ကံကြမ္မာ ၃၂ ပါး

ဝီကီပီးဒီးယား မှ

သဠာယတနသံယုတ် ။ ဋ္ဌ။ ၆၂။ မဟာနိဒ္ဒေသ။ ပါ။ ၂၈၉။ ဋ္ဌ။ ၃၄၈။ ဒုကင်္ဂုတ္တရ ကမ္မကရဏဝဂ်။ ပါ။ နှင့်။ ဋ္ဌ။ မူလပဏ္ဏာသ။ ပါ။ ၁၂၁။ ဋ္ဌ။ ပ-အုပ်။ ၃၆၃-စသည်တို့၌ တချို့တဝက်စီပါရှိ၏။ အပြည့်အစုံရှာမရချေ။ မင်းပြစ်မင်းဒဏ်သင့်သူတို့ ခံရသည့် ညှဉ်းဆဲမှုများ ဖြစ်သည်။

  1. ဆူးရှိသောကြိမ်ဖြင့်ရိုက်ခြင်း၊
  2. ဆူးမရှိသောကြိမ်ဖြင့်ရိုက်ခြင်း၊
  3. တုတ်တို ဆောက်ပုတ် နံပါတ်တုတ်ဖြင့်ရိုက်ခြင်း၊
  4. လက်ကို ဖြတ်ခြင်း၊
  5. ခြေကို ဖြတ်ခြင်း၊
  6. နားကို ဖြတ်ခြင်း၊
  7. နှာခေါင်းကိုဖြတ်ခြင်း၊
  8. နား နှာခေါင်းကိုဖြတ်ခြင်း၊
  9. ဦးခေါင်းခွံကိုခွာ၍ ပူလွန်းသောသံတွေကို ထည့်သဖြင့် ကျိုက်ကျိုက်ဆူအောင်ပြုခြင်း၊
  10. နားပန် အပိုင်းအခြားရှိ အရေနှင့်တကွသော ဆံပင်ကိုနုတ်၍ ကြမ်းတမ်းသောကျောက်ဖြင့် ပွတ်တိုက်လျက် ခရုသင်းသဖွယ်ဖြစ်အောင်ပြုခြင်း။
  11. သံတံကျင်ဖြင့် ခံတွင်းကိုဖွင့်စေလျက်မီးညှိထွန်းခြင်း၊ မျက်နှာကိုပဲခွပ်ဖြင့်ရွေ၍ ခံတွင်း၌ သွေးပြည့်စေလျက် ရေကိုငုံသော ရာဟုသဖွယ်ပြုစေခြင်း၊
  12. ကိုယ်အလုံးကို ဆီစိမ်သောအဝတ်ဖြင့် ရစ်ပတ်စေ၍ မီးညှိ၍ ဆီမီးတိုင်သဖွယ်ပြုစေခြင်း၊
  13. ထို့အတူ လက်၌မီးညှိ၍ ဆီမီးတိုင်သဖွယ်ပြုစေခြင်း၊
  14. ရေမျိုအောက်မှစ၍ ဖမျက်တိုင်အောင် အရေခွာပြီးမှ ကြိုးဖြင့်ဖွဲ့စည်းငင်လျက် မိမိအရေကို နယ်ကန်စေသဖြင့် ပိတ်မြက်ရွက်သဖွယ် အရေခွာခြင်းကိုပြုခြင်း၊
  15. လက်မှစ၍အရေခွာသဖြင့် ခါး၌ထားခြင်း၊ ခါးမှစ၍ အရေခွာသဖြင့် ဖမျက်၌ထားခြင်း၊
  16. တတောင်နှစ်ဘက်၌ သံခြေချင်းခတ်၍ သံချောင်းနှက်ပြီးသော် ထက်ဝန်းကျင် က မီးထည့်၍ လေးဘက်တွားလျက်ရှိစေခြင်း၊
  17. နှစ်ဘက်အသွားရှိသော ငါးမျှားချိတ်ဖြင့် ချိတ်၍ အရေ အသား အကြောတို့ကို ကွာလျောကျစေခြင်း၊
  18. ထက်လှစွာသော ပဲခွပ်ဖြင့် ရွေလျက် တစ်သပြာမျှလောက်သောသားတစ်ဖတ်ကလေးတွေကို ကျစေခြင်း၊
  19. ထိုထို ကိုယ် အစိတ်အပိုင်း၌ လှံ ငါးမျှားချိတ်စသည်တို့ဖြင့် ထိုးချိတ်ခပ်နှိပ်၍ ဝက်မှင်ဘီးဖြင့် ဆားငန်ရေစသည်ကို ပွတ်၍ အရေ အသား အကြောတို့ကို လျောကျစေလျက် အရိုးသာတည်စေခြင်း၊
  20. နံပါးတစ်ဖက် စောင်းအိပ်စေလျက် နားထင်ကို သံတံကျင်နှင့်မြေဝယ်ကျအောင် နှက်သွင်းပြီးမှ ခြေဖျားမှကိုင်၍ လှည့်ခြင်း။
  21. အပေါ် အရေအသားတို့ကို မစုတ်မပဲ့စေဘဲ ကျောက်တုံးဖြင့်အရိုးကိုထုပြီးသော် ဆံဖြင့်ရစ်၍ ခွေလျက်ထားခြင်း၊
  22. ကျိုက်ကျိုက်ဆူသော ဆီပူဖြင့်လောင်းခြင်း၊
  23. နှစ်ရက်သုံးရက်မျှ အစာငတ် ထားပြီးသောခွေးဆိုးတို့ကို ခဲစားစေခြင်း၊ သို့မဟုတ် ကြွက်တို့ကို သံချိုင့်တွင်ထည့်၍ ဝမ်းဗိုက်ကိုကိုက်စေခြင်း၊
  24. အသက်ရှင်လျက် တံကျင်၌လျှို၍ထားခြင်း၊
  25. သန်လျက်ဖြင့် ဦးခေါင်းကိုဖြတ်ခြင်း၊
  26. ပူစွာသော သံတံကျင်ကို လက်ဝဲဘက်လက်၌ စိုက်ခြင်း၊
  27. ပူစွာသော သံတံကျင်ကို လက်ယာဘက်လက်၌ စိုက်ခြင်း၊
  28. ပူစွာသော သံတံကျင်ကို လက်ဝဲခြေ၌စိုက်ခြင်း၊
  29. ပူစွာသော သံတံကျင်ကို လက်ယာခြေ၌ စိုက်ခြင်း၊
  30. ပူစွာသော သံတံကျင်ကို ရင်ဝ၌ စိုက်ခြင်း၊
  31. ဓားမတို့ဖြင့် ရွေခြင်း၊
  32. ပဲခွပ်တို့ဖြင့် ရွေခြင်း။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း