ကျပင်း ဆရာဖီး

ဝီကီပီးဒီးယား မှ

ကျပင်း ဆရာဖီး(၁၈၆၀ - ၁၉၂၂)[ပြင်ဆင်ရန်]

ဝေဿန္တရာ၊ ဘူရိဒတ်၊ ဥပကဆာဝါ၊ ကာလီဒါသ စသော ဇာတ်ချင်းများနှင့် မေတ္တာစာများ၊ ဟောစာများ၊ သိသိက်စာများ၊ တဘောင်စာများ၊ တေးထပ်၊ ကြိုး၊ သဖြန်များ စသည်တို့ကို နှစ်ပေါင်း ( ၄ ၀ ) ခန့်ရေးသားခဲ့သော ကျပင်း ဆရာဖီးကို ဆင်ဖြူကျွန်းမြို့နယ် ယခင်က ကြာအင်း ခေါ် ကျပင်မြို့တွင် အဖ ဦးဘိုးပြား ၊ အမိ ဒေါ်ကူတို့မှ ၁၈၆၀ ပြည့် နှစ်၌ ဖွားမြင်သည်။ မွေးချင်းငါးယောက်တွင် စတုတ္ထသား ဖြစ်သည်။ ဆင်ဖြူကျွန်းဆရာသင် နှင့် ခေတ်ပြိုင် ဖြစ်သည်။ ငယ်စဉ်က ကျပင်းတောင်ကျောင်း ဘုန်းတော်ကြီး ဦးတသံမှာပင် အကနှင့် ကဗျာစပ်နည်းကို သင်ကြားခဲ့သည်။ ရှင်လူထွက်စ ဆယ့်လေးငါးနှစ် အရွယ်က ပင် ဗုံရှည်ရုပ်သေးကို စလာခဲ့သည်။ နွားကျောင်းသား ဘဝကပင် ထန်းရွက်ပေါ်၌ ကဗျာစပ်သည်။ နောင်တွင် အရပ်ဇာတိ ဆရာ ဖြစ်လာသည်။ ထို့နောက် ရုပ်သေး မင်းသားကြီး ဖြစ်သည်။ ဆရာဖီး၏ စာကို ပြည်သူများ ချစ်အောင်၊ နှစ်သက်အောင် ပို့ဆောင်ပေးသူမှာ နာမည်ကျော် သဘင်ပညာရှင် ရွှေမန်းဦးတင်မောင် ဖြစ်သည်။ ဆရာဖီးသည် သာမန် စာရေးဖွဲ့စီကုံးသည့် စာဆိုမျှသာ မဟုတ်ဘဲ သံချိုဆရာ မောင်းထောင် ဦးကျော်လှကဲ့သို့ တခင်္ဏုပတ္တိဉာဏ်ဖြင့် ရုတ်ခြည်း လက်တန်းမှာ စာဆိုနိုင် စာစပ်နိုင်သူ ဖြစ်သည်။ ဇာတ်စင်ပေါ်တွင် မင်းသားကြီး အဖြစ် ပြောဟန်ဆိုဟန်များ ၊ ဇာတ်လမ်းဇာတ်ကွက် စီစဉ်ပုံများ တွင်လည်း ထူးခြား ပြောင်မြောက်သူ ဖြစ်သည်။ ဆင်ဖြူကျွန်းဇာတ် ယောက်ျားမင်းသမီး ဦးအောင်ဗလနှင့် ကျပင်းဆရာဖီးတို့ တစ်ကြိမ်တွဲကာ မင်းသား မပါဘဲ မင်းသမီး နှင့် မင်းသားကြီး နှစ်ယောက်တည်း ဇာတ်လမ်းဆင်၍ ရန်ကုန်မြို့တွင် ကပြသွားပုံမှာ သဘင်သည်လောက၌ ပြောစမှတ် ပြုရသည့် အကြောင်းတစ်ရပ်ဖြစ်သည်။ ဦး အောင်ဗလနှင့် ကျပင်းဆရာဖီးတို့ တွဲ၍ မင်းသားမပါဘဲ ကပြခဲ့သည့် ကျတ်သူတော်မောင်နှမ ဇာတ်ကြောင်းကို လူထုဒေါ်အမာ ပြုစုသော အောင်ဗလ၊ ဖိုးစိန်၊ စိန်ကတုံး စာအုပ်တွင် ဖော်ပြထားသည်။ ဆရာဖီးသည် ဇာတ်စာအများအပြားနှင့် အခြားကဗျာစုံ ရေးသားခဲ့သူ ဖြစ်သည်။ ထို့ပြင် မေတ္တာစာများ၊ ဟောစာများ၊ သိသိက်စာများ၊ တဘောင်စာများ၊ တေးထပ်၊ ကြိုး၊ သဖြန်များ ကို ရေးသားခဲ့သည်။ သိပ္ပံ မောင်ဝသည် စစ်ကြိုခေတ်က ကျပင်းရွာသို့ ရောက်ရှိလာပြီး ကျပင်းဆရာတော် ရှင်ဓမ္မရိက္ခိတ ( မြန်မာ ၁၁၇၇ - ၁၂၅၇ ) နှင့် ကျပင်း ဆရာဖီး၏ စာမူများကို တော်တော်များများ စုဆောင်းသွားခဲ့သည်။ ထို့နောက် ဂန္တလောက မဂ္ဂဇင်း ( ၁၂၉၈ ၊ နယုန်လထုတ် ) တွင် ကျပင်း ဆောင်းပါးကို ရေးသားသွားခဲ့သည်။ ကျပင်းဆရာဖီးသည် ၁၉၂၂ ခုနှစ်တွင် ကျပင်းရွာ၌ပင် ကွယ်လွန်ခဲ့သည်။ ကြွင်းကျန်သော ရုပ်ကလာပ်ကို ကျပင်းကျေးရွာသုသာန်၌ ဂူသွင်း မြှုပ်နှံထားသည်။

ကျမ်းကိုးစာရင်း[ပြင်ဆင်ရန်]

  1. မလိခ မြန်မာစာပေအဘိဓာန် တွဲ ( ၄ ) ရန်ကုန်၊ ဘဝတက္ကသိုလ်စာပေ၊ ပြကိမ်၊ ၁၉၈၅ ၊ ဇူလိုင် ၊ စာ - ၂၀၃ ။
  2. စောရွှေဗိုလ် ကြာအင်းမြို့ဟောင်း တနေရာမှ လယ်သမားစာဆို ကျပင်ဆရာဖီး ၊ ရှေ့သို့၊ တွဲ ၁၁၊ မှတ် ၁၁ ၊ ( ၁ - ၁၁ - ၆၇ ) စာ - ၃၁ ၊ ၂၁ ။