ကောက်ကြောင်းပန်းချီ

ဝီကီပီးဒီးယား မှ

ပန်းချီပညာ၏ အစသည် ကောက်ကြောင်းပန်းချီ ပင်ဖြစ်သည်။ လူသားတို့၏ ကမ္ဘာလောကကြီးအကြောင်းကို ဖော်ပြရာတွင် အနုပညာသည် ကိရိယာတခုသဖွယ်ဖြစ်သည်။ ၎င်းတို့ထဲတွင် နည်းလမ်းတမျိုးဖြစ်သော ပုံရေးဆွဲခြင်းသည် လူသားတို့၏ ယဉ်ကျေးမှုထွန်းကားခြင်း ဇစ်မြစ်တခုပင် ဖြစ်သည်။ ပတ်ဝန်းကျင်၏ ပြောင်းလဲမှု၊ လှုပ်ရှားမှုများကို မိမိ၏စိတ်ထဲတွင် မှတ်သားရာမှ ဆက်စပ်တွေးခေါ်ပြီး အရာဝတ္ထုပုံများ၊ စိတ်ကူးပုံစံများ ရေးခြစ်လာခဲ့ကြသည်။ လူသားများ မိမိတို့၏ ဘဝအစပုံများကို လေ့လာချင်ခဲ့ကြသည်။ စပိန်တိုင်းပြည်မှ ဂူနံရံ နွားရုပ်များကို သက်သေထူနိုင်သည်။ ထိုကဲ့သို့ ကောက်ကြောင်းရေးခြစ်မှုများဖြင့် ပန်းချီပညာသည် အစပျိုးလာခဲ့သည်။ ထို့ကြောင့် အဓိကအရေးအကြီးဆုံးကောက်ကြောင်း (OUT LINE) ပန်းချီကို ပထမဦးစွာ တင်ပြလိုသည်။ ကောက်ကြောင်းပန်းချီ စတင်ရေးဆွဲတော့မည့်သူများကို ပထမဦးစွာ ရင်းနှီးပွင့်လင်းစွာ ပြောချင်သည်။ “ငါတို့တော့ မျဉ်းတောင် ဖြောင့်အောင် မရေးတတ်ဘူး” စသည်ဖြင့် ပန်းချီရေးခြင်းနှင့် ပတ်သက်၍ အချို့သောသူများ ပြောတတ်ကြသည်။ ယခုအချိန်တွင် ၎င်းစကားမျိုးကို တခါတည်း စိတ်ဆုံးဖြတ်၍ မေ့ဖျောက်ပစ်ကြရမည်။


လူတိုင်းတွင် ပင်ကိုစွမ်းရည် ရှိကြသည်။ အချို့တွင် ငုပ်လျှိုးနေတတ်သည်။ အခါခွင့် သင့်လာသည့်အခါ အောင်မြင်ထွန်းပေါက်စွာ ဘွားခနဲပေါ်လာတတ်သည်။ ပန်းချီရေးဆွဲသူတယောက်သည် သူ၏ မာနကင်းမဲ့မှု၊ ကြင်နာချစ်ခင်တတ်မှု၊ လူလူချင်း လေးစားချစ်ခင်စိတ် အပြည့်ထားမှု စသောစိတ်ဓာတ်ဖြင့် သူ၏ ပင်ကိုစွမ်းရည် ဉာဏ်ရည်ဉာဏ်သွေးကို အမြဲမြှင့်တင်နေသူဖြစ်၏။ ရုပ်ပုံကားချပ်ကြီးများကို မဆိုထားနှင့်၊ မျဉ်းကြောင်းတကြောင်းကိုပင် စိတ်အာရုံမတည်ငြိမ်က ရေးဆွဲမရတတ်ပေ။ ထို့ကြောင့် ကောက်ကြောင်းပန်းချီကို စတင်ရေးဆွဲမည့်သူသည် နက်နဲသိမ်မွေ့သော စိတ်ကို ရအောင်မွေးမြူ၍ မိမိလက်တွင် အင်အားများအပြည့်ဖြင့် စတင်ရေးဆွဲရမည်။ သို့မှသာ ပန်းချီရေးခြင်းတွင် ပိုမိုစွမ်းရည်ပြည့်လာပြီး အလိုလို ဖြောင့်လာလိမ့်မည်။


ကမ္ဘာကျော် ပန်းချီဆရာကြီးများသည် ပေတံကိုသုံး၍ ကောက်ကြောင်းများ မဆွဲခဲ့ကြပေ။ ၎င်းတို့၏ ပန်းချီကောက်ကြောင်းများကို ပေတံဖြင့် တိုင်း၍ ညီမညီ စမ်းသပ်ကြည့်မည်ဆိုလျှင် တိကျသေချာစွာ ဖြောင့်တန်းနေသော မျဉ်းများမဟုတ်သည်ကို တွေ့ရှိကြရလိမ့်မည်။ ၎င်းတို့ပုံတွင် ရေပြင်ညီမျဉ်းလဲများသည် ရေပြင်ညီအတိုင်း အတိအကျ သေသေချာချာ မရှိသလို ထောင်လိုက်မျဉ်းများသည်လည်း မှန်ကန်တိကျစွာ ထောင်လိုက်မကျပေ။ အမှန်စင်စစ်အားဖြင့် ၎င်းတို့၏ Drawing များသည် လွတ်လွတ်လပ်လပ်ဖြင့် စိတ်ကို ချုပ်တီးထားခြင်းမရှိဘဲ ရေးဆွဲထားသော ကောက်ကြောင်းများပင် ဖြစ်သည်။ ရေးဆွဲထားသော အဆောက်အဦ၊ ဝတ္ထုပစ္စည်း၊ ပုံသဏ္ဌာန်များရှိ မျဉ်းလိုင်းများနှင့် ရေးဆွဲလိုက်သော မျဉ်းများသည် တိကျသေချာစွာ မတူညီသော်လည်း ၎င်းပုံသဏ္ဌာန်များ၏ ကိုယ်ပွားဖြစ်နေလိမ့်မည်။ ပန်းချီဆွဲခြင်းသည် အတိအကျ တူညီစေချင်သော Scale Drawing များ၊ သရုပ်ပြပုံများ ရေးဆွဲခြင်း မဟုတ်ပေ။ ပန်းချီသည် ပုံရိပ်တခု၏ စိတ်ကူးယဉ်အတွေးများပင် ဖြစ်သည်။

လိုအပ်သော ပစ္စည်းကိရိယာများ[ပြင်ဆင်ရန်]

ကောက်ကြောင်းပုံ ရေးဆွဲရာတွင် မိမိကြိုက်နှစ်သက်ရာ ခဲတံ၊ မီးသွေးတောင့်၊ ဖယောင်းချောင်း၊ ရေဆေးတောင့် စသည်ဖြင့် အသုံးပြုနိုင်သည်။ အများစုမှာ အသုံးတွင်ကျယ်သော ခဲတံကိုပင် အသုံးပြုကြသည်။ ခဲတံတွင် အမျိုးအစား အမျိုးမျိုး ရှိသည်။ ပုံဆွဲခဲတံများတွင် တရုတ်၊ ဂျာမဏီလုပ်နှင့် အခြားပုံဆွဲခဲတံများ ရှိသည်။ ၎င်းခဲတံများတွင် H, HB နှင့် B အမှတ်အသားများ ပါရှိသည်။ H သည် HARD ဟု ရေးထားခြင်းဖြစ်ပြီး ခဲသားမာ၍ အင်ဂျင်နီယာသုံး ခဲတံများ ဖြစ်သည်။ HB သည် ကျောင်းသုံး ရုံးသုံး ခဲတံဖြစ်၍ B အမှတ်အသားပါသော ခဲတံများမှာ ပန်းချီသုံးခဲတံများ ဖြစ်သည်။ B တွင် 2B, 3B မှ စ၍ 6B အထိ ရှိသည်။ နံပါတ်ကြီးလေ ခဲသားပွ၍ အရောင်မဲလေလေ ဖြစ်သည်။ ပန်းချီသုံး မီးသွေးတောင့် (CHARCO) ဖြင့် အလင်းအမှောင်နှင့် ကောက်ကြောင်းရေးဆွဲခြင်းများ၌ မီးသွေးသည် ပွ၍ ရေးခြစ်ရ လွယ်ခြင်းကြောင့် ပို၍ အဆင်ပြေသည်။ ကမ္ဘာကျော် ပန်းချီဆရာများသည် ကောက်ကြောင်းများရေးရာတွင် မီးသွေးကို အသုံးများသည်။ စတင်ရေးဆွဲလေ့ကျင့်သူများသည် ခဲဖျက်ကို အသုံးပြုနိုင်သည်။ သို့သော် နေရာတိုင်းတွင် ခဲဖျက်မသုံးသင့်ပေ။

ခဲတံကိုင်နည်း အမျိုးမျိုး[ပြင်ဆင်ရန်]

အဓိက ခဲတံကိုင်နည်း နှစ်မျိုးသာလျင် ရှိသည်။ အရေးခံဘုတ်ပြားသည် ရေပြင်ညီ သို့မဟုတ် အနည်းငယ်စောင်း၍ တည်ရှိပါက ခဲတံကို ဖောင်တိန်ကိုင်သကဲ့သို့ ရိုးရိုးကိုင်၍ ရေးပြီး ဘုတ်ပြားသည် ထောင်လျက် ၉၀ ဒီဂရီ တည်ရှိနေပါက ခဲတံကို ကြိမ်လုံး၊ တုတ်လုံးကိုင်သလို လက်ဖဝါးဖက်တွင်ထားလျက် ကိုင်ရမည်။ ထိုနည်းနှစ်မျိုးမှ အခြေခံ၍ မျဉ်းကြောင်းအပါး၊ အလတ်၊ အထူအလိုက် ခဲတံကိုင်နည်းများ အမျိုးမျိုး ကွဲပြားသေးသည်။ မိမိစိတ်ကြိုက် မည်သို့ ကိုင်ကိုင် ရရှိနိုင်သော်လည်း ရေးဆွဲမည့် မျဉ်းအလိုက် အနေအထားပြောင်းလျှင် စနစ်တကျရှိ၍ ပိုမိုလွယ်ကူနိုင်သည်။ ပန်းချီရေးဆွဲရာတွင် ပထမဦးစွာ လေ့ကျင့်ရန်လိုအပ်သော အချက် (၃) ချက်မှာ မျဉ်း (Line)၊ အသွေးနုရင့် Tone ၊ ဖွဲ့စည်းပုံ (Composition) တို့ ဖြစ်ကြသည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. အောင်မြတ်ဌေး - ပန်းချီရေးရာနှင့် ပုံဆွဲအခြေခံများ