ကျည်းဦးပေါင်း
ကျည်းဦးပေါင်း
[ပြင်ဆင်ရန်]မြန်မာဘုရင်များ၏ မကိုဋ်နှင့် အနောက် တိုင်းဘုရင်များ ၏ သရဖူကဲ့သို့ ဆင်မြန်းရသော ကျည်းဦးပေါင်းသည် ရှေး အခါက ကျည်းကုလားများ ဦးခေါင်းတွင် ဆင်မြန်းသည့် ပေါင်းထုပ်ဖြစ်သည်။ ကျည်းဦးပေါင်းကို လှပစွာ အဆန်း တကြယ် ပြုလုပ်ထားလေ့ရှိ၍ အဖိုးများစွာ ထိုက်တန်လှ လေသည်။
ရှေး ရခိုင်မင်းများသည် ထိုကျည်းဦးပေါင်းများကို ဆင်မြန်းခဲ့ကြောင်း မြန်မာရာဇဝင်များတွင် တွေ့ရသည်။ အင်းဝ ခေတ်တွင် ဘုရင်မင်းကြီးစွာစော်ကဲလက်ထက် ရခိုင်ပြည်ကို အအုပ်အချုပ် စောမွန်ကြီးကို ခန့်၍ စောင့်နေရသည်ကာလ ရခိုင်မင်းစဉ်တို့ သုံးဆောင်သော အဖိုးများစွာထိုက်သော ကျည်း ဦးပေါင်းကို ရွှေတိုက်တွင်တွေ့၍ ဆက်သလိုက်သည်။ ဘုရင် မင်းကြီးစွာစော်ကဲလည်း ကျည်းဦးပေါင်းကို မြင်တော်မူလျှင် ဝမ်းမြောက်ဝမ်းသာ ပေါင်းမည်ဟူ၍ အမတ်ကြီး စည်းတပစ်ကို တိုင်ပင်တော်မူသည်။ ထိုအခါ အမတ်ကြီး စည်းတပစ်က ရေမြေသခင် ဖြစ်တော်မူသော ဧကရာဇ်မင်းတို့သည် ဦးတော်ဆံတော်တင်အံ့သော ဝတ်စားတန်ဆာတို့ကို မစူးစမ်းမဆင်ခြင်ဘဲ အလျင်တဆော တင်တော်မမူသင့်၊ ဘုန်းကျက်သရေ အာနုဘော်တော်သာမင်းတို့၏ အကြောင်း ရင်းဖြစ်သည်ဟု သတိပေး လျှောက်တင်ချက်အရ ကျည်းဦးပေါင်းကို ဆင်တော်မမူဘဲ သိမ်းဆည်းထား တော်မူသည်။ ကျည်းဦးပေါင်းအကြောင်းကို သိသာအောင် စုံစမ်း၍ လျှောက်ရမည် မှာထားလိုက်လျှင် စောမွန်ကြီးက ထိုကျည်းဦးပေါင်းသည် နန်းကျကြီး နန်းကျငယ်တို့ ပေါင်းလေပြီးသော ဦးပေါင်းတည်း။ ရွှေတိုက်တွင် အရှည် အမြင့် ရှိသည်။ အလုပ်အဆောင် ကောင်းသည်နှင့် အဖိုးများစွာ ထိုက်သောကြောင့် ဆက်သည်ဟု နားတော်လျှောက်လိုက်၏။ ထို့အပြင် ကျည်းဦးပေါင်းသည် ရှေးမြန်မာဘုရင်များ နန်းတော်တွင် ခင်းသည့် သင်ဖြူးဖျာများမှာ အနားလန်သည်ကို လမ်းသွားသာအောင် ဖိထားသည့် လန်ဘိကျောက်ကြာမုံနှင့် သဏ္ဌာန်တူသည်ဟူ၍ ရွှေဘုံ နိဒါန်းတွင် ဖော်ပြထားသည်ကို တွေ့ရလေသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)