ကိုယ်ဝန်ဆောင်သွေးဆိပ်တက်ခြင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ကိုယ်ဝန်ဆောင်သွေးဆိပ်တက်ခြင်း ဆိုသည်မှာ သားဦးကိုယ်ဝန်ဆောင်များတွင် ကိုယ်ဝန်ဆောင်ချိန် နောက်ဆုံး ၃ လတာကာလတွင် စတင်ဖြစ်ပွားကာ အခြေအနေ တဖြည်းဖြည်းဆိုးဝါးလာတတ်သော ရောဂါတမျိုးဖြစ်ပြီး ရောဂါလက္ခဏာများအနေနှင့် သွေးပေါင်ချိန် အလွန်အမင်းတက်ခြင်းနှင့် ဆီးအတွင်း ပရိုတိန်းဓာတ်ပါဝင်မှု များခြင်းတို့ကို တွေ့ရှိရပါသည်။ အဆိုးဝါးဆုံးအခြေအနေတွင် သွေးနီဥများ ပျက်စီးခြင်း၊ သွေးထွက်လျှင် သွေးတိတ်အောင် လုပ်ပေးသည့် ဓာတ်ပစ္စည်းများ လျော့နည်းကျဆင်းခြင်း၊ အသည်းနှင့် ကျောက်ကပ်၏ လုပ်ငန်းဆောင်တာများ ယိုယွင်းခြင်း၊ ခန္ဓာကိုယ် ယောင်ယမ်းခြင်း၊ အဆုတ်အတွင်း အရည်များစုခြင်းကြောင့် အသက်ရှူကျပ်ခြင်းနှင့် အမြင်အာရုံချွတ်ယွင်းခြင်းတို့ကို ဖြစ်စေတတ်သောကြောင့် မပေါ့သင့်ပါ။ ဤရောဂါသည် မိခင်ရော သန္ဓေသားကိုပါ ထိခိုက်စေပြီး မကုသဘဲထားပါက ကလေးမီးဖွားစဉ် အကြောဆွဲ သတိလစ်မေ့မြောခြင်း၊ အသက်ဆုံးရှုံးခြင်းတို့ ဖြစ်စေနိုင်ပါသည်။

အဝလွန်မိခင်များ၊ သွေးတိုးရောဂါအခံရှိသူများ၊ သက်ကြီးကိုယ်ဝန်ဆောင်များ၊ ဆီးချိုရှိသူများတွင် အဓိက ဖြစ်လေ့ဖြစ်ထရှိသော်လည်း သားဦးအမွှာ ကိုယ်ဝန်ဆောင်မိခင်များတွင် ပိုမိုကြုံတွေ့ခံစားရတတ်ပါသည်။ မိခင်နှင့် သန္ဓေသားအကြား ဆက်သွယ်ထားသည့် အချင်းတိုင်တွင် သွေးကြောယှက်ဖြာမှု ပုံမမှန်ခြင်းသည် ရောဂါ၏ အရင်းခံ အကြောင်းဖြစ်ပါသည်။ ရောဂါလက္ခဏာများကို ကလေးမီးမဖွားမီ စစ်ဆေးတွေ့ရှိရလေ့ရှိပြီး ကလေးမီးဖွားပြီးနောက်တွင်မှ ဖြစ်ပေါ်ခြင်းမျိုးသည် ရှားပါးပါသည်။ ယနေ့ခေတ်တွင် ကိုယ်ဝန်ဆောင်မိခင်လောင်းတိုင်းကို သွေးပေါင်ချိန်တိုင်းခြင်းနှင့် ဆီးအတွင်း ပရိုတိန်းပါဝင်မှု အနည်းအများကို စဉ်ဆက်မပြတ် စစ်ဆေးနေခြင်းဖြင့် ရောဂါဖြစ်လာနိုင်ခြေ ရှိ၊ မရှိ ကြိုတင် သိရှိနိုင်ပြီ ဖြစ်ပါသည်။

ရောဂါဖြစ်ရန် အလားအလာရှိသူများကို အက်စ်ပရင်ဆေး ကျွေးခြင်း၊ ထုံးဓာတ်ချို့တဲ့ရာဒေသများတွင် နေထိုင်သူများကို ကယ်လ်စီယမ်အားဖြည့်ဆေးများ သောက်သုံးစေခြင်း၊ သွေးတိုးရောဂါ အခံရှိသူများကို သွေးတိုးကျဆေးများပေးခြင်းတို့ဖြင့် ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ပါသည်။ ကိုယ်ဝန်ဆောင်သွေးဆိပ်တက်ရောဂါ ဖြစ်ပေါ်ခံစားရသော ကိုယ်ဝန်ဆောင်များအတွက် ကလေးမီးဖွားကာ အချင်းတိုင်ကို ဖယ်ထုတ်ပစ်ခြင်းသည်သာ အကောင်းဆုံးကုသမှု ဖြစ်သဖြင့် ရောဂါဆိုးဝါးမှု အခြေအနေနှင့် ကိုယ်ဝန်အနုအရင့် ကိုကြည့်၍ စောနိုင်သမျှ စောစော မီးဖွားစေသင့်ပါသည်။ အခြေအနေဆိုးသူများတွင် မဂ္ဂနီဆီယမ်ဆာလဖိတ်ဆေးများ ပေးကာ ကလေးမီးဖွားစဉ် အကြောဆွဲ သတိလစ် အသက်ဆုံးရှုံးမှု မဖြစ်အောင် ကာကွယ်နိုင်ပါသည်။

ကမ္ဘာတလွှား ကိုယ်ဝန်ဆောင်များတွင် ဤရောဂါ ကြုံတွေ့ခံစားရသူ ၂ မှ ၈% ရှိနေပြီး ကိုယ်ဝန်ဆောင်မိခင်များ အသက်ဆုံးရှုံးရသော အကြောင်းရင်းများအနက် သွေးပေါင်ချိန် အလွန်အမင်းတက်ခြင်း၏ နောက်ဆက်တွဲ ဝေဒနာများကြောင့် အဖြစ်များဆုံး ဖြစ်ပါသည်။ ၁၉၉၀ တွင် အသက်ဆုံးရှုံးမှု ၃၇၀၀၀ ရှိခဲ့သော်လည်း ၂၀၁၃ တွင် ၂၉၀၀၀ အထိ ကျဆင်းသွားခဲ့ပါသည်။ ကိုယ်ဝန်သက်တမ်း ၈လကျော်မှသာ ရောဂါလက္ခဏာ ပြလေ့ရှိသော်လည်း ထို့ထက်စောစော ဖြစ်ပေါ်ပါက အခြေအနေ ပိုမိုဆိုးဝါးသွားတတ်ပါသည်။

မျက်နှာနှင့် လက်များရောင်ရမ်းခြင်းကို ကိုယ်ဝန်ဆောင်သွေးဆိပ်တက်ရောဂါ လက္ခဏာအဖြစ် ယူဆခဲ့ကြသော်လည်း ကိုယ်ဝန်ဆောင်မိခင်လောင်းတိုင်း အပျိုဘဝကထက် ဖောသွပ်သွပ် ဖြစ်လာလေ့ရှိသဖြင့် ထိုသို့ တရားသေ မယူဆကြတော့ပါ။ မျက်နှာ၊ ခြေဖမိုး၊ လက်ဖမိုးများ ဖောယောင်လာကာ ဖိနှိပ်ပြီး ပြန်ကြွချိန်တွင် ပြန်မဖောင်းတော့သော အခြေအနေမျိုးကိုမူ အထူးဂရုစိုက်ကာ ဆရာဝန်နှင့် တိုင်ပင် ကုသရမည် ဖြစ်ပေသည်။ ကိုယ်ဝန်ဆောင်တိုင်း ထူးခြားအခြေအနေမျိုးစုံ ကြုံတွေ့ရလေ့ ရှိခြင်းကြောင့် တတ်ကျွမ်းသူ ဆရာဝန်များနှင့် မပြသဘဲ မိမိထင်ရာ မလုပ်သင့်ပါ။

ရောဂါဖြစ်ရခြင်း အဓိက အကြောင်းရင်းကို အတိအကျ မသိရသေးသော်လည်း အောက်ပါအချက်များကို ယေဘူယျသဘော မှတ်ယူနိုင်ပါသည်။

  • အချင်းတိုင်ဖွဲ့တည်မှု ပုံမမှန်ခြင်း
  • ခန္ဓာကိုယ် ခုခံအားစနစ်
  • သွေးတိုးရောဂါရှိသူများ၊ အဝလွန်သူများနှင့် ရောဂါဖြစ်မှု မျိုးရိုးရှိသူများ
  • ထုံးဓာတ်(ကယ်လ်စီယမ်)ချို့တဲ့ရာ ဒေသတွင် နေထိုင်သူများ
  • လေထုညစ်ညမ်းခြင်း စသော သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးရာ ဒေသတွင် နေထိုင်သူများ
  • ကလေးမီးမဖွားဖူးသေးသူ သားဦးကိုယ်ဝန်ဆောင်များ
  • ကိုယ်ဝန်ဆောင်ချိန်တွင် အသက် ၃၅ နှစ် ကျော်နေသူများ
  • အမွှာကိုယ်ဝန်ဆောင်များ
  • ကျောက်ကပ် ရောဂါရှိသူများ၊ ကျောက်ကပ်တစ်လုံး ခွဲစိတ်ထုတ်ထားပြီးသူများ

သွေးတိုးရောဂါ နာတာရှည် ဖြစ်ပွားခံစားနေသူများသည် သာမန်ကိုယ်ဝန်ဆောင်တို့ထက် ရောဂါဖြစ်နိုင်ခြေ ၇၊ ၈ ဆ ပိုမိုများပါသည်။ ရောဂါ၏အရင်းခံအကြောင်း အတိအကျကို မသိရသေးသော်လည်း ရောဂါဖြစ်နိုင်ခြေများသူများတွင် အချင်းတိုင်ဖွဲ့တည်မှု ပုံမမှန်ဖြစ်ခြင်းသည် အဓိက အကြောင်းရင်း ဖြစ်ကြောင်းကိုမူ ခိုင်လုံသော အထောက်အထားများ တွေ့ရှိထားရပြီး ဖြစ်ပါသည်။ အချင်းတိုင်ဖွဲ့တည်မှု ပုံမမှန်ခြင်းကြောင့် အချင်းတိုင်သွေးကြောများအတွင်း သွေးစီးဆင်းမှု မကောင်းကာ ကျင်ငယ်ရည်နှင့် သားအိမ်တွင်းအရည်များ စွန့်ထုတ်မှု အားနည်းစေခြင်းကြောင့် ကိုယ်တွင်းအင်္ဂါများ အောက်ဆီဂျင်ချို့တဲ့ပြီး ဖိစီးမှုကြုံတွေ့ကာ သန္ဓေသားပရိုတိန်းကို တုံ့ပြန်တွန်းလှန်သည့် ဓာတ်များနှင့် ရောင်ရမ်းမှုဖြစ်စေသည့် ဓာတုပစ္စည်းများကို အချင်းတိုင်အတွင်းသို့ ထုတ်လွှတ်စေပါသည်။ သန္ဓေသားအား ပြင်ပမှ ကျူးကျော်ဝင်ရောက်လာသည့် အရာအဖြစ် ခန္ဓာကိုယ် ခုခံအားစနစ်က လက်မခံ တွန်းလှန်ခြင်းသည် အချင်းတိုင်ဖွဲ့တည်မှု ပုံမမှန်ခြင်း၏ အကြောင်းရင်းဖြစ်ပါသည်။ အကျိုးဆက်အနေဖြင့် သွေးပေါင်ချိန် အလွန်အမင်းတက်ခြင်းနှင့် အခြားနောက်ဆက်တွဲ ဝေဒနာများ ဖြစ်ပေါ်ခံစားရပါတော့သည်။

ရောဂါမဖြစ်အောင် ကာကွယ်ခြင်း[ပြင်ဆင်ရန်]

ရောဂါဖြစ်ပွားရခြင်း အကြောင်းရင်းကို အတိအကျ မသိရသေးသောကြောင့် ကာကွယ်နိုင်စရာနည်းမျိုးစုံ ကြံဆခဲ့စေကာမူ အောင်မြင်မှု မရသေးပါ။ ထုံးဓာတ်(ကယ်လ်စီယမ်)ချို့တဲ့ရာ ဒေသတွင် နေထိုင်သူများအနက် ရောဂါဖြစ်ရန် အလားအလာများသူများကို ကယ်လ်စီယမ်အားဖြည့်ဆေးများ သောက်သုံးစေသင့်ပါသည်။ ရောဂါ ဖြစ်နိုင်ခြေ မြင့်သူ ကိုယ်ဝန်ဆောင်များကို အက်စ်ပရင်ဆေး တိုက်ကျွေးခြင်းဖြင့် ရောဂါဖြစ်မှု၊ လမစေ့ဘဲ ကလေးမွေးဖွားမှုတို့ကို ၅% အထက် လျော့ကျစေကြောင်း တွေ့ရှိရပါသည်။ ရောဂါအလားအလာရှိသူများတွင် ကိုယ်ဝန်မရရှိမီ ၂၀ ပတ်ခန့်ကြိုတင်၍ အက်စ်ပရင်ဆေး အနည်းအကျဉ်း တိုက်ကျွေးသင့်ကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက တိုက်တွန်းထားပါသည်။ ကိုယ်ဝန်ဆောင်ချိန်တွင် ကိုယ်လက်လှုပ်ရှားမှုပြုခြင်း၊ သို့မဟုတ် အိပ်ရာထဲတွင်သာ နားနားနေနေနေခြင်း မည်သည်က ရောဂါမဖြစ်အောင် ကာကွယ်နိုင်ကြောင်း ခိုင်လုံသော အထောက်အထား မတွေ့ရှိရသေးပါ။

ရောဂါဖြစ်နိုင်ခြေနည်းသူ ကိုယ်ဝန်ဆောင်များတွင် စီးကရက်သောက်ခြင်းဖြင့် ရောဂါဖြစ်ပွားမှုကို လျော့ကျစေကြောင်း အံ့ဩဖွယ် တွေ့ရှိရသော်လည်း ရောဂါဖြစ်နိုင်ခြေများသူများတွင်မူ စီးကရက်သောက်သော်လည်း အကြောင်းမထူးပါ။ သို့သော် စီးကရက်သောက်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးထက် မိခင်ရော သန္ဓေသားနှစ်ဦးလုံး၏ ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေမှုက ပိုများသောကြောင့် ကိုယ်ဝန်မဆောင်မီ၊ ဆောင်စဉ်နှင့် မီးဖွားပြီး ကာလအတွင်း စီးကရက်သောက်ခြင်းကို ရှောင်ကြဉ်သင့်ပါသည်။

ကုသခြင်း[ပြင်ဆင်ရန်]

ကလေးမီးဖွားကာ သန္ဓေသားနှင့် အချင်းတိုင်ကို မိခင်၏ ခန္ဓာကိုယ်ပြင်ပသို့ ထုတ်ပစ်ခြင်းသည်သာ အထိရောက်ဆုံးကုသမှုဖြစ်ပါသည်။ ကိုယ်ဝန်အနုအရင့်နှင့် ရောဂါအခြေအနေကို ခြင့်ချိန်ကာ စောနိုင်သမျှ စောစော မီးဖွားစေသင့်ပါသည်။

ကိုယ်ဝန်ဆောင်ချိန် သွေးပေါင်ချိန် အလွန်အမင်း မြင့်တက်နေသူများကို သွေးတိုးကျဆေးများ တိုက်ကျွေးရမည် ဖြစ်ပါသည်။ မည်သည့် သွေးတိုးကျဆေးက အကောင်းဆုံးဟု မပြောနိုင်နိုင်သောကြောင့် ဆေး၏ကုန်ကျစရိတ်နှင့် အလွယ်တကူ ဝယ်ယူရရှိနိုင်မှုတို့ကို စဉ်းစားခြင့်ချိန်ရမည် ဖြစ်ပေသည်။ သာမန်သွေးတိုးရောဂါရှင်များအတွက် ဆီးရွှင်ဆေးများသည် သွေးပေါင်ချိန်လျော့ကျစေသော်လည်း ကိုယ်ဝန်ဆောင်သွေးဆိပ်တက်ရောဂါကြောင့် သွေးပေါင်ချိန်တက်ခြင်းအပေါ်မူ အာနိသင် မရှိလှပါ။ ရောဂါဆိုးဝါးသူများတွင် နှလုံးသွေးကြော၊ ဦးနှောက်သွေးကြောနှင့် ကျောက်ကပ် မထိခိုက်၊ မပျက်စီးရအောင် ကာကွယ်ကုသရပါသည်။

အခြေအနေ ဆိုးဝါးသူမိခင်လောင်းများကို မီးမဖွားမီနှင့် မီးဖွားအပြီးတွင် မဂ္ဂနီဆီယမ်ဆာလဖိတ်ဆေးများ ပေးကာ အကြောဆွဲ သတိလစ် အသက်ဆုံးရှုံးမှု မဖြစ်အောင် ကာကွယ်နိုင်ပါသည်။

ရောဂါ ပျံ့နှံ့ဖြစ်ပွားမှု[ပြင်ဆင်ရန်]

ကမ္ဘာတလွှား ကိုယ်ဝန်ဆောင်များ၏ ၂-၈% ခန့်သည် ဤရောဂါ ကြုံတွေ့ ခံစားရလျှက် ရှိပါသည်။ ကိုယ်ဝန်သက်တမ်း ၆ လအကြာတွင် ရောဂါ အစပျိုးလေ့ရှိကြပြီး အများစုမှာ ၈ လအကြာတွင် စတင်ဖြစ်ပွားကြကာ ကိုယ်ဝန်သက်တမ်းနုချိန် ၂၀ ပတ်အကြာတွင် စတင်ဖြစ်ပေါ်မှုမျိုးမှာမူ ရှားပါးပါသည်။ အချို့မှာမူ မီးဖွားပြီးမှသာ စတင်ရောဂါဖြစ်တတ်ကြပါသည်။

ကိုယ်ဝန်ဆောင် သွေးဆိပ်တက်ခြင်းသည် မိခင်နှင့် သန္ဓေသား၏ ကျန်းမာရေးနှင့် အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသော အဓိကပြဿနာ တစ်ရပ် ဖြစ်ပါသည်။ အာရှ၊ အာဖရိကရှိ မိခင်လောင်းများအသက်ဆုံးရှုံးရမှု ဆယ်ပုံတစ်ပုံနှင့်၊ လက်တင်အမေရိကန် မိခင်လောင်းများအသက်ဆုံးရှုံးရမှု လေးပုံတစ်ပုံသည် သည် ကိုယ်ဝန်ဆောင် သွေးဆိပ်တက်၍ သွေးပေါင်ချိန်တက်ခြင်း၏ နောက်ဆက်တွဲ ရောဂါများကြောင့်ဖြစ်ပါသည်။ မိသားစုအတွင်း ရောဂါရာဇဝင်မရှိသူအမျိုးသမီးများတွင် နောက်အိမ်ထောင်ဖြင့် ကလေးထပ်ယူခြင်း သည်လည်း ရောဂါဖြစ်ရခြင်း အကြောင်းရင်းတစ်ရပ် ဖြစ်ပါသေးသည်။

ကိုယ်ဝန်ဆောင်ချိန် ဤရောဂါ ကြုံတွေ့ ခံစားရသူများသည် မီးဖွားချိန်တွင် အကြောဆွဲ သတိလစ် မေ့မြောခြင်းဖြစ်ပေါ်တတ်ပါသည်။ မိခင်လောင်း ၁၀၀၀ တွင် ၀.၅၆ ယောက်သည် ထိုသို့ဖြစ်တတ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖွံ့ဖြိုးပြီးနိုင်ငံများထက် ၁၀-၃၀ ဆပိုမိုဖြစ်တတ်ပါသည်။

ရောဂါ သုတေသနများ[ပြင်ဆင်ရန်]

သန္ဓေသားနှင့် အချင်းတိုင်တွင် တည်ရှိနေသည့် ဖခင်ထံမှဆက်ခံရရှိသော ဗီဇများအပေါ် မိခင်၏ ကိုယ်ခံအားစနစ်က လက်သင့်မခံ တွန်းလှန်တိုက်ခိုက်ခြင်းသည် ရောဂါ၏ အရင်းခံ အကြောင်းရင်းဖြစ်ကြောင်း သုတေသနများက ပြဆိုနေပါသည်။ ကိုယ်ဝန်မယူမီ ဖခင်၏ သုက်ရည်နှင့် မိခင် ခန္ဓာကိုယ် နှစ်ရှည်လများ ပုံမှန်ထိတွေနေခဲ့ခြင်းသည် ရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ကြောင်း နောက်ထပ်လေ့လာမှုများအရ သိရှိလာရပါသည်။ လိင်ဆက်ဆံမှုကာလတို(၄ လအောက်)ဖြင့် ကိုယ်ဝန်ရရှိလာသူများ၊ ကိုယ်ဝန်တားရန် ကွန်ဒုံးအကာအကွယ်ဖြင့် လိင်ဆက်ဆံခဲ့ကြသူများသည် တစ်နှစ်အထက် အကာအကွယ်မဲ့ လိင်ဆက်ဆံခဲ့ကြသူ မောင်နှံများထက် ရောဂါဖြစ်ရန် အလားအလာ သိသိသာသာ ပိုမိုများပြားကြောင်း အမျိုးသမီးရာပေါင်းများစွာကို လေ့လာသုတေသနပြုချက်များအရ တွေ့ရှိရသည်ဟု အမေရိကန် သားဖွား၊မီးယပ်ဆရာဝန်များအသင်းထုတ် ဂျာနယ်တစ်စောင်တွင် ရေးသားဖော်ပြထားပါသည်။ ဤလေ့လာတွေ့ရှိချက်များသည် ဓမ္မဓိဋ္ဌာန် မကျကြောင်း၊ ဘက်လိုက်စဉ်းစားကာ အချက်အလက်များကို လိုရာဆွဲတင်ပြထားကြောင်း ဝေဖန်မှုများ ရှိခဲ့သော်လည်း ဖခင်၏မျိုးရိုးဗီဇများနှင့် မိခင်၏ခန္ဓာကိုယ်ခုခံအားစနစ် သဟဇာတဖြစ်မှုသည် ကိုယ်ဝန်မယူမီ မိခင်၏ခန္ဓာကိုယ်နှင့် ဖခင်သုက်ရည် ထိတွေ့မှုများခဲ့ခြင်းနှင့် ခိုင်မာစွာ ဆက်စပ်မှုရှိကြောင်း အထင်အရှား ပြဆိုနေပါသည်။ သုက်ရည်တွင်ပါဝင်သည့် ဓာတ်အချို့သည် အမျိုးသမီးခန္ဓာကိုယ်တွင်း စိမ့်ဝင်သွားပြီး ခန္ဓာကိုယ်ခုခံအားစနစ်နှင့် တဖြည်းဖြည်း ယဉ်ပါးသွားကာ နောင်ကိုယ်ဝန်ဆောင်ချိန်တွင် ဖခင်၏မျိုးရိုးဗီဇများနှင့် မိခင်၏ခန္ဓာကိုယ်ခုခံအားစနစ် ပဋိပက္ခနည်းကာ ရောဂါမဖြစ်အောင် ကာကွယ်ပေးကြောင်း တွေ့ရှိရပါသည်။

ကိုယ်ဝန်ဆောင် သွေးဆိပ်တက်ရောဂါသည် သားဦး ကိုယ်ဝန်ဆောင်ချိန်တွင်သာ အဖြစ်များတတ်သော်လည်း နောက်အိမ်ထောင်ဖြင့် နောက်ထပ်ကိုယ်ဝန်ထပ်ယူသူ အမျိုးသမီးများတွင် နောက်အိမ်ထောင်၏ သုက်ရည်နှင့် ထိတွေ့မှုနည်းသေးပါက နောက်ပိုင်းကိုယ်ဝန်များတွင်လည်း ရောဂါဖြစ်တတ်ပါသည်။ လိင်ဆက်ဆံဖော် ပြောင်းလေ့ရှိသူ အမျိုးသမီးများတွင် လိင်မှတဆင့်ကူးစက်သော ရောဂါများကာကွယ်ရန် ကွန်ဒုံးအကာအကွယ်သုံးရမည်ဖြစ်သော်လည်း တစ်ဦးနှင့်တစ်ဦး သစ္စာခိုင်မြဲပြီး၊ ကလေးယူရန်ရည်ရွယ်ထားသူ မောင်နှံတို့မှာမူ သဘာဝအတိုင်း ပေါင်းဖော်ဆက်ဆံမှု ကာလတစ်ခု ရှိထားခဲ့ခြင်းသည် ကိုယ်ဝန်ဆောင် သွေးဆိပ်တက်ရောဂါ ကာကွယ်ရန် အထောက်အကူ ရစေပါသည်။

အမျိုးသားထံမှ သွေးသွင်းမှု ခံယူထားသူ အမျိုးသမီးများ၊ ပဋိသန္ဓေတားဆေးများသုံးကာ ကာလရှည် အကာကွယ်မဲ့လိင်ဆက်ဆံသူ ဇနီးသည်များ၊ ယောက်ျားအင်္ဂါကို ပါးစပ်ဖြင့် လိင်ဆက်ဆံမှု ပုံမှန်ပြုလုပ်သူ အမျိုးသမီးများသည် ရောဂါဖြစ်ပွားမှု နည်းပါးကြောင်း၊ သန္ဓေသား၏ human leukocyte antigen ခေါ် HLA မော်လီကျူးများနှင့် ယဉ်ပါးမှုရလာခြင်းသည် အရေးကြီးဆုံး အချက်ဖြစ်ကြောင်း နောက်ထပ်လေ့လာမှုများအရ ထပ်မံ သိရှိလာရပါသည်။ ၎င်း HLA မော်လီကျူးများသည် သုက်ရည်တွင်ပျော်ဝင်နေပြီး သုက်ရည်နှင့် ပုံမှန်ထိတွေ့မှု၊ အထူးသဖြင့် ပါးစပ်ဖြင့် လိင်ဆက်ဆံမှုပြုချိန်တွင် ထိတွေ့မှုများကြောင့် ၎င်းယဉ်ပါးမှုကို ရရှိစေပါသည်။ မိခင်၏ ကိုယ်ခံအားစနစ်တုံ့ပြန်မှုများကို ထိန်းညှိနိုင်သော ဓာတ်ပစ္စည်း ၉၃ မျိုးအထိ ရှာဖွေတွေ့ရှိလာခြင်းကြောင့် ထိုအယူအဆ ပိုမိုခိုင်မာလာစေပါသည်။

သန္ဓေသားတွင်တည်ရှိနေသော ဖခင်၏ဗီဇများနှင့် မိခင်၏ကိုယ်ခံအားစနစ် သဟဇာတဖြစ်မှု/ပဋိပက္ခဖြစ်မှု တို့သည် ကိုယ်ဝန်ဆောင် သွေးဆိပ်တက်ရောဂါနှင့် ဆက်စပ်မှု ရှိကြောင်း ပညာရှင်များ သတိပြုမိလာကြကာ နယ်သာလန်နိုင်ငံရှိ မျိုးဆက်ပွားဇီဝဗေဒ သိပ္ပံပညာရှင်များက နောက်ထပ်သုတေသနများ ထပ်မံလုပ်ဆောင်ကြပြန်ပါသည်။ ခန္ဓာကိုယ်တွင်းသို့ ပါးစပ်မှတဆင့်ဝင်ရောက်သော အရာများကို အခြားနေရာများမှ ဝင်ရောက်သည်ထက် ခုခံအားစနစ်က ပိုမိုလက်သင့်ခံနိုင်သည့်အချက်ကိုသုံးသပ်၍ အမျိုးသမီးများစွာကို သုတေသန ပြုလုပ်ကြပါသည်။ ထိုသုတေသနအရ ယောက်ျားအင်္ဂါကို ပါးစပ်ဖြင့် လိင်ဆက်ဆံမှု ပုံမှန်ပြုလုပ်သူ အမျိုးသမီးများတွင် ရောဂါဖြစ်မှုနည်းကြောင်းနှင့်၊ အထူးသဖြင့် ထိုသို့လုပ်ဆောင်ပြီးနောက် သုက်ရည်ကို မျိုချလေ့ရှိသူများတွင် မရှိသလောက်ရှားကြောင်း ထင်ရှားစွာ တွေ့ရှိလာရပါသည်။ မည်သည့်နည်းလမ်းနှင့်မဆို သုက်ရည်နှင့် ထိတွေ့မှုများသူ အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်ချိန်တွင် ဖခင်၏ဗီဇများနှင့် သူမ၏ကိုယ်ခံအားစနစ် ပဋိပက္ခဖြစ်မှုကြောင့် ဖြစ်ပွားသည့် နောက်ဆက်တွဲ ရောဂါများခံစားရခြင်း နည်းသော်လည်း သုက်ရည်ကိုမျိုချခြင်းဖြင့် ခန္ဓာကိုယ်တွင်းသို့ အစာအိမ်၊ အူလမ်းကြောင်းမှတဆင့် ဝင်ရောက်စေခြင်းဖြင့် အကျိုးကျေးဇူးရရှိမှု အလျင်မြန်ဆုံးဖြစ်ကြောင်း တွေ့ရှိရပါသည်။ ပါးစပ်ဖြင့် လိင်ဆက်ဆံမှု ပုံမှန်ပြုလုပ်သူ အမျိုးသမီးများသည် အခြားလိင်ဆက်ဆံမှု ပုံစံများကိုလည်း ပြုလုပ်မှု များလိမ့်မည်ဟု ကောက်ချက်ဆွဲနိုင်ခြင်းကြောင့် ကိုယ်ဝန်မယူမီ သုက်ရည်နှင့် မည်သည့်နည်းလမ်းနှင့်မဆို ထိတွေ့မှုများစေခြင်းဖြင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် ကိုယ်ဝန်ဆောင်ချိန် ခံစားရတတ်သောရောဂါများ ကာကွယ်နိုင်မည်ဟု သုံးသပ်နိုင်ပါသည်။

ကိုယ်ဝန်ဆောင် သွေးဆိပ်တက်ခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်းများကြုံတွေ့ရသော အိမ်ထောင်များ၏ လင်ယောက်ျားများကို ဩစတြေးလျနိုင်ငံ အက်ဒီလိပ်တက္ကသိုလ်က သုတေသနပြု လေ့လာခဲ့ပြီး ၎င်းတို့၏ သုက်ရည်များတွင် အမျိုးသမီးများ၏ ကိုယ်ခံအားစနစ်ကို ချိန်ညှိပေးနိုင်သော TGF-Beta စသည့် ဓာတ်ပစ္စည်းများ ပါဝင်မှု နည်းကြောင်းတွေ့ရှိရပါသည်။ ထိုယောက်ျားများနှင့် ကိုယ်ဝန်ရရှိသူ အမျိုးသမီးများသည် ကိုယ်ဝန်ဆောင် သွေးဆိပ်တက်ခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်းများကြုံတွေ့ရန် အလားအလာ အဆများစွာ မြင့်မားခြင်းကြောင့် သူတို့ကို "အန္တရာယ်ရှိ ယောက်ျားများ" ဟုထိုသုတေသနအဖွဲ့က ခေါ်ဝေါ်သမုတ်ခဲ့ပါသည်။

ကိုယ်ဝန်ဆောင် သွေးဆိပ်တက်ခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်းများတစ်ကြိမ်မက ကြုံတွေ့ရသူ အမျိုးသမီးများသည် TGF-Beta ပါဝင်သည့်ဆေးများသောက်သုံးခြင်း၊ ၎င်းပါဝင်သည့် ချောဆီလိမ်းဆေးများကို လိင်မဆက်ဆံမီ အမျိုးသမီးအင်္ဂါတွင်း ကြိုတင်သုတ်လိမ်းပေးခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။