ကုဏ္ဍဓာန
အရှင်ကုဏ္ဍဓာနထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်၏။[၁] ဤမထေရ်သည် အသိတိမဟာသာဝက (= ၈၀-သော တပည့်ကြီး)များတွင် တစ်ပါးအပါအဝင် ဖြစ်သည်။ [၂] ပဌမသလာကဂ္ဂါဟဧတဒဂ်ရ = ရှေးဦးစွာ စာရေးတံခဲကို ယူသူများတွင် အမြတ်ဆုံးဟု ချီးကျူးခံရသော မထေရ်ဖြစ်သည်။ [၃]
ရှေးဘဝက ဆုတောင်း
[ပြင်ဆင်ရန်]လွန်ခဲ့သော ဘဝတစ်ခု၌ အရှင်ကုဏ္ဍဓာနမထေရ်သည် ပဒုမုတ္တရမြတ်စွာဘုရားလက်ထက်တွင် အမျိုးကောင်းသား ဖြစ်ခဲ့ပါသည်။ ဘုရားရှင်၏ တရားတော်ကို နာကြားရင်း မြတ်စွာဘုရားက ရဟန်းတစ်ပါးကို စာရေးတံမဲကို ရှေးဦးစွာ ရယူသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ်ဘွဲ့ ချီးမြှောက်သည်ကို တွေ့မြင်ခဲ့ရသည်။ ထို့ကြောင့် ထိုရာထူးကို ရရှိရန် ဆုတောင်းခဲ့ပါသည်။ ပဒုမုတ္တရမြတ်စွာဘုရားလည်း ဤအမျိုးကောင်းသား၏ ဆုတောင်း ပြည့်မည်ဟု ဗျာဒိတ်ပေးခဲ့ပါသည်။
မကောင်းမှု အကုသိုလ်ကံ
[ပြင်ဆင်ရန်]ဘုမ္မစိုးနတ်ဘဝတွင် ကဿပမြတ်စွာဘုရားလက်ထက်၌ သူငယ်ချင်း ရဟန်းနှစ်ပါး၏ ချစ်ကြည်မှုကို စုံစမ်းလိုစိတ်ဖြင့် မာယာ သုံးကာ စိတ်ဝမ်းကွဲအောင် ပြုလုပ်ခဲ့ပါသည်။
ဝဋ်လည်ခြင်း
[ပြင်ဆင်ရန်]သာဝတ္ထိပြည် ပုဏ္ဏားမျိုး၌ ဖွားမြင်ခဲ့သည်၊ ငယ်မည်မှာ “ဓာန”ဖြစ်သည်၊ အရွယ်ရောက်၍ လူလားမြောက်သောအခါ ဘုရားသခင်၏တရားတော်ကို နာကြားရ၍ “သဒ္ဓါပဗ္ဗဇ္ဇိတ” ရဟန်းအဖြစ်ကို ခံယူခဲ့သည်။ ရဟန်းပြုပြီးနောက် မထေရ်သည် ရွာသို့ ဆွမ်းခံဝင်သည်ဖြစ်စေ၊ ကျောင်းသို့ ပြန်ကြွသည်ဖြစ်စေ တန်ဆာဆင်ထားသော မိန်းမရုပ်တစ်ရုပ်က အမြဲ နောက်က လိုက်နေခဲ့သည်။ မထေရ်ကိုယ်တိုင် မမြင်ရသော်လည်း သူတစ်ပါးက မြင်ကြသောကြောင့် ကဲ့ရဲ့ ပြောင်လှောင်ခြင်းကို ခံရပါသည်။ ထိုအကြောင်းကြောင့်ပင် ကုဏ္ဍဓာန ဟုတွင်တွင် ကျော်ကြားခဲ့ပါသည်။ [၄]
ကောသလမင်းကြီး၏ စုံစမ်းခြင်း
[ပြင်ဆင်ရန်]ကောသလမင်းကြီးသည် မထေရ်အကြောင်းကို ကြားသိတော်မူ၍ စုံစမ်း စစ်ဆေးစေခဲ့ပါသည်။ ကိုယ်တော်တိုင်လည်း မထေရ်ထံ သွားရောက် စုံစမ်းတော်မူသောအခါ ထိုမိန်းမရုပ်သည် မထေရ်၏ ကံကြောင့် ဖြစ်ပေါ်လာသော ဝိပါက်ရုပ်သာဖြစ်ကြောင်း သိတော်မူပါသည်။ ထို့နောက် မင်းကြီးသည် မထေရ်အား ပစ္စည်းလေးပါးတို့ဖြင့် ထောက်ပံ့ခဲ့ပြီး မထေရ်သည် တရားအားထုတ်၍ အရဟတ္တဖိုလ်သို့ ရောက်ရှိတော်မူကာ ဝဋ်ကြွေးမှ လွတ်မြောက်ခဲ့လေသည်။
ဆက်စပ်ဖတ်ရှုရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ ထေရာပဒါန်ပါဠိတော်၊ ကုဏ္ဍဓာနဝဂ်။
- ↑ အံ၊ဋီ၊၂၊၁၃၂။
- ↑ အံ၊၁၊၂၅။ အံ၊ဋ္ဌ၊၁၊၂၀၃။
- ↑ သာမဏေနှင့် ရဟန်းငယ်များက “ဓနော ကောဏ္ဍော(ကုဏ္ဍော?) ဇာတော (အံ၊ဋ္ဌ၊၁၊၂၀၆။ ထေရ၊ဋ္ဌ၊၁၊၇၆။ အပ၊ဋ္ဌ၊၂၊၅၁။ ကေဏ္ဍော (ကုဏ္ဍော?) ဇာတောတိ ဓုတ္တော ဇာတော။ အံ၊ဋီ၊၁၊၁၇၆။) ရှင်ဓာန-ဟာမိန်းမကြူးသည်၊ မိန်းမလိုက်စားသည်ဟု ဝိုင်းဝန်း၍ ပျက်ရယ်ပြောင်လှောင်မှု ပြုကြသည်။ ထိုပျက်ရယ် ပြောင်လှောင်မှုကို စွဲ၍ ဖြစ်သော ကောဏ္ဍ = (ကုဏ္ဍ?) ဟူသော အမည်နှင့် ငယ်မည် “ဓာန”ကို ပေါင်း၍ ကောဏ္ဍဓာန = ကုဏ္ဍဓာန-ဟု အမည်တွင်သည်။ အံ၊ဋ္ဌ၊၁၊၂၀၃-၂၀၈။ ထေရ၊ဋ္ဌ၊၁၊၇၆-၈၃။ အပ၊ဋ္ဌ၊၂၊၄၇၊ ၅၂။)