ကူလီ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ကူလီ[ပြင်​ဆင်​ရန်​]

ကူလီဟူသောဝေါဟာရသည် တမီလ်ဘာသာစကားမှ ဆင်းသက်လာသည်ဟု ယူဆကြသည်။ ကူလီ၏အဓိပ္ပါယ်မှာ ဝန်ပိုးဝန်ထမ်း အလုပ်ကြမ်းသမားဖြစ်သည်။ အလုပ်ကြမ်းသမား များကို ဟိန္ဒူစတန်ဒီစကား၊ ဘင်္ဂါလီစကားများဖြင့်လည်း ကူလီ ဟုပင် ခေါ်ဆိုသည်သာမက၊ ကမ္ဘာ့အရှေ့ပိုင်းနိုင်ငံများ၌ ဤ စကားလုံးမှာ မိမိတို့ဘာသာရင်းဝေါဟာရသဖွယ် ခေါ်ဝေါ် သုံးစွဲလျက်ရှိကြသည်။ သီပေါမင်းတရားလက်ထက် ယော အတွင်းဝန် ဦးဖိုးလှိုင်ရေးသားသော မဟာသုဇာတကကျမ်းတွင် 'ဝန်ထမ်းကူလီ' ဟု သုံးနှုန်းထားသည်ကို တွေ့ရသည်။ လယ်တီဆရာတော်ကလည်း မဂ္ဂဒီပနီတွင် 'ကူလီလုပ်မှု'၊ 'ကူလီ လုပ်ရာဌာန' ဟု သုံးနှုန်းခဲ့လေသည်။

အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံများတွင် လူဦးရေ များပြား သဖြင့်လည်းကောင်း၊ မိမိတို့နိုင်ငံတွင် အလုပ်သမားများ၏ လုပ်အားကို အစွမ်းကုန် အသုံးမချနိုင်၍လည်းကောင်း၊ ၁၉ ရာစုနှစ်နောက်ပိုင်းနှင့် ၂ဝ ရာစုနှစ်အစလောက်တွင် ကူလီအလုပ်သမားများကို ဈေးပေါပေါ နှင့် နိုင်ငံခြားသို့ ပို့ပေးခဲ့သည်။ သူတို့သည် နိုင်ငံတကာသို့ လှည့်လည်သွားလာလုပ်ကိုင်လျက် ငွေကြေး ရှာဖွေလေ့ရှိကြ သည်။ အထူးသဖြင့် ကမ္ဘာ့အရှေ့ပိုင်းနိုင်ငံများရှိ ဆိပ်ကမ်းမြို့ ကြီးများတွင် အလုပ်ကြမ်းသမားများအဖြစ်ဖြင့် သက်မွေးဝမ်း ကျောင်းပြုကြသည်။

၁၈၃၃ ခုနှစ်တွင် တောင်အမေရိကတိုက်နှင့် အနောက် အိန္ဒိယကျွန်းစုများတွင် ငွေဝယ်ကျွန်စံနစ်ကိုပယ်ဖျက်လိုက်သော အခါ၊ ထိုဒေသများရှိ စိုက်ပျိုးရေးလုပ်ငန်းကြီးများမှာ တရုတ် နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ကူလီများကိုရရှိခဲ့သောကြောင့်သာ ပျက်စီးခြင်းသို့ မရောက်ခဲ့ကြချေ။

ရှေးအခါက မြန်မာနိုင်ငံတွင် လယ်ယာများ၌ အလုပ်လုပ် သော သူရင်းငှားများမှအပ အလုပ်ကြမ်းကူလီအဖြစ်ဖြင့် အသက်မွေးမြူသူများ နည်းပါးခဲ့သည်။ အထက်မြန်မာပြည်ကို ဗြိတိသျှအစိုးရက သိမ်းပိုက်ပြီးသောအချိန်၌ နိုင်ငံခြားသို့ ဆန် စပါး ရောင်းချသောလုပ်ငန်းများ ကောင်းမွန်လာခဲ့ရာ၊ အိန္ဒိယ နိုင်ငံမှ လယ်ကူလီများကိုခေါ်ယူ၍ မြစ်ဝကျွန်းပေါ် အရပ်တွင် လယ်များတီထွင် လုပ်ကိုင်ခဲ့သည်။ ၂ဝ ရာစုနှစ်အစပိုင်းတွင် မြန်မာနိုင်ငံစက်ရုံများနှင့် ဆိပ်ကမ်းများတွင် လုပ်ကိုင်ရန် အတွက် အိန္ဒိယနိုင်ငံမှ ကူလီအမြောက်အမြားကို ခေါ်ယူခဲ့ရ သည်။ ၁၉ဝ၆ ခုနှစ်မှ ၁၉၃ဝ ခုနှစ်အထိ နှစ်စဉ် ပျမ်းမျှ ၃ သိန်းခန့်ဝင် ရောက်၍ ၂ သိန်းခွဲခန့် ပြန်သွားလေ့ရှိသည်။ သို့သော် ၃၅,ဝဝဝ မျှသော အိန္ဒိယကူလီတို့မှာ မြန်မာနိုင်ငံတွင် အမြဲရှိနေလေသည်။ ထိုကူလီများကို ကုမ္ပဏီကြီးများအတွက် မေစရီခေါ် ကူလီခေါင်းကြီးများက ကန်ထရိုက်စာချုပ်ဖြင့် ခေါ် ယူခဲ့ကြသည်။ ထိုစဉ်အခါက ကူလီများ၏အခြေအနေမှာ အလွန် ဆိုးရွားလှသည်။ ကူလီများမှာ မေစရီတစ်ဆင့်မှ တစ်ဆင့်သို့ လွှဲပြောင်းခိုင်းစေခြင်းများခံရသည်။ မေစရီများကို မိမိတို့ နေ့စားရငွေများထဲမှ ကော်မရှင်များ ပေးကြရသည်။

မေစရီများ ခေါင်းပုံဖြတ်အကြောင်းကို အလုပ်သမား စုံစမ်း ရေးကော်မတီ အစီရင်ခံစာများတွင် ထင်ရှားစွာ တွေ့ရှိရသည်။ ထိုစဉ်ကတည်မြဲနေသော လက်မှုပညာသည်များ အက်ဥပဒေနှင့် အလုပ်သမား ပဋိညာဉ်ပျက်ကွက်မှု အက်ဥပဒေတို့မှာ မေစရီ များနှင့် အလုပ်ပိုင်ရှင်များကို ကာကွယ်ပေးဘိသကဲ့သို့ ရှိလေ သည်။ ထိုဥပဒေများအရ အလုပ်သမားများကို စရန်ငွေ တင်ကြို ပေးနိုင်ခြင်း၊ ထိုငွေများပြေလည်အောင် အလုပ်သမားများ၏ ရက်သတ္တပတ်ဝင်ငွေများမှ ဖြတ်တောက်ယူနိုင်ခြင်း၊ ငွေမကျေ ဘဲနှင့်ဖြစ်စေ၊ စာချုပ်ထားသည့် အချိန်ကာလမကုန်ဆုံးဘဲနှင့် ဖြစ်စေ၊ အခြားအလုပ်ဌာနတစ်ခုသို့ ပြောင်းရွှေ့ မလုပ်ကိုင် ရခြင်းများ ပါဝင်လေသည်။ အလုပ်သမားများကို ထိထိ ရောက်ရောက် ကာကွယ်ပေးနိုင်သည့် အလုပ်သမားသမဂ္ဂများ၊ အခြားစေတနာ့ဝန်ထမ်းအဖွဲ့များ မရှိခဲ့ချေ။ ၁၉၃ဝ ပြည့်နှစ်တွင် ပင်လယ်ကူးသင်္ဘောကြီးများ၌ မြန်မာကူလီနှင့် ကုလားကူလီ များ ကုန်တင်ကုန်ချလုပ်ကြရာမှစ၍ ကုလား-မြန်မာ အဓိ ကရုဏ်းကြီးဖြစ်ပွားခဲ့သည်။ ထိုအချိန်မှစ၍ မြန်မာနိုင်ငံတွင် ကုလားကူလီများ တဖြည်းဖြည်း နည်းပါးလာခဲ့သည်။ ဒုတိယ ကမ္ဘာစစ် ပြီးဆုံးပြီးနောက် မြန်မာနိုင်ငံသို့ နိုင်ငံခြားမှ ကျွမ်းကျင်သော အလုပ်သမားများကိုသာ ဝင်ရောက် ခွင့်ပြု တော့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ကူလီဆိုသော ဝေါဟာရကိုမသုံးဘဲ အလုပ်သမားဆိုသောစကားကို သုံးနှုန်း ခေါ်ဝေါ်ခဲ့သည်။ နိုင်ငံတော်အစိုးရက အလုပ်သမား အကျိုး ဖြစ်ထွန်းစေမည့် ဥပဒေများကိုလည်း တစ်ခုပြီးတစ်ခု ပြဋ္ဌာန်း ခဲ့သည်။ အလုပ်သမားများသည် တိုင်းပြည်နိုင်ငံ စည်ပင် ဖွံ့ဖြိုးရေးအတွက် မိမိတို့လုပ်အားဖြင့် ပါဝင်ထမ်းဆောင်ကြ သဖြင့် လူ့သမိုင်းပြုပုဂ္ဂိုလ်များဟု ခေါ်ဆိုထိုက်သူများ ဖြစ်ပေသည်။

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)