ကျော်စိန်မင်း

ဝီကီပီးဒီးယား မှ

မြန်မာစာပေလောကတွင် ရှားပါးစာရင်းဝင်ဖြစ်သော သိပ္ပံဝတ္ထုများကို ရေးသားခဲ့ပြီး အောင်မြင်ကျော်ကြားခဲ့သည့် ကျော်စိန်ထွန်းကို ၁၉၄၅ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးအသုတ်မြို့၌ အဖ ဦးညိုမြ - အမိ ဒေါ်ခင်ရွှေ တို့မှ မွေးဖွားခဲ့သည်။ မွေးချင်းသုံးရောက်အနက် အကြီးဆုံးဖြစ်ပြီး အမည်ရင်းမှာ ကျော်စိန်ဖြစ်သည်။

ကျော်စိန်မင်းသည် ရန်ကုန် ဝိဇ္ဇာ သိပ္ပံ တက္ကသိုလ်မှ ဘီအက်စီ (ရူပဗေဒ) ဘွဲ့ ရရှိသည်။ စာရေးစာဖတ်ခြင်းကို ငယ်စဉ်ကပင် ဝါသနာပါခဲ့ပြီး ၁၉၇၂-ခုနှစ်၊ မေလထုတ် ငွေတာရီ မဂ္ဂဇင်းပါ စိန်ခေါ်သံလော လက်ဆောင်လော သိပ္ပံဝတ္ထုဖြင့် စာပေလောကသို့ ဝင်ရောက်ခဲ့သည်။ ၁၉၈၂-ခုနှစ်တွင် ထိုစဉ်က နာမည်ကျော်ရှုမဝဦးကျော်တည်ထောင်သည့် ရှုမဝ ရုပ်စုံမဂ္ဂဇင်းတွင် အမှုဆောင်စာတည်းအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၈၄-ခုနှစ်တွင် ရနံ့သစ် မဂ္ဂဇင်း၌ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ကိုယ်တိုင်စာရေးသားရာတွင် ကျော်စိန်မင်း ကလောင်အမည်အပြင် မောင်ထွန်းအိမ်ကလောင်အမည်ဖြင့်လည်း ပင်ကိုရေး သိပ္ပံဝတ္ထုတို၊ ဝတ္ထုရှည်များ၊ ဘာသာပြန်သိပ္ပံဆောင်းပါးများနှင့် ကဗျာများကို ရေးသားခဲ့သည်။ မြန်မာစာပေလောကတွင် ပထမဆုံး ပင်ကိုရေးသိပ္ပံဝတ္ထုရေး ဆရာအဖြစ် သီးသန့်ရပ်တည်နိုင်ခဲ့သည်။

ရှုမဝ ရုပ်စုံ မဂ္ဂဇင်း ရပ်ဆိုင်းပြီးနောက် မြန်မာစာပေလောကတွင် ခေတ်စားလာသော ဂျာနယ်လောကသို့ ဝင်ရောက်ခဲ့ရာ ၁၉၉၇-ခုနှစ်မှစ၍ ဈေးကွက်ဂျာနယ်၌ တာဝန်ခံအယ်ဒီတာ၊ အယ်ဒီတာချုပ် အဖြစ် ၂၀၁၂-ခုနှစ်အထိ တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၂၀၁၃-ခုနှစ်တွင် Media One သတင်းဂျာနယ်၌လည်းကောင်း၊ ၂၀၁၅-ခုနှစ်၊ ဇန္နဝါရီလတွင် Oriental News ဂျာနယ်၌လည်းကောင်း အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။

ကျော်စိန်မင်းသည် ရှုမဝမဂ္ဂဇင်းတွင် အမှုဆောင်အယ်ဒီတာအဖြစ်ဆောင်ရွက်သည်မှ နောက်ဆုံး Oriental News ဂျာနယ်၌ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်သည်အထိ အယ်ဒီတာကောင်းများစွာကို မွေးထုတ်ပေးနိုင်ခဲ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

ကျော်စိန်မင်းသည် ၂၀၁၅-ခုနှစ်၊ စက်တင်ဘာလ၊ ၃-ရက်တွင် ရန်ကုန်မြို့ သျှင်ပါကူဆေးရုံ၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်သန်းစိန်နှင့် သားနှစ်ယောက်၊ သမီးနှစ်ယောက် ကျန်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]