ကောက်ရိုးနွယ်
| ကောက်ရိုးနွယ် | |
|---|---|
| en:Convolvulus arvensis | |
| မျိုးရိုးခွဲခြားခြင်း | |
| လောက: | Plantae |
| Clade: | Angiosperms |
| Clade: | Eudicots |
| Clade: | Asterids |
| မျိုးစဉ်: | Solanales |
| မျိုးရင်း: | Convolvulaceae |
| မျိုးဇာတ်: | Convolvuleae |
| မျိုးစု: | Convolvulus L. |
| အမျိုးအစား မျိုးစိတ် | |
| en:Convolvulus arvensis L. | |
| မျိုးစိတ် | |
ပုံသဏ္ဌာန် : အပင် - နွယ်ပင်ဖြစ်၍ ပင်စည် ပြောင်ချောသည်။ အချို့အမွေး အနည်းငယ်ရှိသည်။ ဖြတ်ကြည့်က ဖြူသော အစေးများ ထွက်သည်။ အရွက် - သေးသွယ်ရှည်လျားပြီး အရင်းဝိုင်း၍ အဖျားချွန်သည်။ ၁-၃ လက်မခန့် ရှည်သည်။ အပွင့် - ခရမ်းရောင်ဖျော့ဖျော့ သို့မဟုတ် အဖြူရောင်ရှိသည်။ အသီး - လုံးဝိုင်းပြီး အစေ့ ၃-၄ စေ့ပါသည်။ နီညိုရောင်ရှိ၍ သုံးထောင့်ပုံဖြစ်၏ ။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : ပဉ္စငါးပါး ။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ အင်း ၊ အိုင် ၊ ချောင်း မြောင်း ၊ လယ်တောယာတောများတွင် တွေ့ရသည်။ သဘာ၀အလျောက် ပေါက်ရောက်သည်။ အသုံးဝင်ပုံ : အာနိသင် - မြန်မာဆေးကျမ်းများ အလိုအရ ကောက်ရိုးနွယ်သည် ပူ ၏ ၊ ခါးသက်သက်ရှိ၏ ၊ ချို၏ ၊ ဆီးရွှင်စေ၏ ၊ ကာမအားကို တိုးစေ၏ ။ နှစ်ရှည်စွဲသော ညောင်းကျနာ ၊ လိင်ချောင်းရောင်ခြင်း ၊ ချောင်းဆိုးရောဂါတို့ကို နိုင်၏ ။
အသုံးပြုပုံ- ပဉ္စငါးပါး ၁။ အရိုးအဆစ်နာသောနေရာ၌ ကောက်ရိုးနွယ်ပဉ္စငါးပါးကို ကြိတ်၍ ကြပ်ထုပ်စည်းပေးလျှင် ပျောက်၏ ။ ၂။ အဖု အပိမ့်များ ဖြစ်ပေါ်၍ ယားယံလျှင် ကောက်ရိုးနွယ် အရည်ကို ညှစ်၍ သုတ်လိမ်းပေးက ပျောက်၏ ။ ၃။ ပါးစပ် ခံတွင်း၌ အဖုအပိမ့် ပေါက်သော် ကောက်ရိုးနွယ် ပြုတ်ရည်ကိုငုံပေးလျှင်ပျောက်၏ ။ ယင်းပြုတ်ရည်ဖြင့် အနာဟောင်း များကို ဖန်ရေဆေး ပေးနိုင်သည်။ ၄။ အမြစ်သည် ဝမ်းသက်စေသဖြင့် ဝမ်းနုတ်ဆေးဖော်စပ်ရာတွင် ထည့်သွင်းအသုံးပြုသည်။ ၅။ အဖု ၊ အကျိတ် ၊ အနာများအတွက် အရွက်ကို ကြိတ်၍ ပတ်တီးစည်းပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်၏။