ကျီးပေါင်း

ဝီကီပီးဒီးယား မှ
Mistletoe in an apple tree

ကျီးပေါင်းသည် အခြားသစ်ပင်၏ ပင်စည်နှင့် အကိုင်း အခက်များပေါ်တွင် တွယ်ကပ်မှီခို၍ ရှင်သန်ကြီးပွားရသော ချုံပင်မျိုးဖြစ်သဖြင့်၊ အပင်လောက၌ အလွန်ထူးဆန်းသော အပင်ဟု ဆိုရပေမည်။ ကျီး ပေါင်းသီးတို့ကို ကျေးငှက်များ ကိုက်ချီစားသောက်ယင်း သစ်တစ်ပင်မှ တစ်ပင်သို့ လူးလာပျံသန်းစဉ်၊ သစ်ကိုင်းပေါ်တွင် နှုတ်သီးမှ တွယ်ကပ် ကျန်ရစ်ခဲ့သောအစေ့များမှ ကျီးပေါင်းပင်များ ပေါက်လာခြင်း ဖြစ်သည်။ လူနှင့်တိရစ္ဆာန်ကိုယ်ပေါ်ရှိ သန်းနှင့်လှေးတို့သည်လည်းကောင်း၊ ကိုယ်တွင်းရှိတုတ်ကောင်၊ သံကောင်တို့သည်လည်းကောင်း၊ လူနှင့်တိရစ္ဆာန်တို့၏ သွေးသားကိုမှီ၍ ရှင်သန်ကြီးပြင်းရသဖြင့်၊ ယင်းတို့မှီခိုရာ လူနှင့်တိရစ္ဆာန်တို့၏ ကျန်းမာရေးကို ထိခိုက်စေ၏။ ထို့အတူ၊ ကျီးပေါင်းတို့သည်လည်း မိမိတို့ရှင်သန်ကြီးပွားမှုအတွက် လိုအပ်သော အာဟာရဓာတ်အချို့ကို ပင်မသစ်ပင်မှ စုပ်ယူရရှိသဖြင့် ထိုအပင်၏ ကြီးပွားဖွံ့ဖြိုးရေးကို အနည်းနှင့်အများ ထိခိုက်စေသည်။ ကျီးပေါင်းပင်တို့သည် ရုက္ခဗေဒအလိုအရ 'လိုရန်သေစီ' မျိုးရင်းတွင်ပါဝင်၍ မျိုးကွဲပေါင်း ၃ဝ ထက် မနည်း ရှိသည်ဟု ခန့်မှန်းရသည်။ မြန်မာနိုင်ငံ၌မူ၊ သရက်ကျီးပေါင်း၊ မန်ကျည်းကျီးပေါင်း၊ ဆီးကျီးပေါင်း၊ ထနောင်းကျီးပေါင်း စသည်ဖြင့် မှီခိုခံရသော သစ်ပင်ကို လိုက်၍ အမည်အမျိုးမျိုးမှည့်ခေါ်လေ့ရှိ ကြသည်။ သရက်ကျီးပေါင်း စသော ကျီးပေါင်းအချို့ကို မြန်မာတောသူတောင်သားများ တစ်ခါတစ်ရံ ဆေးတံလုပ်လေ့ရှိသည်။ ထိုမှတစ်ပါး၊ ကျီးပေါင်းတို့သည် ငယ်ရွယ်သောချုံပင်မျှသာဖြစ်သဖြင့်၊ ယင်းတို့ကို မယ်မယ်ရရ အသုံးချ၍ မရပေ၊ သို့ရာတွင် သာမန်အပင်တို့ကဲ့သို့ မြေတွင်မပေါက်ဘဲ အပင်မြင့်ပေါ်၌ ပေါက် သောကြောင့် သာမန်အပင်များထက် မြင့်မြတ်သည်ဟူ၍ကား၊ ကမ္ဘာအရပ်ရပ်မှာပင် ယုံကြည် ယူဆလေ့ရှိကြ ပေသည်။ ကျီးပေါင်းများမှ ပီယဆေး ဖော်နိုင်သည်ဟူ၍ မြန်မာနိုင်ငံ၌ ပြောလေ့ပြောထရှိခြင်းမှာ၊ ထိုယူဆချက်ကြောင့် ဖြစ်ဟန်တူ၏။ အင်္ဂလန်၊ အမေရိကန်၊ ဥရောပ စသောအနောက်တိုင်းများတွင်လည်း မစ္စယ်တိုး ဟူသော ကျီးပေါင်းတချို့မှာ ရှေးခေတ်မှစ၍ အလွန်ထင်ရှားခဲ့ရုံမက၊ ထိုအပင်များကို ယခုခေတ်တိုင်အောင် ပွဲလမ်းသဘင် အခမ်းအနားများတွင် အထူးသဖြင့် ခရစ္စမတ်ပွဲတော်အခါတွင်၊ ထုံးတမ်းဓလေ့အရ အမြတ်တနိုး သုံးစွဲလာခဲ့ကြပေသည်။ မြေသို့မခသေးသော မစ္စယ်တိုးပင်သည် ချမ်းသာသုခကို ပေးသည်ဟူ၍လည်းကောင်း၊ ဘေးအန္တရာယ်ကင်း ဝေးစေသည်ဟူ၍လည်းကောင်း၊ လာဘ်လာဘ ရွှင်လန်းစေသည်ဟူ၍လည်းကောင်း ယုံကြည်ကြသည်။ မစ္စယ်တိုးပင်သည် သမပိုင်းဒေသ၌ ပန်းသီးပင်များ ပေါ်တွင်လည်း ပေါက်နိုင်၏။ သို့သော် ဝက်သစ်ချပင်ပေါ်၌ အတွေ့ရရှားပါးသဖြင့် ဝက်သစ်ချမှရသော မစ္စယ်တိုးကို သာ၍ပင် မြင့်မြတ်သေးသည်ဟု ယူဆကြသည်။ မြန်မာနိုင်ငံ၌ မုတ္တမနယ်ရှိ မြင့်မားသော တောတောင်ဒေသများတွင် မစ္စယ်တိုးကို တွေ့ခဲ့ရဘူးသည်။ မစ္စယ်တိုးနှင့် စပ်လျဉ်း၍ အနောက်နိုင်ငံများ၌ ရှိခဲ့သည့် ထူးဆန်းသော အလေ့အထ တစ်ခုမှာ၊ ခရစ္စမတ်ပွဲတော် အခါတွင် မစ္စယ်တိုးပင် ဆွဲချိတ် ထားသည့်နေရာအောက်သို့ ဝင်မိသောအမျိုးသမီးတစ်ဦးဦးကို နမ်းခဲ့သော် အပြစ်မရှိဟူသတတ်။ ဤသို့လျှင် ကျီးပေါင်းတို့ကို မြင့်မြတ်သည်ဟု ယူဆကြ လင့်ကစား၊ ထိုအပင်တို့သည် မှီခိုတွယ်ကပ်ရာ ပင်မကို နှိပ်စက်တတ်သည့်သဘောရှိသောကြောင့်၊ ကပ်ပါးရပ်ပါး လူစားမျိုးကို ကျီးပေါင်းနှင့် နှိုင်းပြလေ့ရှိကြသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)