ကုန်စုံဆိုင်

ဝီကီပီးဒီးယား မှ
မွန်ဘိုင်းရှိ ကုန်စုံဆိုင်တစ်ဆိုင်

ကုန်စုံဆိုင်ဆိုသည်မှာ လက်လီရောင်းရသော ဆိုင်မျိုးဖြစ်သည်။ လက်လီရောင်းဆိုသည်မှာ ကုန်ပစ္စည်းများကို အနည်းငယ်စီ လီ၍ရောင်းခြင်းဖြစ်သည်။ လက်လီရောင်းသောဆိုင်သည် ကုန်ပစ္စည်း စတင်ထုင်လုပ်သည် ပင်ရင်းဌာနနှင့် အသုံးပြုသည့် ပရိသတ်အား ဆက်သွယ်ပေးရာဌာနဖြစ်သည်။ ကုန်စုံဆိုင်သည် လက်လီရောင်းဝယ်ရေးလုပ်ငန်းတွင် ကျောရိုးသဖွယ် အရေးပါအရာရောက်လေသည်။

ကုန်စုံဆိုင် သုံးမျိုး[ပြင်ဆင်ရန်]

ကုန်စုံ ဆိုင်များကို အကြမ်းအားဖြင့် -

  • စားဖွယ်သောက်ဖွယ်ရောင်းသည့်ဆိုင်
  • ဝတ်ရုံဆင်ယင်ဖွယ်ရောင်းသည့်ဆိုင်
  • အထွေထွေသုံးဆောင်ဖွယ် ရောင်းသည့်ဆိုင် ဟူ၍ သုံးမျိုးခွဲနိုင်သည်။

သို့ရာတွင် ထိုတစ်မျိုးစီမှ အမျိုးပေါင်းမြောက်များစွာ ထပ်ခွဲနိုင်သေးသည်။ စားဖွယ်သောက်ဖွယ်ရောင်းသည့်ဆိုင်မျိုးမှ မုန့်ပဲသွားရည်စာဆိုင်၊ ဟင်းသီးဟင်းရွက်ဆိုင်၊ သားဆိုင်၊ ငါးဆိုင် စသည်ဖြင့်ခွဲနိုင်သည်။ ဝတ်ရုံဆင်ယင်ဖွယ်ရာင်းသည့်ဆိုင်မျိုးထဲမှ အထည်ဆိုင်၊ ထီးဆိုင်၊ ဖိနပ်ဆိုင်၊ ရွှေထည်ဆိုင်၊ ငွေထည်ဆိုင် စသည့်ဖြင့် ခွဲနိုင်သည်။ အထွေထွေသုံးဆောင်ဖွယ် ရောင်းသည့်ဆိုင်မျိုးမှ ပန်းကန်ဆိုင်၊ မှန်ဆိုင်၊ သံဆိုင်၊ စာအုပ်ဆိုင် စသည်ဖြင့် အမျိုးအစားမြောက်များစွာ ခွဲနိုင်သည်။

ကုန်စုံဆိုင်၏ထူးခြားချက်[ပြင်ဆင်ရန်]

ကုန်စုံဆိုင်ဆိုသည်မှာ မည်မျှပင်သေးငယ်စေကာမူ အရင်းအနှီးကြီးနှင့်လုပ်ကိုင်သော ဆိုင်ကြီးများနှင့် ယှဉ်ပြိုင်ရောင်းနိုင်သော သတ္တိထူးရှိသည်။

ကုန်စုံဆိုင်ပိုင်ရှင်သည် မိမိဖောက်သည်များနှင့် ရင်းနှီးစွာ ဆက်ဆံနိုင်သော အခွင့်အလမ်းရှိသည်။ ဖောက်သည်များ၏ သဘောစရိုက်၊ လိုအင်ဆန္ဒများကို သိရှိနားလည်အောင် လေ့လာစုံစမ်းနိုင်သော အခွင့်အရေးကို ရရှိနိုင်သည်။ ထို့ကြောင့် ဖောက်သည်များအလိုရှိ၍ ကြိန်းသေပေါက်ရောင်းရမည့်ကုန်ပစ္စည်းများကိုသာ ဆိုင်တွင် တင်ရောင်းနိုင်သည်။ ဖောက်သည်များ၏ သဘောစရိုက်ကို သိရခြင်း၊ ရောင်းသူဝယ်သူ ခင်မင်ရင်းနှီးစွာ ဆက်ဆံနိုင်ခြင်းသည် ဆိုင်၏ ရေရှည်တည်မြဲရေးအတွက် ထိရောက်သော အချက်ကြီးတစ်ချက်ပင် ဖြစ်သည်။ ခင်မင်ရင်းနှီးစွာ ပြောဆို၍ ရောင်းခြင်းသည် ဝယ်သူ၏စိတ်ကျေနပ်စေနိုင်သည်။ တစ်ခါတရံခရီးကြုံ၍ ဝင်ဝယ်သူကိုပင် အမြဲဝယ်သည့်ဖောက်သည်ဖြစ် ရောက်ရှိသွားစေနိုင်သည်။

ကုန်စုံဆိုင်၏တက်လမ်း[ပြင်ဆင်ရန်]

ကုန်စုံဆိုင်ရှင်သည် မိမိရောင်းကုန်များထဲမှ အရောင်းရများသော ကုန်ပစ္စည်းမျိုးကိုသာ အမြောက်အများထား၍ ရောင်းရမည်။ ထိုမှတဆင့် ထိုကုန်ပစ္စည်းမျိုးချည်းရောင်းသည့်ဆိုင်ကြီးတစ်ဆိုင်ဖြစ်အောင် တဖြည်းဖြည်း ချဲ့ထွင်သွားနိုင်သည်။

အထည်အလိပ်၊ ထီး၊ ဖိနပ် စသည့် ဝတ်စားဆင်ယင်ဖွယ်များရောင်းသည့်ဆိုင်တွင် ဖိနပ်များကို အရောင်းရတွင်ကျယ်နေပါက အခြားပစ္စည်းများထက် ဖိနပ်များကို အများအပြားထား၍ ရောင်းသင့်သည်။ ထိုမှတဆင့် ဖိနပ်များကို ရောင်းရခြင်းဖြင့် ရေရှည်စီးပွားဖြစ်နိုင်မည့် လက္ခဏာကို တွေ့ရပါက အခြားကုန်ပစ္စည်းများကို ဖြုတ်ပစ်ပြီးနောက် ဖိနပ်များကိ အများအပြား ချုပ်လုပ်ရောင်းချသော ပင်ရင်ဆိုင်တစ်ခုအဖြစ်သို့ ကူးပြောင်းသွားနိုင်လေသည်။ ကမ္ဘာကျောင် ပင်ရင်းဌာနကြီးများကို ဦးစီးလုပ်ကိုင်နေသော သူဌေးများ၏ အတ္ထုပ္ပတ္တိကို ဖတ်ကြည့်ပါက ထိုသူတို့သည် အများသောအားဖြင့် ကုန်စုံဆိုင်ကလေးများကို အခြေခံ၍ တိုးတက်ကြီးပွားလာကြခြင်းဖြစ်ကြောင်း တွေ့နိုင်လေသည်။

ထို့ကြောင့် ဆိုင်ကြီးသည်ငယ်သည်က ပဓာနမဟုတ်ဘဲ ဆိုင်ရှင်သည် ကြံရည်ဖန်ရည်နှင့်ပြည့်စုံလျက် လာဘ်မြင်သူဖြစ်ပါက ကြီးပွားရန် မခဲယဉ်းပေ။

စတင်ဖွင့်လှစ်မည့်သူများအတွက် အကြံပြုချက်များ[ပြင်ဆင်ရန်]

"အစကောင်းမှ အနှောင်းသေချာ" ဆိုသည့်စကားအတိုင်း ကုန်စုံဆိုင်ဖွင့်ရန် ကြံရွယ်သူများအနေဖြင့် အစကောင်းစေရန် အထူးဂရုပြုသင့်သည်။ အောက်ဖော်ပြပါ အချက်များသည် ကုန်စုံဆိုင် စတင်ဖွင့်လှစ်မည့်သူမျာအတွက် အရေးပါသည်အချက်များ ဖြစ်နိုင်ပါသည်။

အရောင်းအဝယ်ပညာသင်ယူခြင်း[ပြင်ဆင်ရန်]

အရောင်းအဝယ်တတ်မြောက်နိုင် အကောင်းဆုံးနည်းလမ်းမှာ မိမိကိုယ်ပိုင်ဆိုင်မဖွင့်မီ ဆိုင်ကြီးတစ်ဆိုင်ဆိုင်တွင် အရောင်းသင်တစ်ဦးအဖြစ် ဝင်ရောက်အလုပ်လုပ်ကိုင်ခြင်းပင် ဖြစ်သည်။ ထိုသို့ လက်တွေ့ လုပ်ကိုင်ထားသူများအနေနှင့် မိမိကိုယ်မိမိ ယုံကြည်စိတ်ချစွာ အလုပ်လုပ်သွားနိုင်သည်။ လက်တွေ့တက်မြောင်ထားသူအဖို့ အလုပ်လုပ်ရာတွင်လည်း လျင်မြန်ဖျတ်လတ်သည်။ ဆက်သွယ်ရမည့် ပင်ရင်းဆိုင်၊ ဖြန့်ချိရေးအသီးသီးနှင့်လည်း မိတ်ဖြစ်ပြီးသား ဖြစ်နေနိုင်သည်။ ကုန်ပစ္စည်း အထားအသို အခင်းအကျင်းကိုလည်း လျင်မြန်စွာ လုပ်ကိုင်သွားနိုင်သည်။ အလုပ်သင်ဘဝတွင် ဝယ်သူအမျိုးမျိုးနှင့် ဆက်ဆံဖူးသဖြင့် ထို့သူတို့၏ သဘောစရိုက်အသီးသီးကို အလိုက်အထိုက် တီးခေါက်မိပြီးဖြစ်နေနိုင်သည်။ ထို့ကြောင့် ကုန်စုံဆိုင်ဖွင့်ရန် ကြံရွယ်နေသူများအနေဖြင့် ဆိုင်ကြီးတစ်ဆိုင်တွင် အရောင်းသင်အဖြစ် ဝင်ရောက်လုပ်ကိုင်ရန်အခွင့်ရလျင် လက်မလွတ်သင့်ပေ။

ရောင်းဝယ်ရေး၏ တက်လမ်းဟူသော လှေကားကို အောက်ဆုံးအထစ်မှစ၍ တက်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ ဆိုလိုရင်းမှာ အရောင်းအဝယ်ဖြင့် ကြီးပွားတိုးတက်လိုသူသည် အောက်သက်ကျေရမည်ဖြစ်သည်။ မိမိလုပ်ငန်းနှင့် ပတ်သက်အရာဟူသမျှကို အသေးအဖွဲကမကျန် အားလုံးသိရှိနားလည်ပြီး ဖြစ်နေစေရမည်။ အိန္ဒိယရှိ ကုန်သည်များသည် ဤစနစ်ကို တသဝေမတိမ်း လိုက်နာလေ့ရှိကြသည်။ အဆိုပါကုန်သည်ကြီးများသည် မိမိတို့၏ သားသမီးများကို ကိုယ့်ဆိုင်အသီးသီးတွင် အလုပ်သင်အဖြစ် အလုပ်ဝင်စေသည်။ လုပ်ရည်ကိုင်ရည် အတော်အသင့်ပြည့်ဝမှ ဦးစီးဦးဆောင်အလုပ်ကို လုပ်ကိုစေသည်။ ထိုသူမျိုးအနေဖြင့် အလုပ်လုပ်ရာတွင် ခြေချော်လက်ချော် ဖြစ်ခဲလှသည်။

ထိုသို့ အခွင့်အရေးမရသော ဆိုင်ရှင်လောင်းများအနေနှင့်လည်း အခြားသော ကုန်စုံဆိုင်များတွင် လုပ်ကိုင်ရောင်းချပုံကို စိတ်ရှည်စွာ လေ့လာမှတ်သားထားရပေမည်။ မိမိရောင်းမည့်ပစ္စည်းများ ဝယ်ယူရန်ဌာနနှင့် ရောင်းချရမည့်ဖောက်သည်များအကြောင်း စုံစမ်းလေ့လာထားသင့်သည်။

အချုပ်ဆိုရသော် ဆိုင်ရှင်လောင်းသည် မိမိရောင်းချရန် ကြံရွယ်ထားသည့် ကုန်ပစ္စည်းအသီးသီးနှင့် ပတ်သက်သည့်အကြောင်းအရာများဟူသမျှကို တစ်စမကျန် သိထားရန်လိုအပ်သည်။ မိမိဘာသာ မရနိုင်သည့် ဗဟုသုတများကိုလည်း တတ်ကျွမ်းနားလည်သော ဆိုင်ရှင်များထံ သွားရောက် မေးမြန်းဆည်းပူရန် နှောင့်နှေးမနေသင့်ပေ။

ရောင်းကုန်ရွေးနည်း[ပြင်ဆင်ရန်]

ဆိုင်ရှင်သည် မိမိဆိုင်ဖွင့်ရာရပ်ကွက်တွင် နေထိုင်သူများ၏ အခြေအနေနင့် လိုအင်ဆန္ဒကို လေ့လာစုံစမ်းပြီး သူတို့ဝယ်လိုသည့်၊ ဝယ်နိုင်မည့် ကုန်ပစ္စည်းများကိုသာ ရောင်းသင့်သည်။ အစတွင် ကုန်ပစ္စည်းအမယ်များများမထားသေးဘဲ ဈေးဝယ်လာသူတို့ အမေးများသည့် ကုန်ပစ္စည်းများကို တဖြည်းဖြည်း ဖြည့်စွက်သွားသင့်သည်။ မိမိရောင်းကုန်သည် အရောင်းရသွက်သည့် ကုန်ပစ္စည်းဟုတ်မဟုတ်ကိုလဲ သတိပြုနေရမည်။ အရောင်းရသွက်သည့် ကုန်ပစ္စည်းမျိုးကို ရောင်းရမှသာ အကျိုးအမြတ်ရနိုင်မည်ဖြစ်သည်။ ထို့ပြင် အရောင်းရတွင်ကျယ်သော ဈေးပေါပေါပစ္စည်းသည် အရောင်းထိုင်းသော ဈေးကြီးကြီးပစ္စည်းထက် တွက်ခြေကိုက်သည်ကို သတိပြုသင့်သည်။

အရင်းတည်နည်း[ပြင်ဆင်ရန်]

ကုန်စုံဆိုင်ဖွင့်ရာတွင် ရင်းနှီးငွေသည် ပြဿနာတစ်ရပ်ဖြစ်သည်။ ဆိုင်ရှင်သစ်များသည် မိမိတို့ဆိုင်မှ ဝင်ငွေကောင်းစွာမရသေးမီ ငွေရေးကြေးရေးနှင့် ပတ်သက်၍ အကြပ်အတည်းတွေ့ကာပျက်စီးတတ်သည်။ အရှိန်ရပြီး ဆိုင်များတွင်လည်း တိုင်းပြည်အခြေအနေအပြောင်းအလဲတွင် ကုန်ဈေးနှုန်းမတည်ငြိမ်ခြင်းတို့ကြောင့်ဖြစ်စေ၊ အရောင်းအဝယ် ရုတ်တရက် ကျသွားသည့်အခါမျိုးတွင်ဖြစ်စေ အလားတူဒုက္ခမျိုးကြုံရတတ်သည်။

ကုန်စုံဆိုင်ဖွင့်ရန် ကြံရွယ်သူတိုင်းပင် အရင်းအနှီးမည်မျှနှင့် စတင်မည်နည်းဟူသော ပြဿနာကို ကြုံရတတ်သည်။ ကုန်စုံဆိုင်တစ်ခုဖွင့်ရန် အရင်းအနှီးမည်းမျှလိုသည်ကို အတိအကျပြောရန် ခက်သည်။ ကုန်စုံဆိုင်ဖွင့်လိုသူသည် မိမိစိုက်ထုတ်နိုင်သည့် အရင်းအနှီးအင်းအားကိုလိုက်၍ မိမိဆိုင်အရွယ်အစားကို ခန့်မှန်းကာ ဖွင့်ရမည်။ ထိုသို့ ဆိုင်ဖွင့်ရာတွင်လည်း မိမိရှိသမျှငွေအားလုံးကို ရင်းနှီးမပစ်သင့်ပေ။ ထိုငွေ၏ တချို့တစ်ဝက်ကို အရေးကြုံလျှင် အလွယ်တကူယူသုံးနိုင်ရန် သီးသန့်ထားသင့်သည်။

အရင်းအနှီးနည်းပါကလည်း ကုန်ပစ္စည်းဖြန့်သည့်ဆိုင်များ၏ ယုံကြည်မှုကို ရယူနိုင်ရန် ကြိုးစားကာ ကုန်ပစ္စည်းများကို အကြွေးဝယ်ယူနိုင်ရန် ကြိုးစားသင့်သည်။ ထိုသို့ ပြုလုပ်ရတွင် အယုံအကြည် မပျက်စေရန် အထူးသတိထားရသည်။ အကြွေးများကို အချိန်မှန်မှန်ဆပ်ရမည်။ သတ်မှတ်ချိန်အတွင် အကြွေးမဆပ်နိုင်သေးပါကလည်း ကြိုတင်၍ အကြွေးရှင်ကို အကြောင်းကြားရမည်။ အကြွေးပေးသူက အယုံအကြည်ရှိစေရန်လည်း ကြိုးစားရမည်။ အကြွေးရှင်များနှင့် စကားစပ်မိပါကလည်း မိမိလုပ်ငန်းအစီအစဉ်များ ကြီးပွားရာကြီးပွားကြောင်းများကို ပြောပြခြင်းအားဖြင့် လုပ်ရည်ကိုင်ရည်ကို အထင်ကြီးစေရမည်။ သို့မှသာ မိမိကို အကြွေးရောင်းခြင်းဖြင့် သူတို့တွင် ထိခိုက်နစ်နာဖွယ်မရှိဟု ယုံကြည်စိတ်ချလျှက် မိမိနှင့် ဆက်သွယ်လုပ်ကိုင်လိုပေမည်။

ဆိုင်နေရာရွေးနည်း[ပြင်ဆင်ရန်]

လုပ်ငန်းချဲ့ထွင်နည်း[ပြင်ဆင်ရန်]

ဆိုင်စ၍ဖွင့်နည်း[ပြင်ဆင်ရန်]

စ၍ရောင်းနည်း[ပြင်ဆင်ရန်]

အကိုးအကား[ပြင်ဆင်ရန်]

ကုန်စုံဆိုင်လုပ်ငန်း။ ဦးအောင်မင်း(ဘီအေ)။ စာပေဗိမာန်၊ ရန်ကုန်။ ?၁၉၆၃၊ ဒုကြိမ်။