ကျဉ်တုပ်ခံဝံ့ မခံဝံ့

ဝီကီပီးဒီးယား မှ

ကျဉ်တုပ်ခံဝံ့ မခံဝံ့ ဝတ္ထုကို ၁၉၇၁ ခုနှစ်တွင် မြန်မာစာရေးဆရာ မောင်သာရ ရေးသားသည်။ ၁၉၅၃ ခုနှစ် အောက်တိုဘာကျောင်းသားအရေးအခင်းတွင် မန္တလေးတက္ကသိုလ်မှ အဖမ်းအဆီးခံရသည့် ကျောင်းသားများ၏ အတွေ့အကြုံကို စိတ်ကူးပုံဖော်ထားသော ဝတ္ထုဖြစ်သည်။ ၁၉၇၁ ဒီဇင်ဘာလတွင် မြရာပင်စာပေတိုက်မှ အုပ်ရေခြောက်ထောင် ရိုက်နှိပ်ဖြန့်ချိသည်။

ခေါင်းစဉ် ဖြစ်ပေါ်လာပုံ[ပြင်ဆင်ရန်]

ကျည်းကန်ရှင်ကြီး၏ မေတ္တာစာလာ လင်္ကာတပိုဒ်ဖြစ်သည့်

" မင်းမှာ လုပ်ချင်၏။ တင်းကုပ်မှာ အချုပ်ခံဝံ့ မခံဝံ့။

  ပဲဟင်းကို ရှုတ်ချင်၏။ နှုတ်ခမ်းမွှေးကို အနုတ်ခံဝံ့ မခံဝံ့။

  မှိုနှင့်မျှစ်ကို နုတ်ချင်၏။ ကျဉ်တုပ်ခံဝံ့ မခံဝံ့။ "

မှ ထုတ်နုတ်အမည်ပေးခြင်း ဖြစ်သည်။

လူတို့သည် အခက်အခဲနှင့် ရင်ဆိုင်ရသည့်အခါ ပိုမိုတက်ကြွလာသူ ရှိသကဲ့သို့ တွေဝေယိမ်းယိုင်သူများလည်း ရှိကြောင်းကို သရုပ်ဖော်ရေးသားလိုရင်း ဖြစ်သည်။

တရားမဝင်စာပေအဖြစ် သတ်မှတ်ခံရပုံ[ပြင်ဆင်ရန်]

ဤဝတ္ထုအား ရှုမဝ မဂ္ဂဇင်းတွင် အခန်းဆက်ဝတ္ထုရှည်အဖြစ် စတင်ရေးသားသည်။ ၁၉၇၁ ခုနှစ်၊ ဂျူလိုင်လတွင် တစ်ကြိမ်ပါပြီးသည်နှင့် ဝေဖန်မှုများ ပြင်းထန်သောကြောင့် ဆက်လက်ဖော်ပြခြင်း မပြုတော့ပေ။ နှစ်ကုန်ပိုင်းရောက်မှသာ မြရာပင်စာပေတိုက်နှင့် ချိတ်ဆက်မိပြီး ပုံနှိပ်ထုတ်ဝေနိုင်ခဲ့သည်။ ကျောင်းသားများအပေါ် ထောင်ချောက်ဆင် ဖမ်းဆီးပုံ၊ ညှင်းပန်းနှိပ်စက်ကာ ဝန်ခံမှုယူပုံတို့ကို ဖော်ပြထားခြင်းကြောင့် ဖတ်ရှုရန်မသင့်ကြောင်း အာဏာပိုင်တို့က ဆုံးဖြတ်ကာ ဖြန့်ချိပြီးသုံးရက်အကြာတွင် စာအုပ်များကို လိုက်လံသိမ်းဆည်း၍ ထုတ်ဝေခွင့် ပိတ်လိုက်သည်။

ဇာတ်လမ်းအကျဉ်း[ပြင်ဆင်ရန်]

အောက်တိုဘာ၊ ဝါကျွတ်ကျောင်းပိတ်ရက်အား တစ်လမှ ဆယ့်ငါးရက်သို့ အာဏာပိုင်တို့က လျှော့ချလိုက်သည်။ အကြောင်းပြချက်မှာ ကျောင်းသူကျောင်းသားများ စာပေ ပိုမိုတတ်မြောက်စေလိုရင်း ဟူသည်။ ဤသည်ကို တော်လှန်ရန် နိုင်ငံရေးပါတီအချို့မှ အခါပေးသောကြောင့် သမဂ္ဂကျောင်းသားများ ဦးဆောင်ကာ ကျောင်းမတက်ဘဲ ဆန္ဒပြသည်။ လေးရက်ခန့်ကြာသော် စိတ်မခိုင်သည့်ကျောင်းသားများက ကျောင်းပြန်တက်ကြသည်။ ကျောင်းပြန်တက်သည့် ကျောင်းသားများကို သပိတ်ကျောင်းသားများက တားဆီးကြသည်။ ဤဂယက်မှာ အခြားတက္ကသိုလ်များသို့ ကူးစက်ကာ အရေးအခင်းအသွင် ဖြစ်ပေါ်လာသောကြောင့် အာဏာပိုင်များက ကျောင်းများအား အကန့်အသတ်မရှိပိတ်ကာ ဦးဆောင်သည့် ကျောင်းသားခေါင်းဆောင်များကို ဖမ်းဆီးစစ်ဆေးသည်။ ဤတွင် အဓိကဇာတ်ဆောင် မောင်ထွန်းနောင်အပါအဝင် ကျောင်းသားငါးဦး အဖမ်းဆီး ခံရသည်။ ထောင်တွင်း၌ အခက်အခဲများတွေ့လာ၍ အထိန်းသိမ်းခံ ကျောင်းသားများ သဘောထား ပြောင်းလဲလာသည်။ အချုပ်အနှောင်မှလွတ်သော် မိမိဘဝလမ်းကြောင်းကို တစ်ယောက်တစ်လမ်းရှာကာ ခွဲထွက်သွားကြတော့သည်။[၁]


အဓိကဇာတ်ဆောင်များ[ပြင်ဆင်ရန်]

ထွန်းနောင်

တည်ကြည်

အောင်ထွေး

သိန်းလွင်

ဉာဏ်မြင့်

တင်မောင်ဝင်း

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်သာရ, "ကျဉ်တုပ်ခံဝံ့ မခံဝံ့", ခေတ်ပြိုင်စာပေတိုက်, ဘန်ကောက်, မေ ၂၀၀၄, ISBN: 974 922 237 7