ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး

ဝီကီပီးဒီးယား မှ

ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ကျားကို ကြောက်သဖြင့် တောစောင့်နတ်ကို ကိုးခါမှ နတ်က ကျားထက်ပင်ဆိုးသကဲ့သို့ တစ်ဦး၏ရန်က လွတ်မြောက်ရန် အခြားတစ်ဦးကို အားကိုးမိခါမှ မိမိအားကိုးသူက မိမိကို ဒုက္ခပိုရောက်အောင် ပြုလုပ်သည်။

တစ်ခါက မိတ်ဆွေနှစ်ဦးတို့သည် ခရီးအတူသွားကြရာ လမ်းခရီး၌ ညောင်ပင်ကြီးတစ်ပင်အောက်တွင် စခန်းချကြသည်။ တစ်ဦးက မိမိကိုယ်ကို ညောင်ပင်စောင့်နတ်ထံ အပ်နှံ၍ အိပ်သည်။ အခြားတစ်ဦးကမူ မအပ်နှံပဲ အိပ်သည်။ ညဉ့်နက်ချိန်တွင် ကျားရောက်လာ၍ ညောင်ပင်စောင့်ထံမှ ခရီးသွားနှစ်ဦးကို တောင်းလေသည်။ ညောင်ပင်စောင့်နတ်က ထိုသူကား ငါ့အား အပ်နှံသူမဟုတ်သဖြင့် ငါမပိုင်ဆိုင်၊ ဤသူကား ငါ့အား အပ်နှံသူဖြစ်သဖြင့် ငါပိုင်ဆိုင်သည် ဟုဆိုကာ ကျားလက်သို့ အပ်လိုက်လေသည်။ ကျားရန်ကို ကြောက်သဖြင့် အရှင်ကြီးအား ကိုးကွယ်မိခါမှ သေဆုံးရသည်။ ပုံပြင်

အခြားအသုံးအနှုန်း[ပြင်ဆင်ရန်]

ကျားကြောက်လို့ ရှင်ကို ကိုး၊ ရှင်ညို ကျားထက်ဆိုးဟူ၍လည်း အသုံးရှိသည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုးဆိုသော စကားမျိုးကဲ့သို့... ခိုကိုးအားထားမိသည့်အတွက်ကြောင့် ဆင်းရဲဒုက္ခရောက်ခြင်းနှင့်လည်း တွေ့ကြုံရတတ်၏။" [၁၂၇၅] စာဏကျ၊ တ။ ၁၇။
  • "ကျားကို ကြောက်၍ ရှင်ကို ကိုး၊ ရှင်ညို ကျားထက်ဆိုး။" [၁၁၅၂-ခန့်] ကျည်းကန်။ ၄၀။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၁၅