ကျုံးဝန်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ကျုံးဝန်[ပြင်ဆင်ရန်]

ကျုံးဝန်သည် မြို့တော်သစ် တည်ရာ၌ ကျုံးတော် တူးဖော်ရေးလုပ်ငန်းကို ကြီးကြပ်ရသူဖြစ်သည်။ သို့ဖြစ်၍ ကျုံးဝန်ရာထူးကို မြို့တည်နန်းတည်မင်းများ လက်ထက်တွင်သာ တွေ့နိုင်ကြောင်း ယေဘုယျ မှတ်ယူနိုင်ပါသည်။

ရတနာသိဃင်မြို့တော်[ပြင်ဆင်ရန်]

အလောင်းမင်းတရားသည် ၁၇၅၂ ခုနှစ်တွင် မင်းအဖြစ်ကို ခံယူခဲ့ပြီးနောက် ၂၁ ဇွန် ၁၇၅၃ မြို့တော် ၇ ဌာနကို စတင်တည်ထောင်ခဲ့သည်။ ယင်းမြို့တော်မှာ ရတနာသိင်္ဃမြို့တော်ကြီးပင် ဖြစ်ပါသည်။ မြို့တည် ၇ ဌာနတွင် မြို့မှ ၁၀ တာ အကွာ အပြောတာ ၂၀ ရှိသော ကျုံးတော် ဌာနကိုလည်း တည်ဆောက်ခဲ့ပါသည်။ ထိုစဉ်ကပင် ကျုံးတော် တူးဖော်ရေး၊ လိုအပ်သည့် တံတားများ တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ဆောင်ရန် ကျုံးဝန်ရာထူးခန့်အပ်ခဲ့သည်ဟု မှန်းဆရ၏။

ကျုံးဝန်ဘုမ္မဇေယျ[ပြင်ဆင်ရန်]

အလောင်းမင်းတရားလက်ထက်တွင် ခန့်အပ်ခဲ့ရသည့် ကျုံးဝန်မှာ ဘုမ္မဇေယျ ဖြစ်ပါသည်။ ကျုံးဝန် ဘုမ္မဇေယျသည် ရာတနသိင်္ဃမြို့တော်ကြီး တည်ဆောက်စဉ်က ကျုံးတော် ဆောက်လုပ်ရေးလုပ်ငန်းကို ကြီးကြပ်လုပ်ဆောင် ပေးခဲ့ရဟန် တူပါသည်။ သူသည် ပညာရှိတစ်ဦးလည်း ဖြစ်ပြီး မနုရသေ့ပါဠိ ဘာသာဖြင့် စီရင်ခဲ့သည်ဆိုသော မနုကျယ်ဓမ္မသတ်ကျမ်းကြီးအား အပိုင်း ၁၈ ပိုင်းခွဲ၍ မြန်မာဘာသာပြန်ဆိုခဲ့သူ ဖြစ်ပါသည်။ အလောင်းမင်းတရားကြီးလက်ထက်၌ပင် မဟာသီရိဥတ္တမဇေယျသင်္ကြန်ဘွဲ့ရရှိခဲ့သည် ဆိုပါသည်။ ယင်းဘုမ္မဇေယျမှာ ရွာခေါင်း ၄၆ ဦးအဝင် ကန်တူရွာခေါင်းဖြစ်ဟန်ရှိပါသည်။

ရန်ကုန်မြို့တော်ကျုံး[ပြင်ဆင်ရန်]

အလောင်းမင်းတရားလက်ထက် ၂ မေ ၁၇၅၅ တွင် ရန်ကုန်မြို့တော်ကို တည်ခဲ့သည်။ တောအုပ်ထူထပ်လှသဖြင့် မြေတိုင်းတာရာ၌ အခက်အခဲအချို့ ကြုံတွေ့ခဲ့ရ၏။ တစ်ခါတစ်ရံ ရေအိုင်များအတွင်းသို့ ဖြတ်သန်းတိုင်းတာရသည်လည်း ရှိပါသည်။ ထိုစဉ်က ကျုံးကို လက်ဝဲသုန္ဒရ (ဦးမြတ်သာနေ)နှင့် ဝေဠုရာဇာတို့ စီစဉ်ဆောင်ရွက်ခဲ့ရကြောင်း အလောင်းမင်းတရား အရေးတော်ပုံ ရာဇဝင်၌ တွေ့ရှိရ၏။ ဝေးလံခေါင်ဖျားဒေသ ဖြစ်သည့်အပြင် စစ်ရေးအတွက်ပါ အရေးတကြီးပြင်ဆင်နေချိန်ဖြစ်သဖြင့် ရန်ကုန်မြို့ ကျုံးတူးဖော်ရေး၌ ကျုံးဝန်ဘုမ္မဇေယျ ပါဝင်ခဲ့ခြင်း မရှိပေ။ ရန်ကုန်မြို့တော်မှ အလောင်းမင်းတရားလက်ထက် ကျုံးကြီးမှာ ကိုလိုနီခေတ်ဦးကာလအထိ အစိတ်အပိုင်းအချို့ ကျန်ရှိနေဆဲဖြစ်သည်။ ရှေးခေတ် ရေမြှပ်နေသော ကျုံးကြီးရှိခဲ့၏။ ၁၉၀၇ ခုနှစ်တွင် ယင်းကျုံးကြီးအား ကြည့်မြင်တိုင် ဗားကရာဘက်မှ မြေနီတောင်ကုန်းအား ဖြိုကာ မီးရထားလမ်းငယ် ဆောက်လုပ်သယ်ယူဖို့ပေးခဲ့သည်။ ၁၉၀၉ ခုနှစ်တွင် ကျုံးကြီးအား မြေဖို့လုပ်ငန်းပြီးစီးသွားပါသည်။ ယင်းမြေကွက်လပ်တွင် ရွက်ထည်ရုံထိုးပြီး ရုပ်ရှင်ပြပွဲများ စတင်ပြသခဲ့ဖူးသကဲ့သို့ နောက်အိမ်ခြံကွက်များချပေးကာ လူနေအိမ်များတည်ဆောက်ကြသော အခါ၌လည်း၎င်းဖို့မြေထက်မှ လမ်းအမည်ကို ကျုံးကြီးလမ်းဟု ခေါ်ဆိုခဲ့ကြသည်။

ကျုံးဝန် ဦးလွန်းပြေ[ပြင်ဆင်ရန်]

ဒီပဲယင်းမင်း (နောင်တော်ကြီး) နန်းတက်လာသောအခါ နန်းတက်စ ၁၇၆၀ ပြည့်နှစ်တွင် နေမျိုးဇေယျသူဘွဲ့ခံ ဦးလွန်းပြေကို ကျုံးဝန်အရာခန့်အပ်ခဲ့သည်။ သို့သော် ဦးလွန်းပြေမှာ မကြာမီ ဝန်ထောက်ရာထူး တိုးမြှင့်ခန့်အပ်ခံခဲ့ရ၏။ ထိုစဉ်က ကျုံးဝန်ကို ကျုံးမဝန်ဟူ၍လည်း ဖော်ပြထားသည်ကို တွေ့ရှိရ၏။

ဘိုးတော်ဘုရားလက်ထက်[ပြင်ဆင်ရန်]

ဗဒုံမင်း (ဘိုးတော်ဘုရား) (၁၇၈၂-၁၈၁၉) လက်ထက်တွင် အိမ်ရှေ့မင်းသား ဦးပေါ်၏ အိမ်ရှေ့ မိဖုရားများထဲ၌ ကျုံးဝန်၏ သမီးရှင် ရွှေမင်းဆိုသူတစ်ဦး ပါဝင်ကြောင်းတွေ့ရှိရ၏။ ကျုံးဝန်၏ ဘွဲ့အမည်ကို ဖော်ပြထားခြင်းမရှိသဖြင့် မည်သူမည်ဝါဟူ၍ မသိရှိရပေ။

အမရပူရမြို့တော်သစ်[ပြင်ဆင်ရန်]

ဗဒုံမင်းလက်ထက် ၃၀ ဒီဇင်ဘာ ၁၇၈၂ တွင် ကျုံးတော်အပါအဝင် အမရပူရမြို့တော် ၇ ဌာနကို ပန္နရိုက်ပြီး ဖေဖော်ဝါရီ ၁၇၈၃ တွင် တစ်ပြိုင်နက် စတင်တည်လုပ်ကြပါသည်။ သို့သော် ကျုံးဝန်၏ ဘွဲ့မည်ကိုမူ မသိရပေ။ အမရပူရမြို့ဟောင်းတွင် ကျုံးရာအကျယ်ပေတစ်ရာခန့်ကို မြို့ ၄ မျက်နှာစလုံး၌ ပြတ်တောင်း ပြတ်တောင်း တွေ့ရှိနိုင်ကြ၏။ တည်ဆောက်စ ကာလက ကျုံးအကျယ် ဆယ်တာ (အဆောင် ၇၀)၊ အနက် ဆယ်တောင် (၁၀ တောင်) ရှိခဲ့ပါသည်။ အရှည်အားဖြင့် အရှေ့ဘက်တွင် ၄၅၉ တာ ၂ တောင်၊ တောင်ဘက် တွင် ၄၈၃ တာ ၆ တောင် ၂ မိုက် ၄ သစ်၊ အနောက်ဘက်တွင် ၄၄၂ တာ ၁ တောင် ၆ သစ်၊ မြောက်ဘက်တွင် ၃၉၂ တာ ၅ တောင် ၂ သစ် စုစုပေါင်း ၁၆၉၈ တာ ၁၀ တောင် ၄ သစ် ရှိခဲ့၏။

ရတနာပုံမြို့တော်သစ် ကျုံးဝန် ဦးချုံ[ပြင်ဆင်ရန်]

မင်းတုန်းမင်းလက်ထက် ၂၂ မေ ၁၈၅၉ တွင် ရတနာပုံနန်းမြို့ကို ၇ ဌာနတစ်ပြိုင်နက် တည်ဆောက်ကြပါသည်။ ရတနာပုံခေတ်တွင် ကျုံးဩန်နေမျိုးမင်းထင်သူရိန်ဘွဲ့ခံ ဦးချုံ၏ အမည်ကို ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး (တတိယတွဲ)၌ တွေ့ရှိရလေရာ ကျုံးဝန်ဦးချုံသည်ပင် ရတနာပုံမြို့တော် ကျုံးကို ကြီးကြပ်တူးဖော်ခဲ့လေသလောဟု မှန်းဆမိပါသည်။ ဦးချုံသည် သီပေါမင်း လက်ထက်တိုင် ကျုံးဝန်အဖြစ် အမှုထမ်းခဲ့ကြောင်း သိရှိရ၏။