ကျော်မင်း၊ ဗိသုကာ

ဝီကီပီးဒီးယား မှ

ဦးကျော်မင်းကို အဖ ဝဏ္ထကျော်ထင် ဦးဘကျော်(၁၉၂၀ ကျောင်းသားသပိတ်ခေါင်းဆောင်၊ အစိုးရပုံနှိပ်တိုက်ညွှန်ကြားရေးဝန်)၊ အမိ ဒေါ်အေးကြည်တို့မှ ၁၉၃၃ ခုနှစ်၊ အောက်တိုဘာလ (၉)ရက်နေ့တွင်မွေးဖွားခဲ့သည်။

ပညာရေး[ပြင်ဆင်ရန်]

ငယ်စဉ်က ကျုံပျော်မြို့နှင့် ရန်ကုန်မြို့တို့တွင်ပညာသင်ကြားပြီး၊ ၁၉၄၉ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ တတိယနှစ် အင်ဂျင်နီယာ သင်တန်း တက်ရောက်နေစဉ် အမေရိကန် ပြည်ထောင်စု၊ မက်ဆာချူးဆက် ပြည်နယ်စက်မှုတက္ကသိုလ်သို့ ပညာတော်သင်သွားရောက်ခဲ့ပြီး ၁၉၅၇ ခုနှစ်တွင် ဗိသုကာဘွဲ့ရရှိခဲ့သည်။

ကိုယ်ပိုင်လုပ်ငန်း[ပြင်ဆင်ရန်]

ရန်ကုန်တက္ကသိုလ်တွင်ပညာသင်ကြားနေစဉ် ဘာသာရပ်အသီးသီးနှင့် သဟာယစာဖတ်အသင်းတို့တွင် အမှုဆောင်အဖြစ်ဆောင်ရွက်ခဲ့သည်။ အင်ဂျင်နီယာကျောင်းသားများသမဂ္ဂတွင် တွဲဖက်အတွင်းရေး မှူးအဖြစ်ဆောင်ရွက်ရင်း ၁၉၅၃ ခုနှစ်၊ ကျောင်းသားလှုပ်ရှားမှုတွင်ပါဝင်ခဲ့သည်။ ၁၉၅၈ ခုနှစ် မှ ၁၉၆၀ ပြည့်နှစ်အထိ ရန်ကုန်တက္ကသိုလ်အင်ဂျင် နီယာမဟာဌာန၊ ပိသုကာဌာနတွင် လက်ထောက် ကထိက၊ ဌာနမှူးအဖြစ်ထမ်းဆောင်ခဲ့ပြီး အလုပ်မှနုတ်ထွက်ခဲ့သည်။ ၁၉၆၁ ခုနှစ်မှစ၍ ကိုယ်ပိုင်ဗိသုကာလုပ်ငန်းလုပ်ကိုင်ခဲ့သည်။

ဂူဗိမာန် ဗိသုကာ[ပြင်ဆင်ရန်]

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်ကို ကိုယ်တိုင်ပုံစံရေးဆွဲပြီး ကြီးကြပ်ဆောက်လုပ်ခဲ့သည်။ ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့တွင် အကြံပေးအဖြစ်ဆောင်ရွက်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ၏ဇနီး ဒေါ်ခင်ကြည်၏ ဈာပန ဗဟိုကော်မတီဝင် အဖြစ်လည်းကောင်း၊ ဂူသွင်းသင်္ဂြိုဟ်ရေး ဆပ်ကော်မတီ တွင်လည်းကောင်း၊ ဂူဗိမာန်တည်ဆောက်ရာတွင် ကိုယ်တိုင်ပုံစံရေးဆွဲ ကြီးကြပ် ဆောက်လုပ်ခဲ့သည်။ ဂူဗိမာန် ကြီးကြပ်စောင့်ရှောက်ရေး အဖွဲ့တွင်လည်း အကြံပေးအဖြစ်ဆောင်ရွက်ခဲ့သည်။

နိုင်ငံရေး လှုပ်ရှားမှု[ပြင်ဆင်ရန်]

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ဝင်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ပြန်ကြားရေးနှင့် ရှမ်းပြည်နယ် စည်းရုံးဆက်သွယ်ရေးအဖွဲ့ဝင် တာဝန်တို့ကိုထမ်းဆောင်ခဲ့သည်။ ပုသိမ်အနောက်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အား ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ခိုင်လုံမဲ(၃၂၃၀၄)မဲ၊ စုစုပေါင်းမဲရာခိုင်နှုန်း(၆၈.၇၅)ဖြင့် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည်။

ဂန္ဒီဆုံးဖြတ်ချက် အတိုင်း နဝတ က လွှတ်တော်ခေါ်မပေးလျှင် ဆောင်ရွက်ဖို့လိုသည့် နည်းလမ်းသုံးသွယ်စာတမ်း ပြုစုရာတွင် အတွင်းကျကျ ပါဝင်ခဲ့သဖြင့် ၁၉၅၀ ပြည့်နှစ်၊ အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (က) (ခ) (ည) အရ ပြစ်မှု ထင်ရှား စီရင်ခြင်းခံရ၍ ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၁ (ည) နှင့်ငြိစွန်းသဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် မှပယ်ဖျက်ကြောင်း ကော်မရှင်က ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် ကြေညာချက်အမှတ် (၉၈၄)ဖြင့် ကြေညာခဲ့သည်။ နောင်(၁၀)နှစ်အတွင်း ပြုလုပ်မည့်ရွေးကောက်ပွဲများ၌ ပါဝင်ယှဉ်ပြိုင်ခွင့်ကိုလည်း ပိတ်ပင်ခဲ့သည်။ နဝတ စစ်အုပ်စု၏ဖိအားပေးမှုကြောင့် ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီလ (၂၄)ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ ထုတ်ပယ်ပေးခဲ့ရသည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

ပဲခူးမြို့နေ (ဦးသင်းမောင်)-ဒေါ်စောရီတို့၏ သမီး ဒေါ်ဝင်းမြင့်မြင့် လက်ထပ်ခဲ့သည်။ ၁-၇-၉၉ ရက် (ကြာသပတေးနေ့) ညနေ ၅ နာရီ ၃၀ နာရီတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ၌ ကွယ်လွန်ခဲ့သည်။ ၃-၇-၉၉ ရက်နေ့တွင် ရေဝေး သုဿာန်၌ သင်္ဂြိုဟ်ခဲ့သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ခင်ကျော်ဟန်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ရေနံချောင်း (၂)။ ၁၉၉၀ ပြည့်နှစ်၊ မေလ (၂၇) ရက်နေ့တွင်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ မှတ်တမ်း။ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ ပြန်ကြားရေးကော်မတီ။