ကျင်းလှိမ့်ခြင်း

ဝီကီပီးဒီးယား မှ
ကျင်းလှိမ့်ကစားခြင်း

ကျင်းလှိမ့်ခြင်း သည် ကစားနည်း တစ်မျိုး ဖြစ်၏။ များသောအားဖြင့် မြန်မာနိုင်ငံရှိ ကျေးလက်တောရွာတို့တွင် နွေရာသီကျောင်းပိတ်ရက်သည့်အခါ ကလေးငယ်များ ကစားလေ့ရှိကြသည်။ ကျင်းထဲသို့ လောက်စာလုံး (သို့) လုံးဝန်းသော အရာတစ်ခုခုကို လှိမ့်ထည့်၊ ပစ်ထည့်ကာ ကစားရသည့် ကစားနည်း ဖြစ်၏။ ထိုကစားနည်းသည် မြေကြီးပေါ်တွင် ကျင်းငယ်လေးများ တူး၍ ကစားရန် နေရာပြုလုပ်ရသဖြင့် ကုန်ကျစရိတ် မရှိသည့်အပြင် ကစားမည့်သူ နှစ်ဦး ရှိရုံဖြင့် ကစားနိုင်ပေသည်။

ကစားရန် နေရာပြုလုပ်ခြင်း[ပြင်ဆင်ရန်]

မြေကြီးပေါ်တွင် လက်ဖက်ရည် ပန်းကန်လုံးခန့် ကျင်းငယ်လေးများကို ပုံတွင်ပါသည့်အတိုင်း စုစုပေါင်း (၂၂) ကျင်း ပြုလုပ်ရပေမည်။ ထိုကျင်းများမှ သင့်တော်သော အကွာအဝေးဖြစ်သည့် ၆ − ပေ၊ ၇ − ပေ ခန့်တွင် ကစားမည့်သူ ပစ်ရန် စည်းသားထားရပေမည်။ ထိုသို့ ကစားရန် ပြုလုပ်သည့်နေရာသည် လောက်စာလုံးများ လှိမ့်သွားနိုင်လောက်အောင် ညီညာသော မြေမျက်နှာပြင် ဖြစ်ရန် လိုအပ်ပေသည်။

အဓိပ္ပါယ်နှင့် သတ်မှတ်ချက်များ[ပြင်ဆင်ရန်]

ကျင်းတို့၏ တန်ဖိုးများ[ပြင်ဆင်ရန်]

(၁) ကျင်း၊ (၂) ကျင်း၊ (၃) ကျင်း၊ (၄) ကျင်း၊ (၅) ကျင်း၊ (၆) ကျင်း၊ ဂျီကျင်း အစရှိသည့် ကျင်းတို့တွင် ဆိုင်ရာ တန်ဖိုးများ ရှိ၏။ (၁) ကျင်းအတန်းတွင် တစ်ကျင်းတည်းသာ ရှိ၏။ ထိုကျင်းထဲသို့ လောက်စာလုံးတစ်လုံး ဝင်သွားပါက တန်ဖိုး (၁) ဖြစ်၏။ လောက်စာလုံး (၂) နှစ်လုံး ဝင်သွားပါက တန်ဖိုးသည် (၁+၁=၂) ဖြစ်၏။ (၂) ကျင်းအတန်းတွင် ကျင်းနှစ်ကျင်း ရှိ၏။ ထိုကျင်းနှစ်ကျင်းထဲရှိ မည်သည့်ကျင်းထဲသို့ဖြစ်စေ လောက်စာလုံးတစ်လုံး ဝင်သွားပါက တန်ဖိုးသည် (၂) ဖြစ်၏။ နှစ်လုံး ဝင်သွားပါက တန်ဖိုးသည် (၂+၂=၄) ဖြစ်၏။ ထိုနည်းတူပင် (၃) ကျင်းမှ ခြောက်ကျင်းသည် ထိုနည်းတူပင် ဖြစ်၏။ ဂျီကျင်းမှာမူ အထက်ပါကျင်းများကဲ့သို့ သီးခြားတန်ဖိုး မရှိပေ။ သို့သော် ဂျီကျင်းသည် အထက်ပါကျင်းများထက် တန်ဖိုးကြီးမြင့်သည်။

ဆွိ နှင့် ဘေးဆွိ[ပြင်ဆင်ရန်]

မည်သည့်ကျင်းအတန်းရှိ ကျင်း (သို့) ကျင်းတွင် ဖြစ်စေ သုံးလုံးစလုံး ဝင်နေပါက “ဆွိ” ဟု ခေါ်သည်။ ဥပမာ (၃) ကျင်းအတန်းတွင် သုံးလုံးစလုံး ဝင်နေပါက ၉ ဟု မရေတွက်ရဘဲ “၃ − ဆွိ” ဟု ခေါ်ဆိုရသည်။ ထိုနည်းတူ (၂) ကျင်းတွင် ဖြစ်ပါက (၂ − ဆွိ)၊ ဂျီကျင်းတွင် ဖြစ်ပါက “ဂျီဆွိ” ဟု ခေါ်ဆိုရသည်။

ထိုသို့ မဟုတ်ဘဲ လောက်စာလုံးကို ပစ်လိုက်သောအခါ သုံးလုံးစလုံးသည် မဝင်ဘဲ အပြင်သို့ ရောက်သွားပါက “ဘေးဆွိ” ဟု ခေါ်သည်။ ထိုဘေးဆွိသည် ဤကစားနည်းတွင် တန်ဖိုးအနိမ့်ဆုံး ဖြစ်သည်။

အနိုင်အရှုံးသတ်မှတ်ခြင်း[ပြင်ဆင်ရန်]

အနိုင်အရှုံးသတ်မှတ်ရာတွင် တန်ဖိုးကြီးသောသူသည် အနိုင်ရ၏။ ဤကစားနည်းတွင် တန်ဖိုး၏ ယူနစ်ကို “ပေါက်” ဟု သုံးနှုန်းကြ၏။ တန်ဖိုးသည် ရှစ်ဖြစ်နေပါက “ရှစ်ပေါက်” ဟု ပြောကြ၏။ တန်ဖိုးအကြီးဆုံးမှ အငယ်ဆုံးသို့ အစဉ်အတိုင်း ရေတွက်ပါက ဂျီဆွိ၊ ဂျီ၊ ဆွိ၊ ၉၊ ၈၊ ၇၊ ၆၊ ၅၊ ၄၊ ၃၊ ၂၊ ၁၊ ၁၀ နှင့် “ဘေးဆွိ” တို့ ဖြစ်ကြသည်။

  • ဂျီဆွိသည် ဂျီကျင်းတွင် သုံးလုံးစလုံး ဝင်နေသည့်အခါမျိုး ဖြစ်သည်။
  • ဂျီသည် ဂျီကျင်းတွင် တစ်လုံး (သို့) နှစ်လုံး ဝင်နေသည့်အခါမျိုး ဖြစ်သည်။ ဝင်သည့်အရေအတွက် များသောသူသည် အနိုင်ရပေသည်။
  • ဆွိသည် အထက်တွင် ပြခဲ့သည့်အတိုင်း သုံးလုံးဝင်သည့်အခါမျိုး ဖြစ်၏။ ဤဆွိတွင် “၁ − ဆွိ” သည် အကြီးဆုံး ဖြစ်၏။ ထို့နောက်မှ အစဉ်လိုက် “၂− ဆွိ” ၊ “၃ − ဆွိ” မှ “၆ − ဆွိ” ဖြစ်လေသည်။ “၆ − ဆွိ” သည် တန်ဖိုးအနည်းဆုံး ဖြစ်၏။
  • ၉ တန်ဖိုးတွင် နှစ်မျိုးရှိ၏။ “ရိုးရိုးကိုး” နှင့် “စီနီယမ်ကိုး” ဖြစ်၏။ “စီနီယမ်ကိုး” သည် “ရိုးရိုးကိုး” ထက် တန်ဖိုးကြီးမြင့်၏။ ၂ ကျင်း ၃ ကျင်း နှင့် ၄ ကျင်းတို့တွင် ဝင်ပါက စီနီယမ်ကိုး ဖြစ်၏။ (၂+၃+၄ = ၉)
  • အခြားတန်ဖိုးများ ဖြစ်သည့် ၈ မှ ၁ အထိမှာမူ ကိန်းဂဏန်းတန်ဖိုးများအတိုင်း ဖြစ်၏။ ဤတွင် တန်ဖိုးများ တွက်ချက်သည့်အခါ စုစုပေါင်းတန်ဖိုးသည် ၁၂ ဖြစ်နေပါက တန်ဖိုးသည် (၂) ဟု ယူရသည်။ ၁၅ ဖြစ်နေပါက “၅” ဟု ယူရသည်။
  • ၁၀ သို့မဟုတ် “ဘူ” သည် စုစုပေါင်းတန်ဖိုးသည် တစ်ဆယ်ဖြစ်နေသည့်အခါတွင် ဖြစ်၏။ ဥပမာ (၄+၃+၃ = ၁၀)၊ (၅+၅ = ၁၀)။
  • ဘေးဆွိသည် သုံးလုံးစလုံး မည်သည့်ကျင်းထဲသို့မျှ မဝင်သည့်အခါမျိုး ဖြစ်၏။

ကစားသည့် ပုံစံ[ပြင်ဆင်ရန်]

ကစားမည့်သူသည် ပစ်ရန်စည်းသားထားသည့်နေရာတွင် ဘယ်ခြေနှင့် ညာခြေတို့ကို ထားကာ ကျင်းအတွင်းသို့ လောက်စာလုံး (၃) လုံးကို လှမ်းပစ်ထည့်ရ၏။

ထိုသို့ ပစ်ထည့်ရာတွင် တစ်လုံးချင်း ပစ်၍ ကစားသည့်အခါလည်း ရှိ၏။ ထိုသို့ မဟုတ်ဘဲ (၂) လုံးပူး တစ်ပြိုင်တည်း ပစ်၊ ထို့နောက်မှ တစ်လုံးပစ်သည့် အခါ (သို့) တစ်လုံး အရင်ပစ်၊ ထို့နောက်မှ (၂) နှစ်လုံးပူး တစ်ပြိုင်တည်း ပစ်သည့် အခါလည်း ရှိ၏။ သုံးလုံးစလုံးတစ်ပြိုင်တည်း ပစ်သည့်နည်းတို့ ဖြစ်သည်။ ထိုသို့ဖြင့် ပစ်ပုံပစ်နည်း သုံးမျိုး ရှိပေသည်။

ကစားရာတွင် တစ်ယောက်က ဒိုင်ခံကာ ကစားသည့်နည်းလည်း ရှိ၏။ ထို့ပြင် ညီတူညီမျှ လောင်းကြေးထပ်ကာ ကစားသည့်အခါမျိုး ရှိ၏၊ ဤသို့ ကစားသည်ကိုပင် “ဥဖောက်” သည်ဟု ခေါ်ဝေါ်ကြ၏။

လောင်းကြေး[ပြင်ဆင်ရန်]

များသောအားဖြင့် ကလေးများ ကစားသဖြင့် လောက်စာလုံးကိုသာ လောင်းကြေးအဖြစ်ထား၍ ကစားကြသည်။ လောင်းကြေးသည် အလုံးအရေအတွက်ဖြင့် ရေတွက်၍ ကစားကြသည်။ ထိုသို့ မဟုတ်ပါက “အဖို” ဖြင့် ကစားကြသည်။ တစ်ဖိုတွင် လေးလုံး ပါဝင်သည်။ (အဖိုသည် သုံးလုံးကို ဖိုခနောက်ဆိုင်ထားပြီး အပေါ်မှ တစ်လုံးတင်ထားဟန် ဖြစ်၏။)

ကိုးကား[ပြင်ဆင်ရန်]