ကျော်ထွန်း၊ ဦး (ကဝိမျက်မှန်)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ကဝိမျက်မှန် ဦးကျော်ထွန်း
အမည်ရင်းဦးကျော်ထွန်း
မွေးဖွား၁၂၂၃ ခုနှစ်(မြန်မာသက္ကရာဇ်)
ဆင်မြီးဆွဲရွာဟောင်း
ကွယ်လွန်၁၂၇၅ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်
အလုပ်အကိုင်ကဝိမျက်မှန် သတ်ပုံကျမ်းအား ပထမဆုံးပြုစုခဲ့သူ၊ ကျောင်းဆရာ
နိုင်ငံသားFlag of Myanmar.svg မြန်မာ
ပညာရေးကိုးတန်းအောင်မြင်
အိမ်ထောင်ဖက်ဒေါ်စိုးမယ်၊ ဒေါ်အေးမေ
သားသမီးသမီကြီး မအုန်းခင်၊ သား ကိုလှမောင်၊ ကိုလှဟန်၊ သမီး မဖွားမျှင်၊ သား မောင်စံရွှေ၊ သမီး မသိန်းတင်
မိဘဦးအာကြီး+ဒေါ်ပို

ကဝိမျက်မှန် ဦးကျော်ထွန်း(မြန်မာ ၁၂၂၃-၁၂၇၆)[ပြင်ဆင်ရန်]

အစောဆုံးနှင့် ခေတ်မီ၍ စနစ်အကျဆုံး သတ်ပုံကျမ်း တစ်စောင်ဖြစ်သည့် ကဝိမျက်မှန် သတ်ပုံကျမ်းကို ပြုစုခဲ့သူမှာ ကဝိမျက်မှန် ဦးကျော်ထွန်း ဖြစ်သည်။

ကဝိမျက်မှန် သတ်ပုံကျမ်းကို ပထမကမ္ဘာစစ်ကြီး မဖြစ်မီ ခရစ်နှစ် ၁၉ဝ၈ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၂၆၅- ခုနှစ်တွင် ရန်ကုန်မြို့ ၂၅ လမ်း၊ စာဆိုတန်း၊ တိုက်နံပါတ် ၁၇-၁၈၊ ပြည်ကြီးမဏ္ဍိုင် ပိဋကတ် ပုံနှိပ်တိုက်မှ ပထမနှိပ်ခြင်းအဖြစ် အုပ်ရေ ၂ဝဝဝ ကို တစ်အုပ်လျှင် ရောင်းဈေး (၃)ကျပ်ဖြင့် ထုတ်ဝေ ဖြန့်ချိခဲ့လေသည်။

ပထမနှိပ်ခြင်းပင်လျှင် "နိုင်ငံတော် အစိုးရက မြန်မာနိုင်ငံတော် တစ်ဝန်းလုံးရှိ ကျောင်းသားများတွင် သုံးစွဲရန် သင့်ကြောင်း၊ ၁၉ဝ၈-ခု၊ အောက်တိုဘာလ (၅) ရက်နေ့၌ အစိုးရမင်း စာအုပ် ကော်မတီက ပြဋ္ဌာန်းထားသည်" ဟု စာလုံးသေးကလေးဖြင့် ဖော်ပြထားသည်။

ယင်းသို့ ဖော်ပြထားသည့် အတိုင်းပင် ထိုနှစ်မှစ၍ မြန်မာနိုင်ငံတော် တစ်ဝန်းလုံးရှိ စာသင်ကျောင်းများ အစိုးရရုံးများနှင့် စာပုံနှိပ်တိုက် ဟူသမျှတို့တွင် ကဝိမျက်မှန် သတ်ပုံကျမ်းကို လက်စွဲပြု၍ ထားခဲ့ကြရလေသည်။

ထိုကဲ့သို့သော အချိန်၊ ထိုကဲ့သို့သော ခေတ်သမယတွင် ထိုမျှလောက် ခေတ်မီသော ကဝိမျက်မှန် သတ်ပုံကျမ်းကို ရေးသားခဲ့သော ကဝိမျက်မှန် ဦးကျော်ထွန်းအား သဲကုန်းမြို့၊ ကာသိင်္ဂါရွာသား လယ်သမားကြီး ဦးအာကြီးနှင့် ဆင်မြီးဆွဲရွာသူ ဒေါ်ပိုတို့က ၁၂၂၃-ခုနှစ်တွင် ဖွားမြင်သည်။ ဖွားမြင်သောအခါ ဆင်မြီးဆွဲရွာဟောင်း၌ပင် နေကြသည်။


ဦးကျော်ထွန်း ငယ်စဉ်က ဆင်မြီးဆွဲမြို့၏ အရှေ့ဘက်ရှိ မြင်းဏီကျောင်း ဆရာတော် ဦးနန္ဒဝန်ထံတွင် ပညာသင်ခဲ့သည်။ ထို့နောက် ရွှေတောင်မြို့ ဗိုလ်ရုံကျောင်း ဆရာတော် ဦးကဝိထံသို့ ပြောင်းရွှေ့ ပညာသင်ခဲ့သည်။ ထိုဆရာတော် ဦးကဝိမှာ ကျီးသဲလေးထပ် ဆရာတော်၏ တပည့် ဖြစ်လေသည်။ ထိုမှတဆင့် မန္တလေးမြို့သို့ တက်၍ ဆက်လက် ပညာသင်ကြားခဲ့ရာ မြန်မာဘာသာ ကိုးတန်း အောင်မြင်သည်။ ခုနှစ်တန်း ဆရာဖြစ် အီးဒီစီ (E.D.C.) လက်မှတ်ကိုလည်း ရရှိခဲ့သည်။


သို့နှင့် ဆင်မြီးဆွဲသို့ ပြန်ကာ ဆင်မြီးဆွဲ မူလရွာဟောင်းတွင် စာသင်ကျောင်းဖွင့်၍ သင်ကြားခဲ့သည်။ ထိုစဉ်က အလွတ်သင် ကျောင်းသာလျှင် ဖြစ်ခဲ့သည်။ ထိုအခါ ဦးကျော်ထွန်းမှာ ရွာသာယာကြီးသူ မစိုးမယ်နှင့် အကြောင်းဖက် ပေါင်းဖက်ခဲ့သည်။ စာသင်ကျောင်းကို ဆင်မြီးဆွဲရွာမှ တဖန် ဈေးဘက်သို့ ပြောင်းရွှေ့၍ ဖွင့်လစ်ခဲ့သည်။ ထိုစဉ်က ပြည်မြို့မှ ပညာဝန်ထောက် ဦးဘိုးမောင်တို့က အားပေး ကူညီသဖြင့် အစိုးရကျောင်း အဖြစ် အသိမှတ်ပြုကာ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း အထိ ပညာသင်ခွင့် ရခဲ့လေသည်။ နောင်တွင် စတုတ္ထတန်း အထိပင် သင်ကြား၍ သူ၏ ကျောင်းသားများကို စတုတ္ထတန်း အစိုးရစာမေးပွဲသို့ ဝင်ရောက်စေရာ အများအပြား အောင်မြင်ခဲ့လေသည်။


ဦးကျော်ထွန်းသည် ကျောင်းဆရာ ဘဝမှပင်လျှင် မြန်မာသတ်ပုံကျမ်း တစောင် ရေးသားပြုစုရန် အကြံပေါက်သဖြင့် ပြည်ရွှေတောင်၊ ကျီးသဲ၊ သရက်၊ အောင်လံ၊ မင်းဘူး၊ မကွေး စသော မြို့များသို့ သွားရောက်ကာ ရှေးခေတ်က ရေးသားခဲ့သော သက်ပုံသတ်ညွှန်းများ အားလုံးပင် ပေစာပုရပိုက် စာဖြင့်သာ ရေးသားထား ရှိလေသည်။

စုဆောင်းရရှိသော သတ်ပုံကျမ်းများ[ပြင်ဆင်ရန်]

  1. ကဝိလက္ခဏာသတ်ပုံ
  2. ကဝိမဏ္ဍနီသတ်ပုံ
  3. အက္ခရသမ္ဓေဓသတ်ပုံ
  4. ဝဏ္ဏဗောဓန သတ်အင်း
  5. စွယ်စုံကျော်ထင် သတ်ပုံ
  6. မြန်မာလေခဒီမနီသတ်ပုံ
  7. သဒ္ဒါနုသာရီသတ်ပုံ
  8. ကဗျာသာရတ္ထသတ်ပုံ
  9. ဆကာရန္တသတ်ပုံ
  10. မြတ်ရွှေဘွားစုံချီသတ်ပုံ
  11. တုလွှတ်ပရမေချီသတ်ပုံ
  12. လီခနုရာသီသတ်ပုံ
  13. ပင်ရဏ်ဂဏ္ဍိသတ်ပုံ
  14. အမုစန္ဒာသတ်ပုံ
  15. မှန်စီသတ်ပုံ
  16. ငါးမည်ရွှေကြာချီသတ်ပုံ
  17. ဦးဩသတ်ပုံလင်္ကာ
  18. သက်ထူးကဗျာဆဲ့ခြောက်ပိုဒ်
  19. အဟုန်းပြင်းပြင်းချီသတ်ပုံ
  20. သံခေပသတ်ပုံ
  21. မြန်မာသံယောဂဒီပနီ
  22. ဂဗေလသတ်ညွှန်း
  23. တွင်းသင်းသတ်ညွှန်း
  24. မုံရွေးဆရာတော်သတ်ညွှန်း
  25. ဝိဘဇ္ဈဋ္ဌပိတခွဲထားသတ်ညွှန်း ဟူ၍ ဖြစ်လေသည်။

ထိုသတ်ပုံကျမ်းများကို အခြေပြု၍ ရေးထုံးကို ညွှန်ပြရန်အတွက် ကိုးကားသော ပျို့၊ ကဗျာလင်္ကာနှင့် သဒ္ဒါကျမ်းများပါ စုစုပေါင်း ကျမ်း ၈ဝ ကို အားကိုး၍ ကဝိမျက်မှန် သတ်ပုံကျမ်းကို ရေးသားလေသည်။ 'က' ကြီးအက္ခရာမှ အစ 'အ' အက္ခရာသို့တိုင် အခန်းပေါင်း (၂၄) ခန်း ခွဲ၍ အသတ် ၁၂ ပါး၊ သတ်ပုံနှင့်တကွ ယပင့် ရရစ် သုံးပုံများပါ မကျန် အက္ခရာစဉ် ညွှန်းကာ ရေးသားထားလေသည်။

သတ်ပုံ အနေနှင့် လည်းကောင်း၊ ကျမ်းကိုး အနေနှင့် လည်းကောင်း အထက်ပါစာရင်းကို ကြည့်ခြင်းအားဖြင့် ဦးကျော်ထွန်း၏ သတ်ပုံပြုစုမှုမှာ သာမည ဖြစ်ကတတ်ဆန်း မဟုတ်ဘဲ၊ သုတေသန မျက်စိနှင့် ကြည့်ပါက လွန်စွာ ချီးကျူးဖွယ်ဖြစ်ကြောင်း သိသာနိုင်ပါသည်။

ဦးကျော်ထွန်းသည် ယင်းသို့ ရေးသား စီရင်ပြီးသောအခါ ရန်ကုန်သို့ ဆင်းလာခဲ့၍ ပြည်ကြီးမဏ္ဍိုင် ပုံနှိပ်တိုက်သို့ ဆက်သွယ်ကာ စာအုပ် ဖြစ်မြောက်ရေးကို ကြိုးပမ်းလေသည်။ ထိုစာအုပ်အတွက် ဦးကျော်ထွန်းမှာ ဉာဏ်ပူဇော်ခ ဟူ၍ မယ်မယ်ရရ မရှိဘဲ စာအုပ် အချို့သာရ၍ ရန်ကုန် အသွားအပြန် ခရီးစရိတ်သက်သာမျှသာ ရခဲ့သည်ဟု သိရပေသည်။

ဦးကျော်ထွန်းသည် ဇနီးဒေါ်စိုးမယ်နှင့် သမီကြီး မအုန်းခင်၊ သား ကိုလှမောင်၊ ကိုလှဟန်၊ သမီး မဖွားမျှင်၊ သား မောင်စံရွှေ တို့ကို ဖွားမြင်သည်။ ထို့နောက် ဇနီးဒေါ်စိုးမယ်သည် အနိစ္စရောက်ရာ ဦးကျော်ထွန်းသည် အသက် ၅၂ နှစ်အရွယ် သက္ဗရာဇ် ၁၂၇၅ ခုနှစ်တွင် မှော်ကန်ရွာမှ ဒေါ်စောကြီး (ခေါ်) ဒေါ်အေးမေနှင့် ဒုတိယအိမ်ထောင် ဆက်ခဲ့လေသည်။

ဒေါ်စောကြီးမှာ စာရေးဆရာ ဦးအောင်သိန်း (သုခမိန်) ၏ကြီးဒေါ် (၎င်းအဖေ၏ အစ်မ) ဖြစ်လေသည်။ ဒေါ်စောကြီးမှ သမီး မသိန်းတင်ကို ဖွားသည်။ မသိန်းတင် ကိုယ်ဝန် ၆ လလောက်ရသည့် အချိန် ၁၂၇၅ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက် (ခရစ် ၁၉၃၁ ခု၊ ဒီဇင်ဘာလ ၁၃ ရက်) စနေနေ့တွင် ဦးကျော်ထွန်း ကွယ်လွန် အနိစ္စ ရောက်သွားလေသည်။

ဦးကျော်ထွန်း၏ သမီး မသိန်းတင်၊ မြေး မြင့်မြင့်နှင့် မြမြတို့ကို ဖွားမြင်ရာ ယခုပြည်မြို့၌ နေထိုင်လျက် ရှိသည်။

ဦးကျော်ထွန်းသည် ကျီးသဲလေးထပ် ဆရာတော် ဘုရားကြီး၏ မြေးတပည့် ဖြစ်သည့်အတိုင်း ထက်မြက်သော ပညာဉာဏ်နှင့် ပြည့်စုံသည့် အလျောက် အညတရ ကျောင်းဆရာကလေး ဘဝနှင့် မထင်မရှားသော မြို့ငယ်လေး တခုမှနေ၍ မြန်မာစာပေလောက၌ နှစ်ပေါင်း ၄ဝ ကျော် လက်ကိုင်ပြုရသော ကဝိမျက်မှန် သတ်ပုံကျမ်းကို ရေးသား ပြုစုသွားနိုင်ခဲ့ သဖြင့် ပူဇာစပူဇနေယျာနံဆိုသည့် အတိုင်း ဂုဏ်ပြု ချီးကျူးထိုက်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. အားမာန်သစ် စာပေမှ ၂၀၀၉ ခုနှစ်၊ ဧပြီလတွင် ပထမအကြိမ် ပုံနှိပ် ထုတ်ဝေတဲ့ သန်းဝင်လှိုင် ရေးသားပြုစုတဲ့ 'အကျော်ဇေယျ စာဆိုတော်များ' စာအုပ်မှ
  1. ဦးအောင်သိန်း (သုခမိန်)၊ ကဝိမျက်မှန် ဦးကျော်ထွန်း၊ ငွေတာရီမဂ္ဂဇင်း၊ (၁၉၆၈ ခု၊ နိုဝင်ဘာလ)၊ စာ ၄၁၊ ၄၅။