ကိုးမြို့ရှင်နှင့် ပုလဲယဉ်
ကိုးမြို့ရှင်နှင့် ပုလဲယဉ် သည် မြန်မာ့မိရိုးဖလာကိုးကွယ်ယုံကြည်ကြသည့် နတ်များ ဖြစ်ကြသည်။[၁]
သမိုင်း
[ပြင်ဆင်ရန်]ပန်းတောင်းပြည် မင်းလှစည်သူနှင့် မိဖုရားကြီး ကူနီဒေဝီတို့တွင် သားတော်အိမ်ရှေ့မင်း ကိုးမြို့ရှင်နှင့် သမီးတော် ပုလဲယဉ်ဟူ၍ သားသမီး နှစ်ယောက်ရှိသည်။ ဘုရင်ကြီး၏ ချစ်ခင်ယုံကြည်ခြင်းခံရသည့် အထိန်းတော် ဗလကျော်ထင်ကွယ်လွန်ပြီးနောက် မင်းကြီးသည် မြင်းစီးကောင်း ဗိုလ်မှူးကျော်စွာကို သားတော်ကြီးလေးပါးတစ်ပါးအပါအဝင်နှင့်အတူ သူကောင်းပြုခံခဲ့ရသည်။
ထိုကဲ့သို့ ဗိုလ်မှူးမင်းကျော်စွာသည် ဘုရင့်သားတော်အဖြစ်သို့ ရောက်ရှိသည့်နေ့မှ စတင်ကာ ဦးညိုဆိုသူကို အိမ်တော်ဝန် ခန့်အပ်၏။ မိမိမှာမူ အသောက်အစား၊ လောင်းကစား၊ မိန်းမများနှင့် ပျော်ပါးလျက် ရှိ၏။[၁]
စောသီဟ၏ ပုန်ကန်ခြင်း
[ပြင်ဆင်ရန်]မိုင်းပြင်စော်ဘွား စောခွန်ကြည်သည် မင်းစည်သူနှင့် ရာဇမဟမိတ်ဖြစ်သည့် သစ္စာတော်ခံတစ်ဦး ဖြစ်သည်။ တစ်ခုသော အချိန်တွင် ကျိုင်းတောင်းစော်ဘွား စောသီဟသည် စောခွန်ကြည်ကို တိုက်ခိုက်လေသည်။ ထိုအခါ မင်းစည်သူသည် ကိုးမြို့ရှင်နှင့် မင်းကျော်စွာကို သွားရောက်ကူညီရန် ရှမ်းပြည်သို့ စေလွှတ်ခဲ့သည်။ သို့သော် ၎င်းတို့ မရောက်ခင်ကပင် စောသီဟ၏ လက်ချက်ဖြင့် စောခွန်ကြည် သေဆုံးခဲ့သည်။ ထို့ကြောင့် မိုင်းပြင်နယ်ကို သက်ဆိုင်ရာမှူးမတ်များထံ အုပ်ချုပ်ရန် အပ်နှံခဲ့သည်။ စောခွန်ကြည်၏ လူမမယ်အရွယ် သားနှစ်ယောက်ဖြစ်သည့် ခွန်ချိုနှင့် ခွန်သာကို နေပြည်တော်သို့ ခေါ်ဆောင်လာခဲ့သည်။
နေပြည်တော်သို့ ရောက်သည့်အခါတွင် စောခွန်ကြည်၏ သားနှစ်ယောက်အား မင်းကျော်စွာနှင့် ကိုးမြို့ရှင်တို့အား တစ်ယောက်လျှင် တစ်ဦးစီ မွေးစားရန် ပေးသင့်သော်လည်း မင်းကြီးသည် မင်းကျော်စွာအား ကလေးငယ်အား ပေး၍ မွေးစားစေပါက ပျက်စီးမည်စိုးသဖြင့် ထိုကလေးငယ်နှစ်ဦးအား ကိုးမြို့ရှင်နှင့် နှမတော်ပုလဲယဉ်တို့ကို မွေးစားစေခဲ့သည်။ မင်းကျော်စွာကိုမူ ဆုလာဘ်တော်အဖြစ် ပုခန်းမြို့ကို အပိုင်စား ပေးခဲ့သည်။ ထိုအချိန်မှစကာ မင်းကျော်စွာသည် ပုခန်းမင်းကျော်စွာဟု တွင်ခဲ့သည်။[၁]
ပုခန်းမင်းကျော်စွာ၏ ကြံစည်မှု
[ပြင်ဆင်ရန်]ခွန်ချို၊ ခွန်သာအတွက် ပုခန်းမင်းကျော်စွာသည် ရှက်နာစိတ်ဖြစ်ကာ မင်းကြီးအား လုပ်ကြံ၍ ထီးနန်းရယူပြီး ပုလဲယဉ်ကို မိဖုရားမြှောက်ရန် ကြံစည်လေတော့သည်။ ဤသို့ဖြင့် ခွန်ချို၊ ခွန်သာတို့သည် အရွယ်ရောက်လာ၏။ ထိုအခါ ပုခန်းမင်းကျော်စွာသည် မိမိ၏ အကြံအစည်ကို အနှောက်အယှက်ဖြစ်မည်ကို စိုးရိမ်သဖြင့် မင်းကြီးအား ရှမ်းပြည်တွင် သူပုန်ထနေကြောင်းကို မင်းကြီးအား ယုံလောက်အောင် လျှောက်ထားခဲ့သည်။ မင်းကြီးသည် ယုံကြည်တော်မူပြီး ခွန်ချို၊ ခွန်သာတို့ကို ရှမ်းပြည်သို့ စေလွှတ်ခဲ့သည်။ ခွန်ချိုခွန်သာတို့သည် ရှမ်းပြည်သို့ ရောက်သွားရာတွင် မည်သည့် ဆူပူမှုမျှ မတွေ့ရပေ။ သို့သော်လည်း မင်းကြီး၏ အမိန့်အတိုင်း သုံးနှစ်အုပ်ချုပ်ကြလေသည်။
ခွန်ချို၊ ခွန်သာတို့မရှိသည့် ညဉ့်အချိန်တွင် ပုခန်းဦးမင်းကျော်သည် ဘက်တော်သားများနှင့် နန်းတော်အတွင်းသို့ဝင်ရောက်ကာ မင်းကြီးနှင့် မိဖုရားကို လုပ်ကြံကာ ထီးနန်းကို ရယူးခဲ့သည်။
ထိုအချိန်တွင် ကိုးမြို့ရှင်သည် နှမဖြစ်သူကို ထမ်း၍ ခမည်းတော်၏ အသိဟောင်းဖြစ်သူ ကျောက်ထပ်ရွာသူဌေးကြီး ဦးသာမြတ်အိမ်သို့ ထွက်ပြေးခဲ့သည်။ ထိုအိမ်တွင်ပင် မထင်မရှားဆင်းရဲသားအဖြစ်နှင့် နေထိုင်ခဲ့သည်။
ဤသို့ဖြင့် ကိုးမြို့ရှင်သည် နှမဖြစ်သူကို သူဌေးကြီး၏ အိမ်တွင် ထားရှိခဲ့ပြီး မိမိမှာမူ ခွန်ချိုခွန်သာတို့ကို ရှာရင်း တိုင်းပြည်အရေးကို စနည်းနာရန် ထွက်ခဲ့သည်။ ထိုအချိန်တွင် နှမဖြစ်သူ ပုလဲယဉ်သည် သူဌေးကြီး၏ သားဖြစ်သူ မောင်လတ်နှင့် သင့်မြတ်လေသည်။ ထို့နောက်တွင် သမီးကလေးတစ်ဦး ဖွားမြင်ပြီး အဘိုးဖြစ်သူကပါ အသည်းစွဲချစ်ခင်ကြ၍ “သဲသဲကလေး” ဟု အမည်ပေးခဲ့သည်။
ဤသို့ဖြင့် ခွန်ချိုနှင့် ခွန်သာတို့သည် တိုင်းပြည်သို့ ပြန်လည်ကာ ရောက်ရှိလာ၏။ ထိုအခါ ဦးမင်းကျော်သည် ထီးနန်းကို လုယူရသည်မှာ ခွန်ချိုနှင့်ခွန်သာတို့အတွက် ဖြစ်ကြောင်း၊ မိမိမှာ အသက်အရွယ်ကြီးရင့်ပြီဖြစ်၍ ဥပုသ်ဆောင်ဝင်ကာ တရားအားထုတ်မည်ဖြစ်ကြောင်း ပြောလေ၏။ ထိုသို့ ယုံအောင်ပြောကြားပြီးသည့်နောက်တွင် ထီးနန်းတင်ပေးကာ ဦးမင်းကျော်ခိုင်းတာကို လုပ်ပါမည်ဟု သစ္စာဆိုခိုင်းခဲ့သည်။
ခွန်ချိုခွန်သာတို့ကို ထီးနန်းတင်ပေးပြီးနောက်တွင် ကိုးမြို့ရှင်ကို ရှာဖွေကာ ခေါင်းဖြတ်ဆက်သရန် ခိုင်းလေ၏။ ခွန်ချိုခွန်သာတို့လည်း သစ္စာရည်သောက်ကာ ကတိပြုထားသည့်အတွက် ကိုးမြို့ရှင်ကို ရှာဖွေကြလေသည်။ ထို့နောက်တွင် တောတစ်ခု၌ ကိုးမြို့ရှင်ကို တွေ့ကြလေသည်။ ခွန်ချိုခွန်သာတို့လည်း မိမိအား မွေးစားသည့် ဖခင်ဖြစ်သူကို မသတ်ဖြတ်လိုသည့်အတွက် ကိုးမြို့ရှင်သည် သစ္စာအဓိဋ္ဌာန်ပြုကာ သူ၏ ဦးခေါင်းကို ကိုယ်တိုင်ဖြတ်ပေးခဲ့လေသည်။
ဤသို့ဖြင့် ခွန်ချိုခွန်သာတို့သည် ကိုးမြို့ရှင်၏ ဦးခေါင်းကို ဂွေးချိုတောင်စကားဝါပင်ရိပ်သာစခန်းတွင် စံတဲနန်း၌ စောင့်နေသော ဦးမင်းကျော်အား သွားရောက်ဆက်သခဲ့လေသည်။ ဦးမင်းကျော်သည် စီမံထားသည့်အတိုင်း ခွန်ချိုခွန်သာတို့ကို ဖမ်းဆီးကာ သတ်ဖြတ်လေ၏။ ထိုအခါ ခွန်ချို၊ ခွန်သာတို့လည်း နတ်စိမ်းဖြစ်သွားကြပြီး စကားဝါပင်ကို လှဲချလိုက်ရာ ဦ:မင်းကျော်နှင့် အိမ်တော်ဝန်တို့ စကားဝါပင်ပိကာ သေဆုံး၍ နတ်ဖြစ်ခဲ့ကြသည်။
ကိုးမြို့ရှင်သည်လည်း နတ်ဘဝဖြင့် ညီမပုလဲယဉ်ထံသို့ သွားရောက်ကြည့်ရှုလေ၏။ မောင်နှမနှစ်ဦးသည် အစ်ကိုတစ်သက်နှမတစ်သက် အိမ်ထောင်ဘက်မရှာဘဲ လူပျိုအပျိုဘဝနှင့် နေကြမည်ဟု သစ္စာပြုထားကြသူများဖြစ်၏။ ညီမဖြစ်သူ အိမ်ထောင်ရှင်ဘဝဖြင့် ကလေးတစ်ယောက်ရနေသည်ကို သိရသောအခါ လူ့ဘဝတွင်မထားဘဲ နတ်ဘဝသို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုအခါ ပုလဲယဉ်သည် သမီးဖြစ်သူ သဲသဲကလေးကို မခွဲနိုင်သဖြင့် ကြောင်ယောင်ဆောင်ကာ ပုခက်အတွင်းသို့ ခုန်ချရာ သဲသဲကလေးလည်း လန့်ကာ သေဆုံး၍ နတ်ဖြစ်ခဲ့သည်။ မောင်လတ်မှာလည်း ဇနီးနှင့် သမီးဖြစ်သူ သေဆုံးသဖြင့် ရင်ကွဲနာကျကာ သေဆုံးခဲ့ပြီး နတ်ဖြစ်ခဲ့သည်။[၁]
သမိုင်း(မူကွဲ)
[ပြင်ဆင်ရန်]ရှမ်းစော်ဘွားတစ်ဦး၏ သားနှစ်ယောက်ဖြစ်သော ခွန်ချို၊ ခွန်သာတို့သည် ရှမ်းဘုန်းတော်ကြီးတစ်ပါး၏ ကာယသိဒ္ဓိပြီးမြောက်သည့် ဆေးကိုထိုးပြီးနောက် ဆိုးသွမ်းကြသည်။ ထိုအခါ ဦးမင်းကျော်နှင့် အမတ်ကြီး ဗညားဒလတို့က သွားရောက်ကာ ဖမ်းဆီးခဲ့သည်။
လမ်းခုလတ်တွင် ဗညားဒလက သတ်မည်ပြုရာ ဦးမင်းကျော်က တားမြတ်ခဲ့၏။ တိုင်းပြည်သို့ ရောက်သည့်အခါ မင်းကြီးက ကိုးမြို့ရှင်နှင့် ပုလဲယဉ်ကို မွေးစားရန် ပေးခဲ့သဖြင့် ရှက်နာစိတ်ဖြစ်ကာ ထီးနန်းကို လုပ်ကြံခဲ့သည်။[၁]
ကိုးကွယ်ခြင်း
[ပြင်ဆင်ရန်]ကိုးမြို့ရှင်သမိုင်းဝင်နတ်များသည် ၃၇ မင်းနတ်စာရင်းတွင် ပါဝင်မှုမရှိပေ။ သို့သော်လည်း နတ်ကန္နားပွဲများတွင် ပွဲပေးသောအခါ ၎င်းတို့အတွက် ဆက်သကြရသည်။
ကိုးမြို့ရှင်ကို ကိုးကွယ်ကြသူများသည် ကိုးမြို့ရှင်ကို ရည်စူးကာ ရှမ်းဘောင်းဘီနက်၊ ပျော့ခမောက်၊ ဓားလွယ်များကို ဆက်သထားကြသည်။[၁]