှေးကမုံ့တီကုန်းဟု ခေါ်သော စစ်ကဲ မောင်ထော်လေးလမ်း ခရစ်ယန်ဘုရားရှိခိုးကျောင်းနှင့် မျက်နှာချင်းဆိုင်နေရာ ကွက်လပ်ဖြစ်သည်။


ဦးကျော်ရွဲ့၏ ပျက်လုံးများမှာ ယဉ်ယဉ်နှင့် အဓိပ္ပာယ် ပါလှ၍ ပရိသတ်များ တသောသောရယ်ရအောင် စွမ်းဆောင် နိုင်လေသည်။ ညတစ်ညတွင် ဦးကျော်ရွဲ့နှင့် ဦးစန္ဒရော် လူရွှင်တော် ၂ ဦးတို့ ပျက်လုံးထုတ်ပုံမှာ အောက်ပါအတိုင်း ဖြစ်သည်။


'ရွှေတိဂုံတည်သူများ မင်းသိရဲ့လား'ဟု သီချင်းသွားဖြင့် ဆင့်ကာဆင့်ကာ ပထမလူက မေးလိုက်သည်။ ဆိုင်းကလည်း သီချင်းသွားအလိုက် တီးပေးသည်။ ထိုအခါ ဒုတိယလူက 'မသိလို့မောင်ရယ် မောင်ရယ် မေးပါရတယ်'ဟု သီချင်းကို ဆိုင်းချက်နှင့် ဆင့်ကာဆင့်ကာ ဆို၍ ဖြေသည်။ ထိုသို့ အပြန်အလှန် သီဆိုနေကြပြီးနောက် ပထမလူက ဒုတိယလူ၏ ကုပ်ကိုနှိမ်၊ ကျောကို ထုထောင်း ပြီးလျှင် 'မသေမခြင်းမှတ်ထား၊ ပန်းရန်တည်တယ်၊'ဟု ပြောလိုက်သည်။ ဦးကျော်ရွဲ့သည် စကားဝှက်ဖြင့် ပျက်လုံးများကို ထွင်၍လည်း ပျက်တတ်သည်။ 'အထိုင်မတော် တံမြက် စည်း'ဆိုသော စကားဝှက်ကို 'အထိုင်မတတ်တော့ မပေါ်ဘူးလား၊ တံမြက်စည်းက မလှဲဘူးလား။' 'ပေါ်လှဲ ပဲလှော်'ဟု အဓိပ္ပာယ်ဖွင့်လိုက်ရာ ပရိသတ်များ နှစ်သက် ရယ်မောကြသည်။ သူသည် ဇဝနပဋိဘာန် ဉာဏ် ထက်မြက်သူ တစ်ဦးဖြစ်သည့်အလျောက် ဟာသပျက်လုံးများကို နိုင်နင်း သည်သာမက ဇာတ်ကွက် ဇာတ်လမ်း အဆင်ပြေသွားစေရန် စကားဖန်ထိုးတတ်သူလည်း ဖြစ်သည်။ ထို့ကြောင့် သူ့အား လူကြိုက်များသည်။

ဦးကျော်ရွဲ့သည် ရုပ်သေးလူရွှင်တော်အဖြစ်မျှ အသုံးတော်ခံရသည်ကို မကျေနပ်နိုင်သဖြင့် ရုပ်သေးစင်မှ ထွက်ပြီးသော် ဦးစိန်ကတုံးဇာတ်အဖွဲ့တွင် ဝင်ရောက်၍ ဇာတ်ခုံပေါ်သို့ လူကိုယ်တိုင် တက်ရောက်ဖြေဖျော်ခဲ့သည်။ ထို့နောက် ဦးဖိုးစိန်ဇာတ်အဖွဲ့သို့ ကူးပြောင်း၍ ကပြ အသုံးတော်ခံသည်။ ဦးကျော်ရွဲ့မှာ မြန်မာဘုရင် လက်ထက်ကို မီလိုက်သော သဘင်သည်ကြီးတစ်ဦး ဖြစ်ပေသည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)