ကျားသေကို အသက်မသွင်းရ

ဝီကီပီးဒီးယား မှ

ကျားသေကို အသက်သွင်းသူသည် ထိုကျားကိုက်၍ သေရသကဲ့သို့ စွမ်းအားသတ္တိ မရှိတော့သည့် ရန်သူ ပြိုင်ဘက်စသည်ကို အခွင့်အလမ်း ပေးမိသဖြင့် အန္တရာယ်ကြီးစွာ ပြုခြင်းခံရသည်။ အန္တရာယ်ပေးနိုင်သည့် သူယုတ်မာများကို သွားရောက်ကယ်တင်သောအခါ ထို သူယုတ်မာများကပင် ကျေးဇူးကန်းလျှက် မိမိအားပြန်လည်ရန်ပြုခြင်းကြောင့် ပျက်စီးဆုံးရှုံးတတ်ကြောင်း၊ ထို့ပြင် သွယ်ဝိုက်သော အခြားဆင့်ပွားအဓိပ္ပာယ်အားဖြင့် ပညာမပြည့်စုံဘဲ အစွမ်းမပြသင့်ကြောင်း ကို ဆုံးမဩဝါဒပေးသည့် စကားပုံဖြစ်သည်။

ဤစကားပုံ၏ ဗျုပ္ပတ် (အကြောင်းရင်း) မှာ -

ဧကနိပါတ်၊ သိဉ္ဇီဝ ဇာတ်တော်လာ တက္ကသိုလ်ပြည် ဒိသာပါမောက္ခဆရာကြီးထံ လာရောက်ပညာသင်ယူကြသော ကျောင်းသားများအနက်မှ သိဉ္ဇီဝ အမည်ရှိကျောင်းသားအကြောင်းဖြစ်လေသည်။ ထိုကျောင်းသားသည် သေပြီးသူကို အသက်ပြန်ရှင်စေသည့် အသက်သွင်းမန္တန်ကို သင်ယူတတ်မြောက်လေသည်။

တစ်နေ့တွင် ကျောင်းသားများတောထဲသို့ ထင်းရှာထွက်ကြရာ ကျားသေတစ်ကောင်ကို တွေ့လျှင် အသက်သွင်းမန္တန်ကို စမ်းသပ်လိုကြောင်း အဖော်များကို ပြောရာ အဖော်များက ကျားအသက်ဝင်လာလျှင် အန္တရာယ်တွေ့မည်စိုး၍ သစ်ပင်မြင့်များပေါ် တက်ကာနေကြ၏။ သိဉ္ဇီဝသည် အန္တရာယ်ကို မတွေးဘဲ မန္တန်စွမ်းပြလိုသော ဇောဖြင့် ကျောက်ခဲတစ်လုံးကို ကောက်ယူကာ မန္တန်ရွတ်ပြီး ကျားသေအနားသို့ကပ်ကာ ထိမိအောင် ပေါက်လိုက်လျှင် ထိုကျားသေသည် အသက်ပြန်ဝင်လာကာ အနီးရှိ သိဉ္ဇီဝအား ကိုက်ချီ၍ တောနက်ထဲဝင်သွားလေတော့သည်။ ဤအကြောင်း ဆရာကြီးသိလျှင် ‘တပည့်တို့၊ သိဉ္ဇီဝဟာ သေသူကို ရှင်စေတဲ့မန္တန်ကိုသာ သင်ရသေးသူဖြစ်သည်။ အသက်ဝင်လာသူကို အသက်ပြန်နှုတ်တဲ့ မန္တန် သူ မသင်ရသေး။ ဒါကြောင့် ကျားကိုက်သတ်တာကို ခံရခြင်းဖြစ်တယ်၊ အန္တရာယ်ပေးတတ်တဲ့ မသူတော်ကိုမှ သွားရောက် ကယ်တင်ခြင်းသည် ထိုမသူတော်ကြောင့်ပင် ပျက်စီးဆုံးရှုံးတတ်ခြင်းကို ရစေတာပဲ’ ဟု ဆုံးမစကားပြောကြားလိုက်လေသည်။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၁၈
  2. ကြည်ဦး၏ စကားပုံအလင်းပြကျမ်း