ကီယာတန်ညီနောင်

ဝီကီပီးဒီးယား မှ

ကီယာတန်ညီနောင် (Richard and Cherry Kearton)[ပြင်ဆင်ရန်]

တိရစ္ဆာန်နှင့်ငှက်များအကြောင်းကို ဝါသနာကြီးစွာနှင့်ဦးဦးဖျားဖျား လေ့လာလိုက်စား သူများတွင် ကီယာတန် အမည်ရှိသော ညီအစ်ကိုနှစ်ယောက်မှာ အထူးခြား ဆုံးဖြစ်သည်ဟု ဆိုရပေမည်။

အစ်ကိုဖြစ်သူ၏ အမည်မှာ ရစ်ချတ်ကီယာတန် ဖြစ်၏။ ၁၈၆၂ ခုနှစ်တွင် အင်္ဂလန်ပြည် ယော့ရှိုင်ယာ နယ်၌ ဖွားမြင်၍၊ ဖခင်မှာ မြေပိုင်ရှင် လယ်သမားတစ်ဦး ဖြစ်သည်။ အရွယ် ရောက်သောအခါ ငှက်များကို ဓာတ်ပုံရိုက်ယူ စုဆောင်းရုံမက ငှက်များအကြောင်းကိုလည်း စာအုပ်များ ရေးသားထုတ်ဝေခဲ့ ရာမှ ထင်ရှား လာခဲ့သည်။ ကျောင်းများသို့ လှည့်လည် သွား ရောက်ကာ ငှက်များအကြောင်း မကြာခဏ ဟောပြောလေ့ရှိ၍၊ သူ၏စာအုပ်များမှာ ယခုတိုင် ထင်ရှားလျက် ရှိပေသည်။ တိရစ္ဆာန်တို့အနက် ငှက်များတွင် ပို၍ စိတ်ဝင်စားသည်။ ငှက် များအကြောင်းကိုသာ အသက်ထက်ဆုံး အာရုံစူးစိုက်၍ လေ့လာခဲ့ပြီးနောက် ၁၉၂၈ ခုနှစ်တွင် ကွယ်လွန်လေသည်။ ညီဖြစ်သူ ချယ်ရီကီယာတန်သည် ၁၈၇၁ ခုနှစ်တွင် ဖွားမြင် သည်။ အစ်ကိုဖြစ်သူနှင့် ဝါသနာအထုံချင်း တူညီသည့် အလျောက် ညီအစ်ကိုနှစ်ဦးသည် အမြဲတစေ တွဲဖက်၍ တိရစ္ဆာန်နှင့် ငှက်များအကြောင်းကို ရှာဖွေ လေ့လာခဲ့ကြသည်။ ထူးခြားချက်တစ်ခုမှာ အစ်ကိုကဲ့သို့ ဗြိတိန်နိုင်ငံရှိ တိရစ္ဆာန်များ ဖြင့်သာ ရောင့်ရဲ တင်းတိမ်၍ မနေဘဲ၊ သားရိုင်းတိရစ္ဆာန်များ ပေါများသည့် အာဖရိကတိုက်သို့ပင် သွားရောက်ပြီးလျှင် တော တိရစ္ဆာန်အသီးသီး၏ သဘာဝများကို ရုပ်ရှင်ရိုက်ကူးခဲ့သည်။ ထိုကြောင့် အစ်ကိုထက်ပင် ထင်ရှားကျော် ကြားခဲ့ပေသည်။ လူအပေါင်းအား သဘာဝကို နှစ်သက်ခင်တွယ်၍ စိတ်ဝင် စားလာအောင် ပြောနိုင်၊ ပြုနိုင်သူများတွင် ထိုညီအစ်ကို နှစ် ယောက်ကို မှီသူရှားပေသည်။ တိရစ္ဆာန်များ ငှက်များအကြောင်း နှင့်စပ်လျဉ်း၍ အဆိုပါ ညီအစ်ကိုနှစ်ယောက် ရေးသားခဲ့သော စာအုပ်စာတမ်းများနှင့် ရိုက်ကူးခဲ့သော ဓာတ်ပုံများမှာ အများ ပင်ရှိရာ၊ ယင်းတု့ိတွင် မှတ်သားဖွယ် ကိုယ်တွေ့ ဗဟုသုတနှင့် အသည်းထိတ်စရာ စွန့်စားခန်းများဖြင့် ပြည့်နှက် နေလေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)