ကျောက်ကူးဘုရားစေတီတော်

ဝီကီပီးဒီးယား မှ

ကျောက်ကူးဘုရားစေတီတော် သည် ညောင်ဦးမြို့ အရှေ့ဘက်တွင် တည်ထားသည့် စေတီတော် တစ်ဆူ ဖြစ်သည်။ ညောင်ဦးမြို့မှ တာ ၇၀၀ ဝေးကွာသည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

သက္ကရာဇ် ၅၃၆ ခုနှစ်တွင် ဖြစ်၏။ ထိုအချိန်တွင် နရပတိစည်သူ မင်းကြီးသည် စိုးစံနေ၏။ ထိုမင်းလက်ထက်တွင် အရှင်ဥတ္တရဇိဝထေရ်၏ တပည့်ဖြစ်သည့် အရှင်ပဏ္ဍိတထေရ် အကျင့်သီလနှင့် ပြည်စုံ၍ မင်းနှင့်တကွ ပြည်သူတို့သည် ကိုးကွယ်ကြ၏။

တစ်နေ့သောအခါ မိန်းမတစ်ဦးသည် တရားအားထုတ်ဟန်ဆောင်ကာ ကျောင်း၏ ဥပစာကမ်းထိပ်တွင် ရက်အတန်ကြာအောင် နေ၏။ ထို့နောက် ရဟန်းနှင့် ငြိစွန်းခဲ့လေဟန် မမှန်သတင်း လွှင့်လေ၏။

ထိုအခါ လူတို့သည် ရဟန်းအား ထိုအကြောင်းနှင့် ပတ်သက်၍ မေး၏။ ထိုအခါ ရဟန်းက ဒါယကာ ဒါယကမတို့ကို မြစ်ကမ်းသို့ ခေါ်သွားကာ သစ္စာပြုလေ၏။ ထို့နောက် ဒါယကာတစ်ယောက်ထံမှ ဓားနှင့် ဓားသွေးကျောက်ကို ယူကာ "မိမိ၏ သီလသည် မပျက်ယွင်းပါက ဤကျောက်နှင့် ဓားသည် ရေသတ္တဝါကဲ့သို့ မြစ်၌ ကူးပါစေသား" ဟု ဆိုကာ ပစ်ချလိုက်၏။ ထိုအခါ ကျောက်နှင့် ဓားသည် ရေဆန်သို့ ပေါ်ကာ ဆန်တက်လေ၏။ ထို့အခါမှ ဒါယကာ ဒါယကာမတို့သည် ယုံမှားမှုကင်းကာ သဒ္ဓါတရားတို့ ပိုမို ဖြစ်ခဲ့လေသသည်။

ထိုကဲ့သို့ သမိုင်းကြောင်း ရှိခဲ့သည်ကို သိသာထင်ရှားစေရန် သက္ကရာဇ် ၅၅၀ တွင် နရပတိစည်သူမင်းသည် ထိုကမ်းပါးတွင် စေတီတော် တည်ကာ ကျောက်ကူးဘုရား ဟု သမုတ်လေသည်။[၁]

အတိုင်းအတာများ[ပြင်ဆင်ရန်]

စေတီတော်သည် ချောက်ကမ်းပါးတွင် ဥမင်တူးကာ ကျောက်သား အုတ်တို့ဖြင့် မွမ်းမံထား၏။ ဂူအတွင်းတွင် ရုပ်ပွားတော်တစ်ဆူ ရှိ၏။ ထိုရုပ်ပွားတော်သည် ပလ္လင်အမြင့် ၆ တောင်၊ ထိုပလ္လင်ထက်တွင် ရုပ်ပွားတော်တည်ရှိပြီး ဉာဏ်တော် ၁၂ တောင် မြင့်သည်။ နံရံတွင်လည်း ဗုဒ္ဓဝင်ဇာတ်တော်များကို ရေးသားစေသည်။ ထို့နောက် ဂူနှစ်ဆင့်ထက်တွင် ဉာဏ်တော် ၇ တောင်ရှိသည့် စေတီတော်ကို တည်ခဲ့သည်။[၁]

အမည်[ပြင်ဆင်ရန်]

ရေတွင် ကျောက်သည် ကူးသည်ကို အစွဲပြု၍လည်းကောင်း၊ ဥမင်ကို ကျောက်ဖြင့် ကူးဆက်ပေါင်းမိုးကာ တည်ထားသဖြင့်လည်းကောင်း ကျောက်ကူးဘုရား ဟု သမုတ်ခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ pp. ၅၁၊ ၅၂။