ကျိုက်ကမာစိန်စေတီတော်

ဝီကီပီးဒီးယား မှ

ကျိုက်ကမာစိန်စေတီတော် သည် ရန်ကုန်မြို့ အရှေ့ပိုင်း ပုဇွန်တောင်ရှိ ဘုရားဖြူကျောင်းတိုက်အတွင်းရှိ စေတီတော်တစ်ဆူ ဖြစ်သည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

သာသနာနှစ် ၂၁၈ ခုနှစ်တွင် ဖြစ်၏။ ပါဋလိပုတ်ပြည်တွင် သီရိဓမ္မသောကမင်းကြီး စိုးစံနေ၏။ ထိုအချိန်တွင် ထီးပြိုင်နန်းပြိုင်ဖြစ်သည့် သထုံပြည် သီဟဒီပမင်းသည် အသောကမင်းထံမှ မြတ်စွာဘုရား၏ ဓာတ်တော်မွေတော်တို့ကို ပူဇော်ခွင့် ရခဲ့၏။ ထို့နောက် ထိုဓာတ်တော်များကို သူရဲကောင်းရှစ်ဦးတို့ကို ခွဲဝေပေးကာ စေတီတော်တည်စေရာ ကျိုက်ကမာစိန်စေတီတော် ပါဝင်ခဲ့သည်။[၁]

အမည်[ပြင်ဆင်ရန်]

စေတီတော် တည်ရှိရာ နေရာသည် ဆင်များရေသောက်သည့် နေရာဖြစ်သည်ကို စွဲကာ မွန်ဘာသာဖြင့် ကျိုက္ကမာစိန် ဟု သမုတ်ခဲ့သည်။ နှစ်ကာလ ကြာညောင်းလာသည့်အခါ စေတီတော်သည် ယိုယွင်းပျက်စီးလာခဲ့၏။ ထိုအခါ မထေရ်တစ်ပါးသည် ပုဇွန်တောင်ချောင်းအနီးရှိ ကမ်းပြိုသဖြင့် ပျက်စီးနေသည့် ရှေးဘုရားတစ်ဆူကိုပါ ပင့်ဆောင်၍ ကျိုက်ကမာစိန်စေတီတော်ကို ပြုပြင်ခဲ့သည်။[၁]

ဘုရားဖြူကျောင်းတိုက်[ပြင်ဆင်ရန်]

စေတီတော်အနီးတွင် သီတင်းသုံးတော်မူသည့် မန္တလေးမြို့ ၊ မိုးကောင်းကျောင်းတိုက် ဇီးပင်ကျောင်းဘုန်းတော်ကြီး ဦးကေလာသဘသည် စေတီတော်ကို ထုံးသင်္ကန်း ကပ်လှူခဲ့သည်။ ထိုသို့ ထုံးသင်္ကန်း လှူခဲ့သည့် အချိန်မှစကာ ဘုရားဖြူဟု ခေါ်ခဲ့သည်။ ထို့ပြင် ကျောင်းတိုက်ကိုလည်း ဘုရားဖြူကျောင်းတိုက်ဟု ခေါ်တွင်လာခဲ့ကြသည်။[၁]

ပြုပြင်ထိန်းသိမ်းမှုနှင့် ထီးတော်[ပြင်ဆင်ရန်]

  • သက္ကရာဇ် ၁၂၆၄ ခုနှစ်၊ တော်သလင်း လပြည့်ကျော်နေ့တွင် ဦးပိုက်နှင့် မိသားစုသည် အလျားအနံ ပေ ၄၀၊ အမြင့် ၄၆ ပေရှိသည့် တန်ဆောင်းကို ဆောက်လုပ်လှူဒါန်းခဲ့သည်။
  • ၁၃၁၈ ခုနှစ်တွင် အရှင်ပညာဝံသထေရ်သည် စေတီတော်ကို ပြုပြင်ခဲ့သည်။
  • ၁၃၁၈ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့တွင် ကြေးထီးတော်အသစ်ကို တင်လှူခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ pp. ၆၂၊ ၆၃။