ကျောက်တူးလုပ်ငန်း

ဝီကီပီးဒီးယား မှ

ကျောက်တူးလုပ်ငန်းသည် အဆောက်အုံများ ဆောက်လုပ် ရန်နှင့် လမ်းများခင်းရန် ကျောက်အမျိုးမျိုးကို မြေလွှာအောက်မှ တူးဖော်ယူသည့်လုပ်ငန်း ဖြစ်သည်။ တူးဖော်သည့် ကျောက်များ မှာ စကျင်ကျောက်၊ နှမ်းဖတ်ကျောက်၊ ထုံးကျောက်၊သဲကျောက် စသည်တို့ ဖြစ်ကြ၏။ အချို့သော ကျောက်ကျင်းကြီးများမှာ တစ်ခါတစ်ရံ ပေရာပေါင်းများစွာ ကျယ်၍ ပေ ၁ဝဝ ကျော် အောင်ပင် နက်တတ်သည်။

ကျောက်များကို တူးဖော်နည်းမှာ နှစ်နည်းရှိ၏။ တစ်နည်း မှာ အဆောက်အုံများတွင် အသုံးပြုရန် အတွက် ကျောက်တုံး ကြီးများကို အစိုင်အခဲလိုက် တူးဖော်နည်းဖြစ်၍၊ ဤနည်းတွင် ကျောက်သားကို ထိခိုက် ကျိုးပဲ့စေခြင်း အလျင်းမရှိအောင် တူးဖော်ယူကြရသည်။ ကျောက်အမျိုးအစားကို လိုက်၍လည်း နည်းအမျိုးမျိုးကို အသုံးပြုကြရပေသည်။ အခြားတစ်နည်းမှာ ကျောက်သားများကို အကြေရရှိအောင် တူးဖော်နည်းဖြစ်၍၊ ဤနည်းဖြင့် တူးဖော်ရရှိသော ကျောက်အကြေများကို လမ်းများ ခင်းရန်အတွက်လည်းကောင်း၊ ကွန်ကရစ်ပြုလုပ်ရန် အတွက်လည်းကောင်း၊ ကျောက်ကို အကြေပြုလုပ်ပြီးမှ အသုံးပြုရသော အခြား လုပ်ငန်းများအတွက်လည်းကောင်း အသုံးပြုကြသည်။

ကျောက်များကို စတင်တူးဖော်သောအခါ အပေါ်ယံမြေလွှာ သို့မဟုတ် အသုံးမဝင်သည့်ကျောက်လွှာများကို သင့်တော်သော နည်းများဖြင့် ရှေးဦးစွာ ဖယ်ရှားပစ်ရသည်။ အပေါ်ယံမြေလွှာ ကို ပယ်ရှားရသောအကြောင်းမှာ၊ အများအားဖြင့် ထိုကျောက် လွှာမျိုးတွင် ကွဲကြောင်း အက်ကြောင်းများ ဖြစ်အောင် စားနေတတ်သောကြောင့်ဖြစ်သည်။ တစ်ခါတစ်ရံတွင်လည်း ရာသီဥတု၏ဒဏ်ကြောင့် အရောင်များ လွင့်ပြီးလျှင် ကျောက်သားမှာ ကြေပျက်လျက် နေတတ်သည်။ ထို့ကြောင့် ကျောက်ကောင်းကို ရလိုသော် အဆိုပါကျောက်များကို ပထမ ဖယ်ရှားပစ်ရသည်။ အဆောက်အုံများအတွက် အသုံးလိုသော ကျောက်တုံးများကို တူးဖော်ရာတွင် 'ဖောက်ခွဲနည်း'နှင့် 'မြောင်း ဖောက်နည်း'ဟူ၍ နည်းနှစ်မျိုးရှိသည်။ အစိတ်စိတ်အမြွှာမြွှာ ကြေမွ မသွားတတ်သော ကျောက်မျိုးကို ဖောက်ခွဲနည်းဖြင့် တူးယူကြ၍၊ အခြားကျောက်မျိုးကိုမူ မြောင်းဖောက်နည်းဖြင့် တူးဖော်ယူလေ့ ရှိကြသည်။ ဖောက်ခွဲနည်းကို သုံးသောအခါ၊ တူးဖော်လိုသည့် ကျောက်တုံးတလျှောက် လွန်သွားနှင့် အပေါက်များ ထွင်းဖောက်ပြီးနောက် ထိုအပေါက်များတွင် ယမ်းထည့်၍ ဖောက်ခွဲရသည်။ ဤသို့ တူးယူရာတွင် အများအားဖြင့် အတုံးကြီးများမှ တစ်ဖန် အတုံးငယ်များ ခွဲယူလေ့ရှိကြသည်။ အတုံးငယ်များ ခွဲယူရာ၌ အတုံးကြီးများ ခွဲသည့်နည်းအတိုင်းပင် အပေါက်ငယ်များဖောက်၍ ယမ်းများဖြင့် ဖောက်ခွဲယူလေ့ရှိ၏။ တစ်ခါတစ်ရံ မြောင်းဖောက်စက်သည် သံလမ်းပေါ်၌ ခုတ်မောင်းသည့် စက်ကလေးဖြစ်၍၊ စက်နံဘေးတွင် ဆောက်ရှည်ကြီးများ တပ်ဆင်ထားသည်။ မြောင်းဖောက်လိုသည့် နေရာတွင် ရှေးဦးစွာ သံလမ်းတိုကလေးကို ခင်းပေးရသည်။ ထို့နောက် မြောင်းဖောက်စက်သည် သံလမ်းပေါ်၌ ရှေ့တိုးနောက်ငင် ခုတ်မောင်းယင်း အထက်အောက်တုန်ကာ ထိုးဖောက်နေသည့် ဆောက်ရှည်ကြီးများဖြင့် မြောင်းကို တဖြည်းဖြည်း ဖောက် သွားသည်။ မြောင်းများကို ဤသို့ ပတ်ပတ်လည် ဖောက်ပြီး သောအခါ၊ အောက်ဖက်မှ ဖောက်ခွဲနည်းနှင့် ဖြစ်စေ၊ သပ်နှင့် စို့ရိုက်နည်းနှင့် ဖြစ်စေ၊ ကျောက်တုံးကြီးကို ဖြတ်တောက် ဖဲ့ထုတ်ရသည်။

ကြီးမားသော ကျောက်တုံးများကို တစ်ဖန် သယ်ယူ ပို့ဆောင်ရာ၌ လွယ်ကူစေရန် အနံ ၃၊ ၄ ပေ၊ ပြက် ၃ ပေမှ ၅ ပေ၊ အလျား ၆ ပေမှ ၁၂ ပေအထိရှိသော အတုံးငယ် များကို၊ ကုန်တင်ကုန်ချမောင်းများဖြင့် သယ်ယူပြီးသော်၊ လော်ရီများဖြင့် တစ်ဆင့် ကျောက်တုံးများကို အလိုရှိသော ပုံအတိုင်းရအောင် ဖြတ်တောက် ခွဲစိတ် အချောကိုင် အရောင် တင်ပေးသည့် ကျောက်အချောကိုင်စက်များရှိရာသို့ ပို့ဆောင်ပေးရသည်။

လမ်းခင်းကျောက်များ တူးဖော်ရာတွင် စရိတ်အသက်သာ ဆုံးဖြစ်စေရန် ဒိုင်းနမိုက်(ယမ်းဘီလူး)များဖြင့် ဖြစ်သလိုပင် ဖြိုခွဲယူလေ့ ရှိကြသည်။ ဤကျောက်မျိုးကို ကျောက်ကျင်းများမှ တူးဖော်ယူမည့်အစား၊ သယ်ယူ ရာ၌ လွယ်ကူစေရန် တစ်ခါတစ်ရံ ကျောက်တောင်နံဘေးမှ ဖြိုယူတတ်ကြသည်။ ဤကျောက်များကို ကျောက်ကြိတ်စက်ရုံများသို့ ပို့ဆောင်ပေးရ၍ ကျောက်ကြိတ်စက်ရုံမှ တစ်ဖန် အလိုရှိသလို ထပ်မံ ကြိတ်ချေ ပေးပြန်လေသည်။ မြန်မာနိုင်ငံ၌လည်း ကျောက်တူးလုပ်ငန်းများရှိရာ ထင်ရှားသော ကျောက်တူးဌာနများမှာ သထုံခရိုင်၌ မုပ္ပလင်၊ မြိတ်ခရိုင်၌ ပထော်နှင့်ပထက်၊ မန္တလေးခရိုင်၌ ရန်ကင်းတောင်နှင့် မန္တလေးတောင်၊ ကျောက်ဆည်ခရိုင်၌ အင်ဒိုင်းတောင်နှင့် ပွှာတောင်တို့ ဖြစ်သည်။ ထိုကျောက်တူးဌာနတို့၌ တွေ့ရသော ကျောက်များမှာ လမ်းခင်းရန်အတွက် ကောင်းသော ကျောက်မျိုးများဖြစ်၍ ထိုကျောက်များကို ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲယူကြသည်။ အဆောက်အုံ ဆောက်လုပ်ရန် ကောင်းသော ကျောက်များကို မြစ်ကြီးနားခရိုင်၊ ရွှေဘိုခရိုင်၊ ပခုက္ကူ ခရိုင်၊ ရှမ်းပြည်မှ ဇီးပြင်ကြီးအရပ်တို့တွင် တွေ့ရသည်။ ထိုကျောက်များကို တိုက်အိမ်ဆောက်လုပ်ရန်ထက် တံတားများ ဆောက်လုပ်ရန်အတွက် အတူးများကြသည်။ မန္တလေးမြို့မြောက်ဖက် မိုင် ၂ဝ ဝေးသော စကျင်တောင်မှ ရသည့်ကျောက်သည် ကျောက်ရုပ်များ ထုလုပ်ရန် ကောင်းမွန်သဖြင့် ထိုကျောက်ကို တူးယူ၍ စစ်ကိုင်း၊ မန္တလေး မြို့များသို့ ပို့ပြီးလျှင် ဘုရားရုပ်တုတော်များ ထုလုပ်ကြသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)အပိုင်း(ခ)